
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မျှစ်ရှာသွားသည့် ဒေသခံအမျိုးသမီးတစ်ဦး ယနေ့ (စက်တင်ဘာ ၁၈) မနက်က မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပလက်ဝမြို့ပေါ်မြို့မရပ်ကွက်နေ အမျိုးသမီးသုံးဦးသည် ယနေ့မနက် ၉ နာရီခွဲခန့်က မြို့အရှေ့ဘက်ရှိ ပလက်ချောင်းအနီးသို့ မျှစ်ရှာသွားကြစဉ် ရှေ့ဆုံးမှ သွားနေသည့် ၄၃ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်မေနုသိန်းမှာ မိုင်းထိသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု RRCCI အဖွဲ့ဝင် ကိုအိုက်ထွန်းမင်းက ပြောသည်။
“မနက် ၁၁ နာရီလောက်မှာ အလောင်းကို သွားသယ်နိုင်ခဲ့တယ်။ အခု (အလောင်းက) ပလက်ဝဆေးရုံရင်ခွဲရုံကို ရောက်နေပြီ” ဟု ကိုအိုက်ထွန်းမင်းက ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ကျန်အမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာမရသော်လည်း နှလုံးရောဂါအခံရှိသူတစ်ဦးမှာ ပေါက်ကွဲသံကြောင့် အမောဖောက်ပြီး ပလက်ဝဆေးရုံတွင် ကုသမှုခံယူနေရသည်ဟု ကိုအိုက်ထွန်းမင်းက ပြောသည်။
မိုင်းပေါက်ကွဲပြီးနောက် မိနစ်အနည်းငယ်ကြာအောင် ပစ်ခတ်သံများ ထပ်မံကြားရသော်လည်း မည်သည့်နေရာမှ ပစ်ခတ်နေသည်ကို မသိရကြောင်း ကိုအိုက်ထွန်းမင်းက ဆိုသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ဖြစ်စဉ်အသေးစိတ်ကို မသိရသေးသော်လည်း မျှစ်ရှာသွားသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ကို အတည်ပြုသည်။
ပလက်ဝမြို့သည် ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲဧရိယာ၏ အလယ်တွင်ရှိသည်။ သေနတ်ပစ်ခတ်မှု၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ မိုင်းနင်းမိမှုများကြောင့် ဒေသခံများ မကြာခဏ သေဆုံးလျက်ရှိနေသည်။
ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးသူအရပ်သား ၄၀ ကျော်၊ ဖမ်းဆီးခံရသူ ၁၂ ဦး၊ ပျောက်ဆုံးသူ ၂၀ ကျော်နှင့် နေအိမ်ပေါင်း ၁၀၀ ကျော် မီးလောင်ခဲ့ကြောင်း RRCCI က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
ပလက်ဝမြို့နယ်တစ်ခုလုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိပြီး စစ်ရှောင်အရေအတွက် ၁၁,၀၀၀ နှင့် စစ်ဘေးသင့်သူအရေအတွက်မှာ ၂၀,၀၀၀ မှ ၆၀,၀၀၀ အထိရှိနေပြီး စားသောက်ကုန်ရိက္ခာများလည်း ခက်ခဲနေသည်။