မေးမြန်းခန်းရွေးကောက်ပွဲ

ပလက်ဝတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ချင်းအစိုးရအဖွဲ့ မျှော်လင့် 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)  တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် ပိတ်ဆို့ထားသည်များလည်းရှိသည်။ ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်တက်ခဲ့သည့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့်အတွက် ကပ်ရောဂါထိန်းချုပ် ရေးလုပ်ငန်းများလည်း ဆောင်ရွက်နေရသည်။

သွားရေးလာရေးခက်ခဲသည့်အပြင် စစ်ပွဲနှင့် ကူးစက်မြန် ကိုဗစ်နိုင်တင်းကပ်ရောဂါတို့နှင့်ပါ နပန်းလုံးနေရသည့် ပလက်ဝဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်မှု အလားအလာနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ ဦးစိုးထက်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုကာ ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မေး။      ။ ပလက်ဝမြို့ပေါ်က ဒေသခံတွေရဲ့ အခြေအနေဘယ်လိုရှိလဲခင်ဗျ။

ဖြေ။      ။ အခုတော့ ပုံမှန်သွားလာနေတယ်။ အရင်က ‌တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတာ။ အခုက မြို့ပေါ်မှာ မဖြစ်ဘူး။ ဒါပေမယ့် ကျောက်တော်ဘက်က ရေလမ်းတို့ ကုန်းလမ်းတို့ ပိတ်ထားတယ်။ မတူပီ၊ – ဆမီး – ပလက်ဝလမ်းပေါ့။ ဒီတစ်လမ်းပဲ သွားလို့လာလို့ ရတယ်။ အဲဒီလမ်းကြောင်းပေါ်မှာ ပိတ်ဆို့တာတွေက ခဏခဏ ဖြစ်တယ်။ ဒီလမ်းကြောင်းလေး ပွင့်ရင်တော့ ဒေသခံတွေ စားရေးသောက်ရေး အဆင်ပြေတာပေါ့။ အခုက ဆန်တစ်အိတ်ကို ပခုက္ကူဘက်မှာ ၂၅,၀၀၀ လောက်ဆိုရင် ပလက်ဝမှာ ‌၆၅,၀၀၀ လောက်ရှိတယ်။ ဘိလပ်မြေတစ်အိတ်က ပုခုက္ကူမှာ ၄,၅၀၀ ဆိုရင် ပလက်ဝမှာ ၂၅, ၀၀၀။ ဆယ်ဆလောက်ကို စျေးမြင့်နေတယ်။

ကုန်စျေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ပြည်သူလူထုကပဲ ခံရတယ်။ ပိုက်ဆံလည်း ရှာလို့မရဘူး။ စားစရာလည်း မရှိဘူးဖြစ်နေတယ်။ ပြောရမယ်ဆိုရင် ဒီလမ်းကြောင်းကို ပိတ်ဆို့နေခြင်းဟာ လူထုကိုနှိပ်စက်နေတာနဲ့ အတူတူပဲ။ ဒါကြောင့် ဒီလမ်းကြောင်းတစ်ကြောင်းကတော့ ပြည်သူလူထုရဲ့ အသက်သွေးကြောလမ်းကြောင်း ဖြစ်နေတဲ့အတွက် ဒီနေရာကတော့ စစ်မက်မဖြစ်ပွားအောင် ရှောင်သင့်ပါတယ်။

မေး။       ။ကိုဗစ်နိုင်တင်းရောဂါ ပြန့်ပွားနေတဲ့ကာလမှ ရွေးကောက်ပွဲလည်း နီးလာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဘာပြောချင်ပါသလဲ။ 

ဖြေ။     ။ အဓိကက ကမ္ဘာကရော၊ မြန်မာတစ်နိုင်ငံလုံးကရော ဒီကိစ္စကြီးက အရေးကြီးလို့ တစ်နိုင်ငံလုံးမှာလည်း (တိုက်ပွဲတွေ) ရပ်တန့်နေကြတာပေါ့လေ။ ရခိုင်ပြည်မြောက်ပိုင်းနဲ့ ချင်းပြည်တောင်ပိုင်း၊ ပလက်ဝ၊  ဒီနေရာလေးတွေမှာပဲ ဖြစ်နေတယ် ထင်တယ်။ အခြားဒေသမှာတော့ တစ်ဖက်သတ် ရပ်စဲတာတို့ ဘာတို့ လုပ်နေကြတော့ ဒီကာလမှာ တိုက်ပွဲတွေဖြစ်သံ မကြားရဘူး။ 

အဲဒီလိုပဲ အခြား‌‌ဒေသတွေမှာလည်း အဲဒီလိုရပ်စဲတာမျိုး ရှိနိုင်ရင်တော့ ကောင်းတာပေါ့။ ရှိဖို့လည်း ကောင်းပါပြီ။ ဘာလို့ဆိုရင် လူထုက တော်တော်ကို ဒုက္ခရောက်နေကြပြီ။ စားဝတ်နေရေးခက်ခဲပြီး အထိတ်တလန့်နဲ့ နေနေရတာက ဒီနေရာလေးပဲ ကျန်တော့တာလေ။ အဲဒါကြောင့် တိုက်ပွဲတွေ ရပ်တန့်ဖို့ ကောင်းတာပေါ့။

ပလက်ဝရဲ့ အနေအထားက ၂၀၁၅ ကနေစပြီး တဖြည်းဖြည်း အ‌ခြေအနေ ဆိုးဆိုးလာတာပေါ့။ ၂၀၁၉ နှောင်းပိုင်းနဲ့ ၂၀၂၀ အစောပိုင်းကတော့ အခြေအနေ အဆိုးဆုံးပါပဲ။ ကျွန်တော်တို့ ပလက်ဝဒေသက လူမျိုးစုတော်တော်များက ချင်းတစ်ခုတည်း ရှိတာမဟုတ်ပါဘူး၊ ရခိုင်တစ်ခုတည်း နေတာမဟုတ်ပါဘူး။ အခြားတိုင်းရင်းသားတွေဖြစ်တဲ့ ဗမာ၊ မွန်၊ ကရင်နဲ့ ချင်းထဲမှာတောင် မျိုးနွယ်စုတွေ အများကြီးရှိတော့ ဒီဒေသအေးချမ်းဖို့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့တော့ အားလုံးက မျှော်လင့်နေပါတယ်။

မေး။     ။အခြားတိုင်းဒေသကြီးအချို့မှာ ကိုဗစ်နိုင်တင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့က မဲဆွယ်စည်းရုံးမှု ယာယီရပ်ထားမယ်လို့ ပြောနေတာရှိတယ်။ ပလက်ဝမှာရော ဒီလိုမျိုး ရှိလာနိုင်လား။

ဖြေ။      ။ လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဘက်ကို နယ်မြေကန့်သတ်ချက်ကြောင့် လာလို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော်တို့ဒေသကလည်း တစ်နေရာနဲ့တစ်နေရာ သွားလို့လာလို့ မရတဲ့အတွက် ကိုဗစ်ကလည်း ထိန်းချုပ်ပြီးသားလို ဖြစ်လိမ့်မယ်ထင်တယ်။ ရောဂါလည်း ဒီမှာတော့ လောလောဆယ်တော့ မတွေ့ဘူး‌ပေါ့။

မဲဆွယ်စည်းရုံးတာကတော့ ပြည်မလိုတော့ ဒီဘက်မှာ ကောင်းကောင်း လာလို့၊ သွားလို့ မရနိုင်ဘူး။ ကိုဗစ်ဆိုတာကလည်း တစ်မျိုး၊ ပုံမှန်စစ်ဆင်ရေး၊ လုံခြုံ‌ရေးကိစ္စလေးတွေလည်း နည်းနည်းရှိတာပေါ့လေ။ လောလောဆယ် မဲဆွယ်စည်းရုံးတာကို ရပ်ထားဖို့တော့ မရှိနိုင်သေးဘူး။ ရွေးကောက်ပွဲအတွက် နိုင်ငံတော်က ကြေညာထားပြီးတဲ့အတိုင်းပဲ ပုံမှန်လုပ်နိုင်ရင် ဒီမှာတော့ အဆင်ပြေမှာပါ။ 

အခု လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဆင်းနေတာတွေ ရှိတယ်။ လုပ်လို့၊ သွားလို့ရတဲ့ နေရာတွေမှာပေါ့နော်။ ကျွန်တော်တို့ ဆမီးဘက်ခြမ်း၊ ကန်ပက်လက်နယ်စပ်၊ မတူပီနယ်စပ် နောက် မင်းတပ်နယ်စပ်ပေါ့နော်။ အဲဒီလို နယ်စပ်ကျေးရွာတွေကတော့ နယ်မြေလည်း အေးချမ်းတယ်။ နောက် ပလက်ဝဆိုရင်လည်း ကျွန်တော်တို့ ရောက်နေတယ်ဆိုတော့ တချို့နေရာတွေမှာ ပြောသင့်တာတွေ ပြောဆိုပြီးတော့ လုပ်နေပါတယ်။ 

မေး။      ။ ပလက်ဝမှာ မဲဆွယ်စည်းရုံးမယ်ဆိုရင် လုံခြုံရေးအရ ဘယ်လောက်အထိ သွားလို့ရနိုင်လဲ။

ဖြေ။       ။ အဓိကကတော့ မြို့ဝန်းကျင်ရယ်၊ နောက် နယ်မြေအရတော့ ကျွန်တော်တို့ ၆၅ ရာခိုင်နှုန်းအထက်ပေါ့ လုပ်ရင် ဖြစ်ပါတယ်။ လောလောဆယ်ကတော့ တစ်ဖက်နဲ့တစ်ဖက် လှုပ်ရှားမှုတွေကတော့ ရှိနေတာပေါ့လေ။ ဒါပေမဲ့ နှစ်လလောက်အတွင်းမှာပဲ အမျိုးမျိုးပြောင်းလဲနိုင်တာပေါ့လေ။ ခေါင်းဆောင်ပိုင်းတွေရဲ့ သဘောထားပါပဲ။ ဆမီးနဲ့ ပလက်ဝလမ်းကြောင်းမှာတော့ မကြာမကြာ ပစ်တာခတ်တာတွေ ရှိတယ်။ ကျန်ခဲ့တဲ့ ၁၂ ရက်နဲ့ ၁၃ ရက်ကလည်း ပစ်ကြသေးတယ်။ ရွာသားတွေ ထွက်ပြေးကြတာတော့ မရှိဘူး။

 မေး။      ။ ပလက်ဝမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကရော လုံခြုံရေးအပေါ်မှာ ဘယ်လိုအမြင်ရှိကြလဲ။

ဖြေ။      ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ကလည်း ဒီနယ်မြေထဲ (ပလက်ဝ) ရောက်နေတာ။ တချို့ကလည်း နယ်မြေပြင်ပ ရောက်နေတယ်။ လုံခြုံရေးအရ အဲဒီလိုပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်တော့ စည်းရုံးရေးလုပ်နေတာပေါ့။ အားလုံးကတော့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နဲ့ဖြစ်စေ နယ်မြေအလိုက် ဆင်းနေကြတယ်။ ဒါပေမဲ့ ပြည်မလို ကျယ်ကျယ်ဝန်းဝန်းနဲ့၊ ကားနဲ့ဘာနဲ့ လုပ်လို့ရတဲ့အနေအထားမျိုး မဟုတ်ဘူး။ ဒါပေမယ့် ရွေးကောက်ပွဲကျင်းပရင် အဖြေတစ်ခု ထွက်လာမှာပဲ။ အဖြေထွက်လာမှ ကျွန်တော်တို့က အလုပ်ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ 

မလုံခြုံတဲ့အပေါ်မှာ ကန့်သတ်ချက်တွေ ရှိတဲ့အတွက် ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ လိုအပ်ချက်ကြောင့် သွားလာနေရတာမျိုး ဖြစ်တဲ့အတွက်၊ ဥပမာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အောက်တိုဘာ ၁၅ ရက်ကစပြီး ရေကြောင်းဖြစ်ဖြစ် ကုန်းကြောင်းဖြစ်ဖြစ် ဖွင့်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရွေးကောက်ပွဲတော့ လုပ်လို့ရပါပြီ။

 မေး။      ။ ပြီးခဲ့တဲ့ရက် အနည်းငယ်က ဝန်ကြီးကိုယ်တိုင် ပစ်ခတ်တိုက်ခိုက်ခံရတာမျိုး ကြုံခဲ့တယ်။ ရွေးကောက်ပွဲ ကာလအတွင်းမှာ ဒါမျိုးတွေ ထပ်ဖြစ်လာနိုင်သလား။

ဖြေ။      ။ ကြုံလာနိုင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ယုံကြည်ချက်နဲ့ ကျွန်တော်တို့ သွားနေကြတာဖြစ်တယ်။ သူတို့ (AA ) လည်း သူတို့ယုံကြည်ချက်နဲ့ သူတို့လုပ်နေကြတာ ဖြစ်မှာပေါ့လေ။ သူတို့မှာ အိပ်မက်ရှိသလို ကျွန်တော်တို့မှာလည်း အိပ်မက်ရှိတယ်။ အဲဒါတွေက တူညီမှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ သူတို့ကို ဘယ်တော့မှလည်း မ‌နှောင့်ယှက်ဘူး။ သူတို့ နှောင့်ယှက်မှုကတော့ ရှိခဲ့တယ်။ နောက်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

မေး။      ။ လာမယ့်ရွေးကောက်ပွဲကာလက အဆင်ပြေပြေ ပြီးသွားနိုင်မယ်လို့ ထင်လား။

ဖြေ။     ။ ပြီးသွားမယ်ထင်ပါတယ်ခင်ဗျ။ အဆင်ပြေလိမ့်မယ် ထင်တယ်။ ဒါက အားလုံးရဲ့ မျှော်လင့်ချက်ပဲလေ။ ရွေးကောက်ပွဲကလည်း ငါးနှစ်မှတစ်ကြိမ် လုပ်တာဆိုတော့ လူတွေကလည်း ကိုယ့်ဒေသဖွံ့ဖြိုးဖို့အတွက်၊ ကိုယ့်ဒေသတိုးတက်ဖို့အတွက် လူတိုင်းက ဆန္ဒရှိကြတယ်။ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့က လူတိုင်းမှာလည်း တာဝန်ရှိတာပေါ့။

မေး။      ။ တကယ်လို့ ပလက်ဝမှာ ဒီအတိုင်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ရွေးကောက်ပွဲကျင်းပဖို့လည်း ခက်ခဲနေမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်သလဲ ခင်ဗျ။ 

ဖြေ။      ။ ကျွန်တော်တို့ကတော့ အဲဒီလိုမယုံကြည်ဘူး။ နိုင်ငံတော်ကလည်း ရွေးကောက်ပွဲလုပ်မယ်လို့ သတ်မှတ်ပြီးသားဖြစ်တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အခု ပလက်ဝမှာ ရောက်နေပြီးတော့ ပလက်ဝမှာ ရွေးကောက်ပွဲလုပ်နိုင်မယ့် အခြေအနေကို ကျွန်တော်တို့ သုံးသပ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဆမီး-ပလက်ဝ ဧရိယာထဲမှာ စည်းရုံးရေးလုပ်ရင်းနဲ့ ဆွေး‌နွေးပြီးတော့ သုံးသပ်နေကြတယ်။ 

လူမျိုးစုံနေတဲ့ ‌ဒေသလည်းဖြစ်တယ်။ ပါတီစုံရှိတဲ့ ဒေသလည်း ဖြစ်တယ်။ တစ်နိုင်ငံလုံးမှာလည်း ဒီလိုပဋိပက္ခတွေတော့ ဖြစ်ကြပါတယ်။ နေရာတိုင်းမှာဖြစ်ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့၊ မကျင်းပဖို့ကတော့ အစိုးရနဲ့ပဲ ဆိုင်ပြီးတော့ ဒေသခံ‌တွေအားလုံးကလည်း ရွေးကောက်ပွဲ ဖြစ်စေချင်ပြီးတော့ ကိုယ့်ဒေသကို အကောင်းဆုံးဖြစ်စေချင်တဲ့အတွက် မလွဲမသွေဖြစ်မယ်လို့ ထင်ပါတယ်။ မဖြစ်ဘူးဆိုတာထက် ဖြစ်ဖို့ကိုပဲ ဦးတည်ပြီးတော့ အားလုံးက လုပ်နေကြပါတယ်။ 

မဖြစ်ဘူးဆိုရင်တော့ ကျွန်တော်တို့ဒေသမှာ အခွင့်အရေးတွေ အရမ်းကို ဆုံးရှုံးသွားမှာပေါ့။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ယောက်ရှိတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရှိတယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ဆိုတော့ ငါးယောက်။ အခြားဒေသမှာဆိုရင် လေးယောက်ပဲရှိတယ်။ ကျွန်တော်တို့ဆီကနေ ကိုယ့်ဒေသအကျိုးကို ပြည်‌ထောင်စုလွှတ်တော်မှာ တင်ပြဖို့၊ ပြည်နယ်လွှတ်တော်မှာ တင်ပြဖို့ ဆိုတဲ့ လူမရှိရင် ပိုဆိုးသွားမှာပေါ့။ 

မေး။       ။ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်ပြီးရွေးချယ်ခံရရင် ဘာအရင်ဆုံး လုပ်မလဲ။

‌ဖြေ။       ။ နယ်မြေအေးချမ်းဖို့ကိုပဲ အရင်စဉ်းစားရမယ်။ နယ်မြေအေးချမ်းမှ တခြားအရာတွေက လုပ်လို့ရမှာ ဖြစ်တဲ့အတွက် နယ်မြေအေးချမ်းဖို့ကို နည်းမျိုးစုံနဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိတဲ့သူတွေကို တင်ပြပြီးတော့မှ နယ်မြေအေးချမ်းဖို့၊ လူမှုဘဝ ဖူလုံဖို့ လုပ်ရမယ်။ အခုလည်း ဒေသဖွံ့ဖြိုးရေးကို မအေးချမ်းတဲ့ ကြားကနေ ကျွန်တော်တို့ လုပ်နေတယ်။ ဒုက္ခသည်တွေရဲ့ စားရေးရိက္ခာ ရနိုင်အောင်လို့ ကျွန်တော်တို့ လုပ်နေတယ်။ ဒါထက်တော့ ဆိုးစရာ မရှိတော့ဘူးလို့ ကျွန်တော်ထင်တယ်။ အဆိုးဆုံးအခြေအနေကို ဖြတ်သန်းလာခဲ့ပြီးပြီပေါ့။

Show More

Related Articles

Back to top button