
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လူအင်အားပြ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားပြီး ကိုဗစ်နိုင်တင်းကာလတွင် ရွေးကောက်ပွဲနိုင်လည်း စိတ်ချမ်းမြေ့စရာ မရှိဘူးလို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ယနေ့ (စက်တင်ဘာ ၁၆) တွင် ပြောကြားသည်။
“ကိုဗစ်ကို နိုင်အောင်မလုပ်နိုင်ဘဲ ရွေးကောက်ပွဲနိုင်ခဲ့မယ်ဆိုရင်လည်း ဘယ်လိုပဲနိုင်နိုင် တကယ့်အောင်နိုင်မှုမဖြစ်နိုင်ဘဲ အလဲလဲအပြိုပြို ပြည်သူလူထုကြီးနဲ့ ဒယိမ်းဒယိုင်နိုင်ငံကြီးမှာ အောင်လံစိုက်ရမှာဖြစ်တဲ့အတွက် စိတ်ချမ်းမြေ့စရာ မရှိလောက်ပါဘူးခင်ဗျာ” ဟု ၎င်းက ပြောသည်။
အရေးကြီးဆုံးဦးစားပေးလုပ်ရမည့် အမျိုးသားရေးတာဝန်သည် ကပ်ရောဂါထိန်းချုပ်အောင်နိုင်ရေးဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးဆိုသည်က အာဏာကိစ္စဖြစ်သည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
“လက်ရှိအခြေအနေဟာ လျှော့မတွက်သင့်သလို ဖော့ပြီးတွေးဖို့လည်း မသင့်တဲ့အတွက် ရွေးကောက်ပွဲအတွက် အင်အားအများအပြားနဲ့ မဲဆွယ်စည်းရုံးမှုတွေ မလုပ်ကြဖို့ ပါတီဝင်တွေကို ညွှန်ကြားထားပါတယ်” ဟုလည်း ၎င်းက ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲရက် သတ်မှတ်ချက်ကို ပြန်လည်သုံးသပ်ရန် ပြည်ခိုင်ဖြိုးပါတီနှင့် ၎င်း၏မဟာမိတ်များပါဝင်သည့် နိုင်ငံရေးပါတီ ၂၄ ခုက စက်တင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပို့တင်ပြထားသည်။
ရွေးကောက်ပွဲအတွက် အဆင်သင့်မဖြစ်သေးသည့်အတွက် ယခုလို အကြောင်းပြချက်များပေးနေခြင်းဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ ပြောကြားချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က တုံ့ပြန်သည်။
“လူထုထောက်ခံမှုကို သူတို့ သဘောပေါက်ပါတယ်။ အဲ့ဒါကြောင့် ဒီလိုအကြောင်းပြချက်တွေပေးနေတယ်လို့ ကျနော်တို့ယူဆပါတယ်။ ဘယ်လောက်ထိအောင်တောင် သူတို့ပြောခဲ့ဖူးသလဲဆိုရင် သိတဲ့အတိုင်းပဲ ကိုဗစ်နိုင်တင်းကို အကြောင်းပြုပြီးတော့ ကာလုံခေါ်ပေးဖို့တို့၊ တပ်မတော်ကို ဘယ်လိုလုပ်ပေးမှာလဲတို့ကအစပေါ့လေ။ ဒီလို လမ်းကြောင်းပေးတာကအစ ကြုံခဲ့ပြီးပြီလေ” ဟု မုံရွာအောင်ရှင်က ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီက ထိုသို့ပြောကြားလေ့ရှိသည်မှာ မထူးဆန်းဘဲ ကိုဗစ်နိုင်တင်းကပ်ရောဂါပြဿနာကို ၎င်းတို့လည်းသိရှိထားပြီး NLD အတွက်လည်း အကျပ်အတည်းရှိသည်ဟု မုံရွာအောင်ရှင်က ပြောသည်။
တစ်ကျော့ပြန် ကိုဗစ်နိုင်တင်းကပ်ရောဂါကူးစက်မှု မြင့်တက်နေဆဲဖြစ်သော်လည်း ရွေးကောက်ပွဲရွှေ့ဆိုင်းလောက်သည်အထိ အခြေအနေမဆိုးသေးကြောင်း အာဏာရ NLD ပါတီက ယူဆထားသည်။
သို့သော်လည်း ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုရှိရာ နေရာအချို့တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း NLD ပါတီမဟိုအောင်နိုင်ရေးကော်မတီ တာဝန်ရှိသူက ယမန်နေ့တွင် ပြောကြားထားသည်။