ရွေးကောက်ပွဲ

မိတ္ထီလာတွင် ပြည်ခိုင်ဖြိုးပါတီက သာသနာ့အလံအသုံးပြု၍ မဲဆွယ်စည်းရုံး 

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အမျိုးသားရေးလှုပ်ရှားသူများ ကြီးစိုးခဲ့ရာ မိတ္ထီလာမြို့တွင် စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် သာသနာ့အလံအသုံးပြုခဲ့သဖြင့် တိုင်ကြားခံထားရသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့ မဲဆွယ်စည်းရုံးရေးတွင် ရာနှင့်ချီသော စီတန်းလှည့်လည်သူများအနက် အချို့သောသူများက သာသနာ့အလံများ ကိုင်ဆောင်ခဲ့ခြင်း၊ အရက်သေစာသောက်စားထားခြင်း၊ အခြားပါတီအမှတ်တံဆိပ် အသုံးပြုထားသူများကို ရန်စနှောင့်ယှက်ခြင်းများ ပြုခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရသည်။

“ဒီလိုဖြစ်ပျက်နေတယ်။ ပါတီတွေအကြားမှာ ပဋိပက္ခဖြစ်စေနိုင်တယ်။ ဒီလိုပဋိပက္ခမဖြစ်အောင်လို့ နောက်တစ်ခုက သူတို့ဘက်က ရန်စတာရှိတယ်လို့တော့ သတင်းတွေတက်လာတယ်။ ဒါကြောင့် တိုင်းရွေးကောက်ပွဲကော်မရှင်ကို ပဋိပက္ခနဲ့အဓိကရုဏ်းတွေ မဖြစ်ပေါ်စေဖို့ အကြောင်းကြားတာပါ” ဟု NLD ပါတီ၏ မန္တလေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုက Myanmar Now ကို ပြောသည်။

မိတ္ထီလာမြို့တွင် ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ စက်တင်ဘာ ၁၇ တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာမြို့တွင် ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်သူအချို့ အရက်သောက်နေသည့် ဓာတ်ပုံအထောက်အထားများ (ဓာတ်ပုံများ – ပေးပို့) 

NLD ပါတီ၏ တိုင်ကြားစာကို လက်ခံရရှိထားပြီး စေ့စပ်ညှိနှိုင်းဆောင်ရွက်ရန် မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးရှိန်ဝင်းက ပြောသည်။ 

“သူ့ပါတီ အလံမဟုတ်ရင် ထောင်ခွင့်မရှိပါဘူး” ဟု ၎င်းက ပြောသော်လည်း မည်သို့ အရေးယူဆောင်ရွက်မည်ကိုမူ အတိအကျ မသိရသေးပေ။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေတွင်မူ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရန် တားမြစ်ထားပြီး ဖောက်ဖျက်လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရုပ်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အတူ ဘာသာရေးကို နိုင်ငံရေးကိစ္စအတွက် အလွဲသုံးစားပြုသောအဖွဲ့အစည်းမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခွင့်ပင် မရှိစေရဟုလည်း ထိုဥပဒေတွင် ကန့်သတ်ထားသည်။ 

ရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင်လည်း နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန်၊ မပေးရန် ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း၊ ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းပြုသူ၊ အဖွဲ့အစည်းဝင်ဖြစ်သူများမှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ၊ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထားသည်။

အကယ်၍ ထိုသို့လုပ်ဆောင်ခဲ့ကြောင်း တိုင်ကြားမှုခံရလျှင် ရွေးကောက်ပွဲကော်မရှင်က စိစစ်သည့်အခါ ဟုတ်မှန်ကြောင်းပေါ်ပေါက်ပါက တရားမဲ့ပြုကျင့်မှုအဖြစ် သတ်မှတ်၍ ရွေးကောက်ခံပြီးဖြစ်သူကိုပင် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း အဆိုပါဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်းကို ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့က ဘာမှမသိတာ။ အပြင်အဖွဲ့က လုပ်သွားတဲ့အခါကျတော့ ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဦးစီးဦးဆောင်လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့က အဲဒီနေ့မှာ တစ်နေ့လုံး ရုံးထဲမှာ ရှိနေတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာနေကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က မေးမြန်းလာလျှင်လည်း ၎င်းတို့စီမံဆောင်ရွက်ခြင်းမဟုတ်သည်ကို ဖြေရှင်းမည်ဖြစ်ကြောင်းလည်း လက်ရှိလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းက ပြောသည်။ 

တစ်ကျော့ပြန်ကိုဗစ်နိုင်တင်းကပ်ရောဂါ ကျရောက်နေသောကြောင့် လူအင်အားပြမဲဆွယ်စည်းရုံးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် ပါတီဝင်များကို ညွှန်ကြားထားသည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက အဆိုပါစက်တင်ဘာ ၁၆ ရက်တွင် တစ်နိုင်ငံလုံးသို့ အွန်လိုင်းမှတဆင့် အသိပေးပြောကြားခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များ အပါအဝင် မိတ္ထီလာခရိုင် တစ်ခုလုံးတွင် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၈ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၁၄ ခုရှိပြီး နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်လောင်း ၇၃ ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မိတ္ထီလာခရိုင်ဆိုင်ရာ အချက်အလက်များ (Graphic – Myanmar Now) 

မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်အတွင်းက လူမျိုးရေးနှင့် ဘာသာရေးအခြေခံသော ပဋိပက္ခများဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးခဲ့ပြီး နောက်ပိုင်းတွင်လည်း အမျိုးသားရေးသမားများက မိတ္ထီလာနယ်ကို ဗဟိုချက်ထားလျက် ဘာသာရေးနှင့် လူမျိုးရေးလှုံ့ဆော်မှုများ ဖော်ဆောင်ခြင်းများ ရှိခဲ့သည်။ 

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရေးကာလတွင် မိတ္ထီလာသို့ ထိုစဉ်က နိုင်ငံတော်သမ္မတဖြစ်သူ ဦးသိန်းစိန်လာရောက်ခဲ့ပြီး နောက်တစ်နေ့ထုတ် အစိုးရသတင်းစာမျက်နှာဖုံးများတွင် ‘မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွှမ်းရမည်’ ဟု ဖော်ပြခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရခဲ့သော်လည်း မိတ္ထီလာတွင် ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့သည်။ ဇာတိမြေဖြစ်သည့် မိတ္ထီလာတွင် အပြတ်အသတ် ရှုံးခဲ့ရသည့်အတွက် ကြေကွဲရသည်ဟု ထိုစဉ်က NLD ပါတီဗဟိုအောင်နိုင်ရေးတာဝန်ခံတစ်ဦးဖြစ်သည့် ဦးဝင်းထိန်က သူ၏ ‘သံသရာတစ်ကွေ့’ စာအုပ်တွင် တခုတ်တရ ထည့်သွင်းရေးသားထားသည်။ 

“ဘာကြောင့် ရှုံးရတယ်ဆိုတာကို ဆန်းစစ်တဲ့အခါ သူတို့ဘက်က စည်းရုံးရေးအပြတ်အသတ်လုပ်ခဲ့လို့လို့ ကောက်ချက်ချမိပါတယ်။ သမ္မတလုပ်နေတဲ့ မောင်သိန်းစိန်က မိတ္ထီလာမြို့ကို စည်းရုံးရေးကာလမှာ သုံးကြိမ်တောင် ရောက်ခဲ့ပါတယ်” ဟု ဦးဝင်းထိန်က ရေးသားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော စာရင်းများအရ မိတ္ထီလာခရိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ခုနှစ်သိန်းကျော်ရှိသည့်အနက် တပ်မိသားစုဝင် မဲဆန္ဒရှင် တစ်သောင်းငါးထောင်ကျော် ပါဝင်နေသည်။ ထို့ပြင် မဲရုံပေါင်း ၁၀၆၉ ရုံရှိသည့်အနက် သီးသန့်တပ်မဲရုံ ၁၈ ခုနှင့် အရပ်သားမဲဆန္ဒရှင်များနှင့် ရောနှောနေသည့် မဲရုံ ၅ ခုရှိသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မိတ္ထီလာတွင် ပြည်ခိုင်ဖြိုးပါတီက တောင်ပြိုကမ်းပြိုနိုင်ခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာမောင်သင်းက ဆိုထားပြီး ပြိုင်ဆိုင်မှုပြင်းထန်မည့် ရွေးကောက်ပွဲဖြစ်ကာ ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဟု မိတ္ထီလာမြို့နယ် NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဒေါက်တာဝင်းစိုးဦးက ပြောကြားထားသည်။

၎င်းတို့နှစ်ဦးသည် မိတ္ထီလာနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများဖြစ်ပြီး ပြည်ခိုင်ဖြိုးနှင့် NLD ပါတီ၏ အဓိကပြိုင်ဘက်များဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါက်တာဝင်းစိုးဦး ရှုံးနိမ့်ခဲ့သည်။

Show More

Related Articles

Back to top button