
အသက် ၁၃ နှစ်အရွယ်သာရှိသေးသူ မောင်သန်းထိုက်ဝင်းမှာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မရှိသေးသည့်အရွယ်ဖြစ်သည်။ သို့သော် နိုဝင်ဘာလဆန်းတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲကြောင့် သူ၏ပန်းရောင်းအလုပ် ပိုသွက်လာသည်ကို သတိထားမိခဲ့သည်။
ရပ်ကွက်များအတွင်း စက်ဘီးတစ်စီးဖြင့် လှည့်လည်ကာ ပန်းရောင်းခြင်းဖြစ်သည်။ အော်လံအသေးစားလေးဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အောင်နိုင်ရေးသီချင်းဖွင့်ရင်း ပိုပြီးပန်းရောင်းကောင်းလာသည်ကို မောင်သန်းထိုက်ဝင်း သတိပြုမိလာသည်။
တရားဝင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ စတင်ပြီး နောက်တစ်ရက်မှစ၍ ပန်းရောင်းကောင်းလာကြောင်း သတိထားမိခဲ့သည်။ ပန်းဝယ်သူများက ပိုငွေ ပြန်မအမ်းခိုင်းဘဲ ပေးသွားခြင်း၊ ပန်းမဝယ်သော်လည်း သီချင်းဖွင့်ပြခိုင်း၍ မုန့်ဖိုးပေးခြင်းများအပြင် ပန်းရောင်းကောင်းသဖြင့် အိမ်ကို စောစောပြန်လာနိုင်သည်ဟုလည်း လူကောင်သေးသေးနှင့် အသားညိုညက်ညက်ရှိသူ မောင်သန်းထိုက်ဝင်းက ပြောသည်။
ပန်းရောင်းကောင်းသဖြင့် NLD ပါတီအောင်နိုင်ရေးသီချင်း ၂၈ ပုဒ်အထိ စုဆောင်းထားသည်။ စက်ဘီးလက်ကိုင်တွင် သီးချင်းဖွင့်ရန် အော်လံအသေးစားလေး တပ်ဆင်ထားသည်။ စက်ဘီးနောက်ထိုင်ခုံတွင် ပန်းများကို နှစ်ပေကျော်ကျော် တန်းလေးများဖြင့် ချိတ်ကာ နီးစပ်ရာရပ်ကွက်များအတွင်း လှည့်လည်ရောင်းချသည်။
ရန်ကုန် ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်များရှိ ရပ်ကွက်ငါးခုတွင် နေ့စဉ် နံနက် ၅ နာရီခွဲနှင့် ညနေ ၃ နာ ရီခန့်အထိ တစ်နေ့နှစ်ကြိမ် ပုံမှန်ပန်းရောင်းထွက်လေ့ရှိသည်။ အတွေ့အကြုံရှိ ပန်းသည်ကြီးတစ်ဦးလို ယုံကြည်မှုရှိလာသည်။ ပုံမှန်အားပေးသူ ဖောက်သည်များပင် ရှိလာသည်။
သို့သော် ပန်းစရောင်းပြီး လေးရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၁၂ ရက်နေ့တွင် သူဖွင့်သောသီချင်းကြောင့် အသက် ၆၀ အရွယ် လူကြီးတစ်ဦးက သူ့ကို အကြောင်းမဲ့ရိုက်နှက်ခဲ့သည်။
ထိုနေ့ ညနေ ၅ နာရီခန့်တွင် သူရောင်းနေကျ သာကေတမြို့နယ် အနော်မာ ၁၇ လမ်းသို့ ရောက်ရှိလာသည်။ ထုံးစံအတိုင်း မောင်သန်းထိုက်ဝင်းသည် NLD တံဆိပ်ပါ အင်္ကျီ၊ ခေါင်းစည်း၊ နှာခေါင်းစည်းများဖြင့် ဝတ်စုံပြည့် ပန်းရောင်းထွက်ခဲ့ခြင်းဖြစ်သည်။
သူကြိုက်နှစ်သက်သည့် ‘ရွေးကောက်ပွဲ …မှာ အမေစုနိုင်ရမည်’ ဆိုသော စာသားပါသည့် ‘စု..မေမေ’ သီချင်းကို ဖွင့်ထားစဉ် ပန်းသည်လေး မောင်သန်းထိုက်ဝင်းကို လူကြီးတစ်ယောက်က ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ ထိုသူမှာ ပန်းဝယ်သူတစ်ဦးလည်း မဟုတ်ပေ။
ပုံမှန်ပန်းဝယ်လေ့ရှိသူ ဖောက်သည်ကို စက်ဘီးရပ်လျက် ပန်းများပေးနေစဉ် မျက်စောင်းထိုးအိမ်မှ အသက် ၆၀ အရွယ် အသားညိုညို ထောင်ထောင်မောင်းမောင်းလူကြီးတစ်ဦး ရောက်လာပြီး “ဟေ့ကောင် မင်းကို မနက်ကလည်း ပြောပြီးသွားပြီ မင်းနားမလည်ဘူးလား” ပြောရင်းဆိုရင်း ဝါးရင်းတုတ်ဖြင့် လွှဲရိုက်လိုက်သည်။
“ဖောက်သည်ကို ပန်းပေးဖို့ ဓားနဲ့ ဖြတ်နေတဲ့အချိန်မှာ သူက လက်ကို ရိုက်ပစ်လိုက်တယ်။ အော်လံကိုလည်း ရိုက်ခွဲပစ်လိုက်တယ်။ စက်ဘီးကိုလည်း ခြေထောက်နဲ့ ကန်လှဲပစ်လိုက်တယ်။ ပန်းတွေအားလုံးလည်း ပျက်စီးသွားတယ်” ဟု မောင်သန်းထိုက်ဝင်းက အရိုက်ခံရသည့်ဖြစ်စဉ်ကို ဒေါပုံမြို့နယ်ရှိ သူ၏နေအိမ်တွင် ရှင်းပြခဲ့သည်။

ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခံရမှုကြောင့် လက်တွင် အမြောင်းထပြီး ရောင်ကိုင်းခဲ့သည်။ ညတွင်းချင်းပင် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရပြီး လက်မှဒဏ်ရာမှာ လက်ရှိအချိန်ထိ ကိုက်ဆဲဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် မောင်သန်းထိုက်ဝင်းက ပြောသည်။
လက်ကို အကွေးအဆန့် လှုပ်ရှားခြင်းမပြုဘဲ နေရန်လည်း ဆရာဝန်က မှာကြားသည်ဟု ၎င်းက ပြောသည်။
ပန်းသည်လေး မောင်သန်းထိုက်ဝင်း အရိုက်ခံရသည့်သတင်းက သက်ဆိုင်ရာဆေးရုံ၊ ရဲစခန်းသာမက ရပ်ကျေး NLD ပါတီရုံးအထိ ရောက်ရှိခဲ့သည်။ မောင်သန်းထိုက်ဝင်းကို အကြောင်းမဲ့ရိုက်နှက်ခဲ့သူမှာ သာကေတမြို့နယ် အနော်မာ ၁၇ လမ်းတွင်နေထိုင်သူ ဦးစိန်ဌေးဆိုသူ ဖြစ်သည်။
ငွေကြေးတစ်သိန်းခွဲကို ဆေးဖိုးနှင့် စားစရိတ်အဖြစ်လက်ခံကာ အမှုကျေအေးပေးခဲ့ကြောင်း မောင်သန်းထိုက်ဝင်း၏ မိခင် ဒေါ်သန်းသန်းဦးက ပြောသည်။
လမ်းထဲသို့ ပန်းရောင်းလာရာတွင် ကုလားသီချင်းများ အသံကျယ်ကျယ်ဖွင့်ခြင်း၊ ပိတ်ဖို့ပြောသည့်အခါ ပြန်လည်ဆဲဆိုတတ်သောကြောင့် “အပြန်အလှန်ရန်ဖြစ်ပြီး” ရိုက်နှက်ခြင်းဖြစ်ကြောင်း မောင်သန်းထိုက်ဝင်းကို ရိုက်နှက်ခဲ့သူ ဦးစိန်ဌေးက မီဒီယာတစ်ခုတွင် ဖြေရှင်းထားသည်။
သို့သော် အခင်းဖြစ်ပွားရာ နေရာအနီးရှိ ဆိုက်ကားသမားများကတော့ ဦးစိန်ဌေး၏ အကြောင်းပြချက်ကို ငြင်းဆိုကြသည်။ ရိုက်နှက်ရာတွင် အပြန်အလှန် ရန်ဖြစ်နေသည့်ပုံစံမျိုး မတွေ့ရကြောင်း၊ သီချင်းသံမှာလည်း ကျယ်လောင်ခြင်းမရှိဘဲ နားခံသည်ဟု ဆိုက်ကားသမားတစ်ဦးက ဆိုသည်။
စက်ဘီးဖြင့် လှည့်လည်ပန်းရောင်းသူ မောင်သန်းထိုက်ဝင်းမှာ ရည်ရည်မွန်မွန်ရှိသူဖြစ်ပြီး ဆဲဆိုပြောဆိုတတ်ခြင်းမရှိကြောင်း ရပ်ကျေး NLD ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဝင်းက ပြောသည်။
အပြန်အလှန်ဆဲဆို စကားများရာမှ အရိုက်ခံရခြင်းဖြစ်သော ဦးစိန်ဌေး၏ ပြောဆိုချက် လုံးဝမှားယွင်းကြောင်း မောင်သန်းထိုက်ဝင်းက ဆိုသည်။
“ပန်းဝယ်တဲ့သူတောင်မှ ကျွန်တော့်ဆီက ပန်းတောင်မယူဘဲ ထွက်ပြေးသွားတာ။ အဲ့လူကြီးက ဆိုးတယ်တဲ့။ အဲ့ဒါကြောင့်မို့ သူလည်းကြောက်လို့ဆိုပြီး ပိုက်ဆံပေးပြီးထွက်ပြေးသွားတာ” ဟု ထိုနေ့က ဖြစ်ပျက်ပုံကို မောင်သန်းထိုက်ဝင်းက ပြောသည်။
ထူးခြားသည်မှာ ထိုအနော်မာ ၁၇ လမ်းရှိ နေအိမ်တစ်အိမ်မှလွဲ၍ ကျန်နေအိမ်အများစုတွင် NLD ပါတီအလံ လွှင့်ထူထားကြသည်ဟု မောင်သန်းထိုက်ဝင်းက ဆိုသည်။ တစ်အိမ်တည်းသော ထိုအိမ်မှာ မောင်သန်းထိုက်ဝင်းကို ရိုက်နှက်ခဲ့သည့် ဦးစိန်ဌေး၏ နေအိမ်ဖြစ်သည်။