
နေပြည်တော်ဘူတာကြီးအနီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်ယာဉ်တန်းပါ အဖွဲ့ဝင်များနှင့် ကျွဲကျောင်းသားများ ခိုက်ရန်ဖြစ်မှုတွင် ယာဉ်တန်းပါ လူနှင့်စက်ပစ္စည်းများ ထိခိုက်မှုအတွက် ပြည်ခိုင်ဖြိုးပါတီက ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတံဆိပ်ပါ တီရှပ်ဝတ်လူငယ်တစ်ဦး ပါဝင်သည့် ကျွဲကျောင်းသားများနှင့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ်တန်းတွင် လိုက်ပါလာသူများ ယမန်နေ့ (စက်တင်ဘာ ၁၆) ညနေပိုင်းတွင် ခိုက်ရန်ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ညနေကတည်းက လာရောက်တိုင်တန်းခဲ့ပြီး မည်သူမည်ဝါကို အရေးယူပေးရန် ရည်ညွှန်းတိုင်ကြားထားခြင်းမရှိကြောင်း အခင်းဖြစ်ပွားရာ ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်ရဲစခန်းမှ စခန်းစာရေးကြီးဖြစ်သူ အရာခံဗိုလ်လွင်ဦးက Myanmar Now ကို ပြောသည်။
ထိုတိုင်တန်းချက်ကို ရဲစခန်းက လက်ခံခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄ (ဆဲဆိုမှု) ၊ ၃၂၅ (နာကျင်စေမှု) ၊ ၄၂၇ (ပစ္စည်းများဖျက်ဆီးခံရမှု) ၊ ၃၃၆ (လေးခွ၊ ခဲတို့ အသုံးပြု၍ ဒဏ်ရာရရှိစေမှု) တို့ဖြင့် အမှုဖွင့်ထားပြီး ပုဒ်မအားလုံးမှာ အာမခံပေးနိုင်သည့် ပုဒ်မများဖြစ်ကြောင်း ၎င်းက အတည်ပြုသည်။
“NLD ဘက်က ပါတယ်ဆိုတာမျိုးတော့ ထည့်မတိုင်ဘူးခင်ဗျ။ သူတို့တိုင်ချက်ထဲမှာတော့ ကျွဲကျောင်းသားတွေနဲ့ စကားများ ရန်ဖြစ်နေတဲ့အချိန်မှာ လူ ၅၀ လောက် တုတ်၊ ဓားတွေနဲ့ ထွက်လာတယ်။ အဲဒီလောက်ပဲ တိုင်ပါတယ်။ NLD တွေ ဘာတွေတော့ ထည့်မတိုင်ထားပါဘူး” ဟု ကျည်တောင်ကန်ရဲစခန်းမှ အရာခံဗိုလ်လွင်ဦးက ပြောသည်။
ရန်ပွဲတွင် ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများနှင့် ပတ်သက်၍လည်း “စိုးရိမ်ရတဲ့ အခြေအနေမရှိပါဘူး။ မစိုးရိမ်ရဒဏ်ရာတွေပါပဲ” ဟုလည်း ၎င်းက ပြောသည်။
ကျွဲကျောင်းသားများဘက်က လေးခွဖြင့် ပစ်ခတ်သလို ရန်ပွဲစတင်ပြီး ငါးမိနစ်ခန့်အကြာတွင် ဆယ်ဂဏန်းခန့်ရှိသော လူများက တုတ်ဓားများ ကိုင်ဆောင်ရောက်ရှိလာကာ ပြည်ခိုင်ဖြိုးယာဉ်တန်းကို ဝိုင်းဝန်းရိုက်နှက်ဖျက်ဆီးခဲ့ကြကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက စက်တင်ဘာ ၁၆ ညနေပိုင်းတွင် Myanmar Now ကို ပြောကြားခဲ့သည်။
ဖြစ်စဉ်အတွင်း ပြည်ခိုင်ဖြိုးပါတီဘက်မှ လူ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ဖျက်ဆီးခံခဲ့ရကြောင်း အခင်းဖြစ်ပွားရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ခံလည်းဖြစ်သည့် ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြည်ခိုင်ဖြိုးမဲဆွယ်ယာဉ်တန်းနှင့် ရန်ပွဲဖြစ်ခဲ့သော ကျွဲကျောင်းနေသည့် ၁၇ နှစ်အရွယ် လူငယ်လေးဦးအနက် ရွှေတိုးအမည်ရှိ NLD တီရှပ်ဝတ် လူငယ်တစ်ဦး ပါဝင်သည်။
မဲဆွယ်ယာဉ်တန်းဖြတ်သန်းစဉ် အပြန်အလှန် နောက်ပြောင်ရာမှတစ်ဆင့် ယာဉ်တန်းပေါ်မှ လူများဆင်းလာပြီး ဝိုင်းဝန်းရိုက်နှက်ခြင်းသာဖြစ်ကြောင်း ရွှေတိုး၏အဘိုးဖြစ်သူ ဦးကျော်ဝင်းက ဆိုသည်။
ကျွဲကျောင်းသားဖြစ်သည့်အလျောက် လူငယ်များတွင် လေးခွပါလာခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးယာဉ်တန်းမှ လူများက ရိုက်နှက်သဖြင့် ပါလာသည့် လေးခွဖြင့် ခုခံခြင်းဖြစ်ကြောင်းနှင့် ကျွဲကျောင်းသားလူငယ်များလည်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ကျွဲကျောင်းသားလူငယ်များကို ရိုက်နှက်ခဲ့သည့် ပြည်ခိုင်ဖြိုးမဲဆွယ်ယာဉ်တန်းပါ လူများကို ရဲစခန်းတွင် ယနေ့အမှုဖွင့်ရန် စီစဉ်နေကြောင်း ဦးကျော်ဝင်းက ပြောသည်။
ပြည်ခိုင်ဖြိုးဘက်က ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားသော်လည်း ယနေ့ မနက် ၁၁ နာရီ အထိ ဖမ်းဆီးခံထားရသူတစ်ဦးမျှ မရှိသေးဘဲ ရဲလုပ်ငန်းများ ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း အရာခံဗိုလ်လွင်ဦးက ပြောသည်။