လေ့လာသုံးသပ်ချက်

ကိုးကန့်ဒေသ ၂၀၁၅၊ ၂၀၂၃ စစ်ပွဲများ၏ ကွာခြားချက်နှင့် တူညီချက်များ

စစ်တပ်က ၂၀၁၅ လောက်ကိုင်စစ်ပွဲတွင် မြို့များမကျစေရန် ခံတိုက်နိုင်ခဲ့သော်လည်း ယခုစစ်ပွဲတွင်မူ ၁၀ ရက်အတွင်း စစ်စခန်း ၁၂၀ ကျော်နှင့် မြို့ ၄ မြို့ လက်လွှတ်ခဲ့ရသည်။

မြောက်ပိုင်းမဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေးသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာစစ်တပ်အတွက် ရှစ်နှစ်ကျော်အတွင်း အရှေ့မြောက်ဒေသမှလာသော ဒုတိယအကြိမ်မြောက် စိန်ခေါ်မှုဖြစ်လာသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် မဟာမိတ်တို့က ကိုးကန့်ဒေသရှိ ကွမ်းလုံ၊ ကုန်းကြမ်းနှင့် လောက်ကိုင် စသည့် နေရာများကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ အကျအဆုံးများခဲ့သော်လည်း သုံးလကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ထိုဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

၈ နှစ်နှင့် ၈ လကျော် ကြာသွားပြီး ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့တွင် MNDAA နှင့် မဟာမိတ်တို့၏ ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထပ်မံရင်ဆိုင်ရပြန်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ၂၀၂၃ စစ်ပွဲက ၂၀၁၅ ထက် ပိုမိုခက်ခဲနေကြောင်း မြောက်ပိုင်းမဟာမိတ်တို့၏ စွမ်းဆောင်ရည်များက သက်သေပြနေသည်။

၂၀၁၅ ကိုးကန့်စစ်ပွဲနှင့် ၂၀၂၃ ကိုးကန့်စစ်ပွဲတို့အကြား တူညီမှု၊ ခြားနားမှုနှင့် ထူးခြားမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

(၁) လျှပ်စီးမုန်တိုင်းထိုးစစ်

၂၀၁၅ နှင့် ၂၀၂၃၊ MNDAA နှင့် မဟာမိတ်တို့၏ ထိုးစစ်နှစ်ကြိမ်စလုံးက လျှပ်စီးလက်သလို လျင်မြန်ပြီး၊ အားကောင်းသည့်မုန်တိုင်းတစ်ခုလို ပြင်းထန်လှသည်။ နှစ်ကြိမ်စလုံးတွင် မြန်မာစစ်တပ် အငိုက်မိကာ အထိအရှများခဲ့သည်။

၂၀၁၅ လောက်ကိုင်စစ်ပွဲစတင်သည့် ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၆၆ ရက်အကြာ ဧပြီလ ၁၅ ရက်နေ့အထိ ဗိုလ်မင်းအောင်လှိုင်၏ လက်အောက်ငယ်သား တပ်ဘက်က ၁၂၆ ယောက် ကျဆုံးပြီး၊ ၃၅၉ ယောက် ဒဏ်ရာရခဲ့သည်ဟု စစ်တပ်ပိုင်မြဝတီသတင်းစာက ထိုစဉ်က စာရင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူများ၏ ထက်ဝက်ခန့်မှာ စစ်ပွဲ၏ ၁၀ ရက်အတွင်းတွင် ဖြစ်ပြီး ၅၁ ဦးအထိ ရှိခဲ့သည်။ ထို ၁၀ ရက်အတွင်း ၎င်းတို့ဘက်က ၁၀၆ ဦး ဒဏ်ရာရခဲ့သည်ဟု စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

နှစ်လကျော်အတွင်းတွင် ကိုးကန့် MNDAA ဘက်က ၇၂ ဦးကျ၊ ၂၂ ဦး အရှင်မိသည်ဟု စစ်တပ်သတင်းက ဆိုသည်။ အချိုးအားဖြင့် MNDAA ဘက်က ၁ ဦး သေဆုံး/ထိခိုက်/ဖမ်းမိတိုင်း စစ်တပ်ဘက် ၅ ဦး သေဆုံး/ထိခိုက်ခဲ့သည့်သဘောမျိုးဖြစ်သည်။

ထိုစာရင်းက စစ်တပ်၏ စာရင်းသာဖြစ်ပြီး အမှန်တကယ်ကျဆုံးစာရင်းက ပိုများနိုင်သည်။ ၂၀၁၅ ဧပြီလ ၁၅ ရက်နေ့ စာရင်းချုပ်ထုတ်ပြန်ပြီးနောက်တွင်မူ စစ်တပ်က အကျအဆုံးစာရင်းကို အတိအကျမထုတ်ပြန်တော့ပေ။

၂၀၁၅ လောက်ကိုင်စစ်ပွဲတွင် စစ်တပ်အကျအဆုံးများခဲ့သည့်တိုက်ပွဲက ဧပြီ ၂၃ တွင် ဖြစ်ပွားခဲ့သည့် ပွိုင့် -၂၂၀၂ တောင်ကုန်းတိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က ၉၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၂၀၀ ကျော်ရှိသည်ဟု MNDAA ဘက်က ခန့်မှန်းခဲ့သည်။ စစ်တပ်က ထိုသတင်းကို ဖုံးဖိထားခဲ့ပြီး ၄ ရက်အကြာမှသာ အရာရှိစစ်သည်တချို့ သေဆုံး/ပျောက်ဆုံးခဲ့သည်ဟု ကြေညာခဲ့သည်။

အထိနာလွန်းသည့်အတွက် တိုက်ပွဲတံဆိပ် (လောက်ကိုင်) ဆိုသည့် ဆုတံဆိပ်အသစ်ကိုပင် စစ်တပ်က ဖန်တီးပြီး ကျဆုံးဒဏ်ရာသူများကို ပေးအပ်ခဲ့သည်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးတွင်မူ မြန်မာစစ်တပ်ဘက်က အကျအဆုံးမည်မျှရှိသည်ကို အတိအကျမသိရပေ။

၂၀၁၅ လောက်ကိုင်တိုက်ပွဲတွင် သေဆုံးခဲ့သည့် မြန်မာစစ်သားများကို စုပေါင်းမြုပ်နှံထားသည့် ရှမ်းမြောက်၊ လားရှိုးမြို့အနီးမှ အညတရ စစ်သည်ဗိမ္မာန် (ဓာတ်ပုံ – မြဝတီ)

(၂) မေမြို့နားပင် မကပ်ဝံ့တော့သည့် စစ်ခေါင်းဆောင်

၂၀၁၅ လောက်ကိုင်စစ်ပွဲ စတင်ပြီး ၇ ရက် ကြာချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နောက်တန်းစခန်းဟု သတ်မှတ်နိုင်သည့် စစ်တပ်မြို့ ပြင်ဦးလွင် ခေါ် မေမြို့ဆီသို့ အရောက်သွားကာ လူလုံးထွက်ပြခဲ့သည်။

၂၀၂၃ “၁၀၂၇ စစ်ဆင်ရေး” တွင်မူ မြောက်ပိုင်းမဟာမိတ်တပ်များက မေမြို့နှင့် မိုင် ၅၀ ခန့်အကွာ နောင်ချိုဝန်းကျင်အထိ စိုးမိုးနိုင်ခဲ့သည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေမြို့မှ နောက်တန်းစခန်းများကို ခြေဦးမလှည့်နိုင်သေးပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာမက စစ်တပ်ထိပ်ပိုင်းအရာရှိ မည်သူမျှ စစ်ပွဲဧရိယာအတွင်းသို့ ပေါ်ပေါ်တင်တင် မလာနိုင်သည်အထိ မြောက်ပိုင်းတပ်များ၏ထိုးစစ်က ပြင်းထန်ခဲ့သည်။

၂၀၂၃ တိုက်ပွဲပြင်းထန်မှုက နိုဝင်ဘာ ၅ မုံးကိုးတိုက်ပွဲတွင် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင် သေဆုံးသည်အထိ ဖြစ်ခဲ့ရသည်။ တပ်မမှူးတစ်ယောက် တိုက်ပွဲတွင် ကျသည်ဆိုသည်က မြန်မာစစ်တပ်အတွက် ဖြစ်ခေါင့်ဖြစ်ခဲ ကြီးမားသည့်ဆုံးရှုံးမှုဟု စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကားပြီး ဘီဘီစီ(မြန်မာပိုင်း) က ရေးသားသည်။

၁၀၂၇ စစ်ဆင်ရေးက ၂၀၁၅ လောက်ကိုင်စစ်ပွဲနှင့် ကွာခြားသည့်အချက်က မောင်းသူမဲ့ဒရုန်းယာဉ်များကို မဟာမိတ်တပ်တို့က ဖောဖောသီသီသုံးနိုင်လာခြင်းဖြစ်သည်။ ထိုအချက်ကို စစ်ကောင်စီဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဝန်ခံထားပြီး ဒရုန်းဖြင့် ကျဲချသည့် ဗုံးများသည် တရုတ်စာပါ၊ တရုတ်ထုတ်များဟုလည်း ဆိုသည်။

စစ်ခေါင်းဆောင်ကိုယ်တိုင်သည်ပင် မြောက်ပိုင်းမဟာမိတ်တို့ အသုံးပြုသည့် တရုတ်ထုတ်ဒရုန်းများက သူ၏တပ်များကို အထိနာစေခဲ့သည်ဟု နိုဝင်ဘာ ၈ ရက် နေပြည်တော် ကာ/လုံအစည်းအဝေးတွင် ဝန်ခံခဲ့သည်။

 (၃) ပေါက်ဖော်တို့၏ ဒေါသ

၂၀၁၅ နှင့် ၂၀၂၃၊ တရုတ်နယ်စပ် မြန်မာနိုင်ငံအရှေ့မြောက်ဒေသစစ်ပွဲနှစ်ခုစလုံးတွင် MNDAA နှင့် မဟာမိတ်တပ်များကို တရုတ်က ကျောထောက်နောက်ခံပေးသည်ဟု စစ်တပ်ထောက်ခံသူများက စွပ်စွဲကြသည်။

ထိုစွပ်စွဲချက် မည်မျှမှန်ကန်သည်ကို မသိနိုင်သော်လည်း စစ်ပွဲနှစ်ခုစလုံးတွင် ၎င်းတို့ပိုင်နက်မြေထဲ ကျည်တစ်တောင့်မကျလာရေးမူကို တရုတ်တို့ စွဲကိုင်ထားသည်ကမူ သေချာသည်။

၂၀၁၅ မတ်လ ၁၃ ရက်နေ့တွင် မြန်မာလေတပ် ကြဲချလိုက်သည့် ဗုံးက တရုတ်ဘက်သို့ ကျပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား ၅ ဦးသေ၊ ၉ ဦး ဒဏ်ရာရခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဦးသိန်းစိန်အစိုးရတို့က တရုတ်ကို တောင်းပန်ခဲ့ရသည်။ အစပိုင်းတွင် ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူတို့အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကျော်နှင့် ညီမျှသည့် လျော်ကြေးငွေကို ဦးသိန်းစိန်အစိုးရက ပေးခဲ့ရသည်။

နောက်ထပ် ၂ လခန့်အကြာ ၂၀၁၅ မေလ ၁၄ ရက်နေ့တွင်လည်း စစ်တပ်၏ လက်နက်ကြီးကျည်များ တရုတ်ဘက် ကျသဖြင့် တရုတ်တို့၏ ဒေါသကို ထပ်မံရင်ဆိုင်ခဲ့ရပြန်သည်။

တရုတ်ဘက်သို့ ၂၀၁၅ မေ ၁၄ ညပိုင်းတွင် အမြောက်ကျည် ၂ လုံး၊ နောက်တစ်နေ့ နံနက်ပိုင်းတွင် အမြောက်ကျည် ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။

တရုတ်အစိုးရက နောက် ၃ ရက်အကြာ မေလ ၁၈ ရက်တွင် ရန်ကုန်ရှိ တရုတ်သံရုံးမှ သံအမတ်ကြီး ရန်ဟို့လန်ကို နေပြည်တော်လွှတ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဖြေရှင်းချက်တောင်းစေခဲ့သည်။

နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ပစ်လိုက်သည့် လက်နက်ကျည် ၎င်းတို့မြေထဲ ကျရောက်ပေါက်ကွဲခြင်းကြောင့် တရုတ်အစိုးရသည် တရုတ်ပြည်သူတို့၏ ဖိအားကို ရင်ဆိုင်နေရသည်ဟုလည်း တရုတ်သံတမန်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ထိုအမြောက်ကျည်တို့သည် MNDAA တို့ ပစ်ခဲ့ခြင်းဟု တရုတ်သံအမတ်ကို ဖြေရှင်းချက်ပေးခဲ့သည်။

ထိုဖြစ်ရပ်များနောက်ပိုင်း လောက်ကိုင်တိုက်ပွဲတွင် လေတပ်ကို ကြီးကြပ်ရသည့် ဗိုလ်ချုပ်လွင်ဦး စစ်ဦးစီးအရာရှိချုပ်(လေ) နေရာမှ ဖယ်ရှားခံရပြီး ထိုနေရာကို ဗိုလ်မှူးချုပ်မောင်မောင်ကျော်နှင့် အစားထိုးခဲ့သည်။ မြန်မာစစ်တပ်ဘက်က ထိုအပြောင်းအလဲအတွက် သတင်း တရားဝင်မထုတ်ပြန်သော်လည်း လေတပ်ခေါင်းဆောင်အပြောင်းအလဲက တရုတ်အစိုးရ၏ ဒေါသကို ဖြေလျှော့ရန် ကြိုးစားခြင်းဖြစ်နိုင်သည်ဟု အကဲခတ်တို့က သုံးသပ်ခဲ့ကြသည်။

၁၀၂၇ စစ်ဆင်ရေးတွင်လည်း တရုတ်၏ နောက်တစ်ကြိမ် ငြိုငြင်မှုခံရမည့်အရေးကို စစ်ခေါင်းဆောင် စိုးရိမ်နေသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က နေပြည်တော်ကာ/လုံအစည်းအဝေးတွင် ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နှင့် စစ်ကောင်စီကြား ဆက်ဆံရေးထိခိုက်နိုင်သည်ဟု စစ်ခေါင်းဆောင်က သတိပေးခဲ့ပြီး တရုတ်ဘက် ကျည်ကျသည့် ပြဿနာများကို ဖြေရှင်းနေရသည်ဟုလည်း ဆိုသည်။

၂၀၁၅ လောက်ကိုင်စစ်ပွဲတုန်းက စစ်ပွဲစသည့်အချိန်မှ ၂ ရက်အတွင်း လေကြောင်းပစ်ကူ ၅ ကြိမ်ထက်မနည်း သုံးခဲ့သော်လည်း ယခုတစ်ခေါက်တွင် ယခင်လို လေကြောင်းတိုက်ခိုက်မှုများ ဖောဖောသီသီမပြုလုပ်ဘဲ မြေပြင်စစ်ရေးတုံ့ပြန်မှုများသာ ပြုလုပ်နေသည်။

၂၀၁၅ လောက်ကိုင်စစ်ပွဲကို တန်ပြန်ရန် ဆွေးနေသည့် စစ်ဗိုလ်ချုပ်ကြီးများ (ဓာတ်ပုံ – မြဝတီ)

(၄) ပိုမိုအားကောင်းလာသည့် မဟာမိတ်စုဖွဲ့မှု

လွန်ခဲ့သည့် ၈ နှစ်ကျော်က လောက်ကိုင်စစ်ပွဲ၏ ရည်ရွယ်ချက်က ကိုးကန့်ဒေသတစ်လျှောက် ထိန်းချုပ်နိုင်ရေးသာဖြစ်နိုင်သော်လည်း ၁၀၂၇ စစ်ဆင်ရေးကမူ ထို့ထက် ပိုလာခဲ့သည်။

၂၀၁၅ စစ်ပွဲတွင် ဦးဖုန်ကြားရှင်၏ ကိုးကန့်တပ် MNDAA နှင့်အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် SSA (ဝမ်ဟိုင်း) ဟု စစ်တပ်က သတ်မှတ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ပါဝင်တိုက်ခိုက်ကြသည်ဟု စစ်တပ်ဘက်က စွပ်စွဲခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ပါသည်ဟု တိုက်ရိုက်မစွပ်စွဲခဲ့သော်လည်း ရခိုင်ဘာသာဖြင့် ရေးထားသည့် စာရွက်စာတမ်းတချို့ ရှေ့တန်းစစ်မျက်နှာပြင်တွင် သိမ်းဆည်းရမိခဲ့သည်ဟုလည်း ဆိုသည်။ မရှေးမနှောင်းပင် စစ်တပ်က ရခိုင်တွင် AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင်မူ AA က MNDAA, TNLA တို့နှင့်အတူ ပြောင်ပြောင်တင်းတင်းပင် စစ်ကောင်စီကို စစ်ကြေညာခဲ့သည်။ အာဏာသိမ်းပြီးမှ ပေါ်လာသည့်၊ ငယ်ရွယ်ပြီး စိတ်ဓာတ်တက်ကြွနေကြသည့်၊ မြေပြန့်အရပ်မှ ဗမာလူငယ်အများအပြားပါဝင်သည့် BPLA, PLA နှင့် PDF (မန္တလေး) တို့ကလည်း ခေတ်သစ်စစ်ပွဲတွင် ပါဝင်လာသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင်တပ်ဖြစ်သည်။ ဗကပသည် ၁၉၈၉ မှစပြီး လက်နက်ကိုင်တပ် မရှိတော့ရာမှ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှ PLA ကို ပြန်လည်စုဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ကမူ အာဏာသိမ်းလိုက်ပြီးနောက် သုံးလခန့်အကြာ ၂၀၂၁ ဧပြီတွင် ဖွဲ့စည်းခဲ့သည့် ဗမာလူမျိုးကိုယ်စားပြုတပ်ဖြစ်သည်။ ၂၀၂၁ နှောင်းပိုင်းတွင် စစ်တပ်ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ကာလအတန်ကြာ ငြိမ်သက်နေခဲ့ရာမှ မြောက်ပိုင်းတပ်များနှင့်အတူ ရုတ်တရက် ပါဝင်တိုက်ခိုက်ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်  PDF (မန္တလေး) သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ စုဖွဲ့မှုအောက်တွင် ရှိသည်။

ဆန္ဒပြသူတို့ကို လမ်းပေါ်တွင် ပစ်သတ်မှုများကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်ခုခံသည့်အဖွဲ့များ အများအပြားပေါ်ပေါက်နေရာ စစ်ကောင်စီတပ်က ထိုအဖွဲ့များကို ရင်ဆိုင်ရန် တပ်ကို မဖြစ်မနေ ဖြန့်ထားရသည်။ ရခိုင်ဒေသတွင်လည်း အင်အားကြီးမားလာသော AA ကို ရင်ဆိုင်ရန် တပ်များ ပို့ထားရပြန်သည်။ ဤသို့သောအခြေအနေမျိုးကို ၂၀၁၅ တွင် လုံးဝ မတွေ့ခဲ့ရပေ။

၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းဆည်းမိသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများနှင့် PLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – PLA)

(၅) တော်လှန်ရေးတပ်များ၏ ရည်မှန်းချက် ကြီးမားလာခြင်း

၂၀၁၅ စစ်ပွဲက မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသကို ထိန်းချုပ်နိုင်ရန်မျှသာ ရည်ရွယ်ခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် ပိုမိုကြီးမားသည့် ရည်မှန်းချက်ရှိနိုင်သည်။

မြန်မာစစ်တပ်သည် ၂၀၁၅ လောက်ကိုင်စစ်ပွဲတွင် မြို့များမကျစေရန် ခံတိုက်နိုင်ခဲ့သော်လည်း ၈ နှစ်ကျော် ကြာပြီးနောက် နောက်တစ်ကြိမ်ကြုံလာရသည့် စစ်ပွဲတွင်မူ အတိတ်ကလောက် မစွမ်းဆောင်နိုင်တော့ပေ။

မြောက်ပိုင်းမဟာမိတ်တို့၏အဆိုအရ စစ်ဆင်ရေးစတင်သည့် ၁၀ ရက်အတွင်း စစ်စခန်း ၁၂၀ ကျော်နှင့် မြို့ ၄ မြို့ကို သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။ ကိုးကန့်ဒေသမှ အဓိကကျသည့် လောက်ကိုင်မြို့ကိုလည်း တော်လှန်ရေးတပ်များက မျက်စပစ်နေသည်။ အခြားတစ်ဖက်တွင် KIA, AA နှင့် PDF ပူးပေါင်းတပ်များကလည်း စစ်ကိုင်းနှင့် ကချင်အစပ်မှ မြို့များကို သိမ်းပိုက်ရန် ပြင်ဆင်နေသည်။

မြောက်ပိုင်းတပ်များ၏ ၁၀၂၇ စစ်ပွဲစပြီး သတင်းနှစ်ပတ်ကြာသည်အထိ စစ်ကောင်စီတပ်များ၏ တန်ပြန်ထိုးစစ်ကို ကြီးကြီးမားမား မတွေ့ရသေးဘဲ အညံ့ခံအရှုံးပေးမှုများ၊ စစ်စခန်းကျဆုံးမှုများသာ တွေ့နေရသည်။

(၆) ကိုယ့်အတတ်နှင့် ကိုယ်စူးသည့် ဗိုလ်ချုပ်မှူးကြီး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်တပ်ဘက်တော်သားများက ၂၀၁၅ လောက်ကိုင်စစ်ပွဲကို ပြည်ပကျူးကျော်စစ်ပုံစံမျိုး ဝါဒဖြန့်ချိခဲ့ကြသည်။ ထိုလုပ်ရပ်က ထိရောက်ခဲ့သည်။ ထိုစဉ်က အရပ်သားတချို့သည် Facebook တွင် ၂၀၁၅ လောက်ကိုင်စစ်ပွဲကို တိုက်ခိုက်ကြသည့် မြန်မာစစ်သားများကို စာနာသနားကြောင်း၊ ထောက်ခံကြောင်း ပြသခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၅ လောက်ကိုင်တိုက်ပွဲဝင် စစ်တပ်သည် လွှတ်တော်၏ ထောက်ခံမှု ရခဲ့သည်။ ထို့ပြင် စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် နိုင်ငံရေးပါတီများ၊ အမျိုး ဘာသာ သာသနာ အမည်ခံ မဘသကဲ့သို့သော အဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုများလည်း ရခဲ့သည်။

မဘသကဲ့သို့သော အဖွဲ့အစည်းများကလည်း စစ်တပ်နှင့်အတူ ၂၀၁၅ လောက်ကိုင်စစ်ပွဲကို ပြည်ပကျူးကျော်စစ်ပုံစံ ပုံဖော်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ကို ရင်ဆိုင်ရချိန်တွင်မူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏စစ်တပ်သည် အထီးကျန်ဘဝဖြင့် ဖြတ်သန်းနေရသည်။ စစ်တပ်ကျောထောက်နောက်ခံ နိုင်ငံရေးပါတီများကပင် စစ်တပ်ကို ထောက်ခံကြောင်း ထုတ်မပြောကြတော့ပေ။

စစ်ကောင်စီသည် စစ်ပွဲအတွက် စီးပွားရေးသမားများထံမှ အတင်းအကျပ် အလှူခံနေရပြီး၊ အဆိုတော်၊ သရုပ်ဆောင်နှင့် ထင်ရှားကျော်ကြားသူတို့ကိုလည်း ရှေ့တန်းရောက်စစ်သားများအတွက် သီဆိုဖျော်ဖြေပေးရေး စေလွှတ်ရန်လည်း ပြင်နေသည်။ သို့သော်လည်း မည်သူကမျှ “၁၀၂၇ စစ်ဆင်ရေး” ကို ဆန့်ကျင်ပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသည်ဟု ပေါ်ပေါ်တင်တင် မပြောဆိုရဲကြတော့ပေ။

သာမန်အရပ်သားများသည်လည်း အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သည့် မြောက်ပိုင်းမဟာမိတ်တို့ကို သူရဲကောင်းများသဖွယ် ဆက်ဆံလာကြသည်။ အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီးသည် ကိုယ့်အတတ်နှင့် ကိုယ်စူးပြီး အထီးကျန်ဘဝဖြင့် စစ်ပွဲကို ဆက်လက်ရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button