စုံစမ်းဖော်ထုတ်ရေးသားမှုသတင်း

ပြေးရင်သတ်မယ် မပြေးရင် ခန္ဓာကိုပေးဆိုသော တပ်မတော်သားများ၏ အုပ်စုဖွဲ့မုဒိမ်းမှု

လွန်ခဲ့သည့် နှစ်လခွဲခန့်က ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိခဲ့သည်။ ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့် အချိန်တွင်ဖြစ်သည်။ တပ်မတော်စစ်ကြောင်းက သေနတ်များပစ်ဖောက်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ 

ရွာသားများ လွတ်ရာကျွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြသည်။ ရွာထဲတွင် တပ်မတော်စစ်ကြောင်းက တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးခဲ့သည်။  

အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပေ။ မီးဖွားထားသည်မှာ ခြောက်ရက်ခန့်သာ ရှိသေးသည့် သမီးဖြစ်သူကြောင့် ရွာထဲတွင်သာ ပုန်းအောင်းနေခဲ့ရသည်။ ၎င်းတို့ပုန်းအောင်းနေရာသို့ တပ်မတော်သားလေးဦးက ရှာဖွေတွေ့ရှိခဲ့သည်။ ကလေးငိုသံကြောင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အမျိုးသမီးများကို တပ်မတော်သားများက နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်အလက်နှင့် မှတ်ပုံတင်များ စစ်ဆေးခဲ့သည်။ မီးဖွားပြီးစ သမီးဖြစ်သူနှင့်အတူ ပုန်းအောင်းနေသည့် ၃၆ နှစ်အရွယ် အမျိုးသမီး၏ မှတ်ပုံတင်မှာ သံသယဖြစ်ဖွယ်ရှိသည်ဟုဆိုကာ တပ်မတော်သားများက အခြားအိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် ယင်းအမျိုးသမီးကို တပ်မတော်သားများက ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ကြသည်။  

“ထွက်ပြေးရင် သူပုန်လို့ သတ်မှတ်ပြီးသတ်မယ်။ မပြေးရင် ကျနော်တို့ လိုလားချက်ကို ပေးရမယ်လို့ ပြောတယ်။ မောင်လေးတို့ လိုချင်တဲ့ လိုအပ်ချက်က ဘာလဲဆိုတော့ အစ်မရဲ့ ခန္ဓာကိုယ်လို့ ပြောတယ်။ အစ်မ ထွက်ပြေးဖို့ကြံစည်နေတဲ့အချိန်မှာ အတင်းအဓမ္မလှဲပြီး သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဓားတွေနဲ့ ထိုးမယ်ခြိမ်းခြောက်ပြီး အတင်းအဓမ္မပြုကျင့်တယ်” ဟု အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက ပြောသည်။ 

အဓမ္မပြုကျင့်ပြီးနောက် တပ်မတော်သားလေးဦးအနက် ရာထူးအကြီးဆုံးဟု ယူဆရသူထံသို့ ခေါ်ဆောင်သွားပြီး ငွေကျပ်နှစ်သောင်း ပေးခဲ့သည်။ လက်မခံရန်ငြင်းဆိုခဲ့သော်လည်း အတင်းအဓမ္မပေးခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒီသတင်းမပေါက်ကြားစေနဲ့၊ ပေါက်ကြားရင် အစ်မတို့ တစ်ဆွေလုံးတစ်မျိုးလုံးကို မီးရှို့မယ် ပစ်သတ်မယ်” ဟု ရာထူးအကြီးဆုံးယူဆရသူက ခြိမ်းခြောက်ခဲ့ပြီး ၎င်းမှာ အဓမ္မပြုကျင့်ရာတွင် မပါဝင်ခဲ့ဟု အမျိုးသမီးက ပြောသည်။ 

ထိုနေရာမှ လွတ်မြောက်လာပြီး ၁၅ မိနစ်ခန့်အကြာတွင် အဓမ္မပြုကျင့်သူသုံးဦးအနက် တစ်ဦးရောက်ရှိလာပြီး သူ (အဓမ္မပြုကျင့်ခံခဲ့ရသူအမျိုးသမီး) ၏ သမီးကိုလည်း စစ်ဆေးစရာရှိသည်ဟု ခေါ်ယူသွားခဲ့သည်။ ၁၉ နှစ်အရွယ် သူ့သမီးမှာ ကလေးမွေးဖွားပြီး ၆ ရက်ခန့်သာ ရှိသေးသည့်အချိန်ဖြစ်သည်။  

“ကျွန်မသမီးလေးကို ကျွန်မကြုံတွေ့ခဲ့ရတဲ့အိမ်ကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကျွန်မလိုမျိုး ဓားထောက်၊ သေနတ်ထောက်ပြီး စစ်သားတစ်ဦးက အဓမ္မပြုကျင့်ဖို့ ကြံစည်တယ်။ အဲဒီအချိန်မှာ ကျွန်မကလည်း ကျွန်မယောက္ခမကို ကြုံတွေ့ခဲ့ရတဲ့အကြောင်း ပြောပါတယ်။ အမျိုးမျိုးတောင်းပန်ပြီး သမီးဆီသွားဖို့ ခိုင်းပါတယ်။ ယောက္ခမသွားတဲ့အချိန်မှာ သမီးလေး အဓမ္မပြုကျင့်မခံရဘဲ ပြန်လွတ်မြောက်လာတယ်” ဟု တပ်မတော်သားသုံးဦး၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရသူ အမျိုးသမီးက ပြောသည်။ 

ထိုသို့အဓမ္မပြုကျင့်ခံရပြီး‌ နောက်တစ်ရက်တွင် စစ်တွေမြို့သို့ ထွက်ပြေးလာခဲ့ရာ အမျိုးသမီးအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက လုံခြုံသည့်နေရာများတွင် ရက်အတန်ကြာ ဝှက်ထားပြီးနောက် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၃၇၆ ပုဒ်မ ၃၆၆၊ ပုဒ်မ ၁၁၄ တို့ဖြင့် ဇူလိုင် ၁၀ ရက်တွင် အမှုဖွင့်ခဲ့သည်။ 

“ကျွန်မမှာ သားသမီးလေးယောက် ရထားပြီ။ အသက်ထက် အရှက်ကို ထားလို့ မရတော့ဘူး။ ဘာကြောင့်လဲ ဗမာ့တပ်မတော်ဆိုတာ ရိုးသားတဲ့မိန်းမတွေကို ဒီလိုပြုကျင့်တာကို အစ်မပဲ ရှေ့က တရားလိုလားမှု ရှိတယ်ဆိုပြီး ရဲဝံ့သတ္တိနဲ့ အမှုဖွင့်တာဖြစ်တယ်” ဟု တပ်မတော်သားများ၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရသူ အမျိုးသမီးက ပြောသည်။ 

ရသေ့တောင်မြို့နယ် ဦးဂါရွာ၌ ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၉ ရက် ဖြစ်စဉ်တွင် တပ်မတော်သားများအနေဖြင့် မုဒိမ်းမှု ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနှင့် မီဒီယာတချို့၏ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးသည့် သတင်းဖြစ်ကြောင်း တပ်မတော်က ဇူလိုင် ၂ တွင် သတင်းထုတ်ပြန် ငြင်းဆိုခဲ့သည်။

တပ်မတော်က ထိုသို့ငြင်းဆိုပြီး နှစ်လကျော်အကြာတွင် ဦးဂါရွာမှ ကလေး ၄ ယောက်မိခင် ၃၆ နှစ်အရွယ်အမျိုးသမီးကို တပ်မတော်သားသုံးဦးက မုဒိမ်းမှုကျူးလွန်ခဲ့သည်မှာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့သည်။ 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာနေ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူ တပ်မတော်သား သုံးဦးကို ပွင့်လင်းမြင်သာစွာစစ်ဆေးပြီး ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း တပ်မတော်က ယမန်နေ့ (စက်တင်ဘာ ၁၆) တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

အဓမ္မပြုကျင့်ခဲ့သူ တပ်မတော်သားသုံးဦးအပြင် ကျန်တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။ 

သို့သော် အရေးယူဆောင်ရွက်ရာတွင် ပြစ်ဒဏ်နည်းမည်ကို စိုးရိမ်မိကြောင်းနှင့် အရပ်ဘက်တရားရုံးတွင် စစ်ဆေးစီရင်သင့်ကြောင်း အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။ 

“မှန်ကန်တဲ့ဥပဒေရှေ့မှောက်ကို ရောက်စေချင်တယ်။၊ သူတို့ စစ်သားတွေ မဟုတ်တော့ဘူး။ သူတို့ဟာ ရာဇဝတ်သားတွေဖြစ်သွားပြီ။ ဒါကြောင့် သူတို့ကို အရပ်ဘက်တရားရုံးကပဲ စီရင်သင့်တယ်” ဟု ၎င်းက ပြောသည်။ 

ယခုကဲ့သို့အဖြစ်မျိုးကို ပြည်သူများသိရှိစေရန် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဖြစ်နိုင်လျှင် နိုင်ငံတကာအဖွဲ့အစည်းများထံလည်း တိုင်ကြားချင်သည်ဟု တပ်မတော်သားသုံးဦး၏ အဓမ္မပြုကျင့်ခံခဲ့ရသူ အမျိုးသမီးက ပြောသည်။ 

“တပ်မတော်ဟာ အမျိုးမျိုးအဖုံဖုံ အလွဲလွဲအချော်အချော် ဖုံးကွယ်ထားပြီးပြီ။ ဘာမဆို အားလုံးကို ဖုံးကွယ်ထားတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ 

(ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ပိုင်းအရ အဆိုပါအမျိုးသမီး၏ အမည်ကိုမူ ဤနေရာတွင် ဖော်ပြနိုင်ခြင်းမရှိပါ။) 

Show More

Related Articles

Back to top button