စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နွေဦးတော်လှန်ရေး တတိယနှစ်ထဲ ဝင်ရောက်လာချိန်တွင် ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်နိုင်ခြေနှင့် ကျရှုံးနိုင်ခြေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှုများ မြန်မာ့အရေးကျွမ်းကျင်သူများအကြား အလေးထားတွက်ချက် သုံးသပ်လာခဲ့ကြသည်။
၎င်းတို့ အဓိကအာရုံစိုက်ခဲ့ကြသည်အချက်မှာ လက်နက်အင်အား ရင်းမြစ်ကောင်းသော တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ၏ ရပ်တည်ချက်များ၊ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံ၏ မြောက်ပိုင်း EAOs များအပေါ် ဩဇာလွှမ်းမိုးနိုင်မှု၊ ထို EAOs များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သော PDFs များအကြား ပေါင်းစည်းမှု ဖြစ်မသွားစေရန် စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းမှုအခြေအနေများ ဖြစ်သည်။
သို့သော် အရှေ့မြောက်ဒေသက “၁၀၂၇ စစ်ဆင်ရေး” ပေါ်ထွက်လာချိန်တွင် နွေဦးတော်လှန်ရေးအပေါ် သုံးသပ်ချက်များ လွဲချော်ခဲ့ပြီလား၊ စစ်ကောင်စီနှင့် မြောက်ပိုင်း EAOs များအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးနိုင်မှုအတိုင်းအတာကို တွက်ချက်မှုမှားခဲ့လေသလား စသည့် အခြေခံအကြောင်းတရားများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်လာပါသည်။
ဤဆောင်းပါးတွင် “၁၀၂၇ စစ်ဆင်ရေး” တရုတ်-မြန်မာဆက်ဆံရေးကို အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ခဲ့ပြီလား ဆိုသည့် ယူဆချက်အခြေခံပေါ်မှ ပြန်လည်သုံးသပ်သင့်သော အဓိကနယ်ပယ် ၃ ရပ်ကို အဆိုပြုထားပါသည်။ ၎င်းနယ်ပယ်များမှာ (၁) တရုတ်နှင့် စစ်ကောင်စီ ဆက်ဆံရေး၊ (၂) တရုတ်နှင့် မြောက်ပိုင်း EAOs ဆက်ဆံရေးနှင့် (၃) စစ်ကောင်စီနှင့် မြောက်ပိုင်း EAOs ဆက်ဆံရေးတို့ ဖြစ်သည်။
တရုတ်-စစ်ကောင်စီ ဆက်ဆံရေး ပကတိအခြေအနေကို လှစ်ဟပြခဲ့သော မှန်ကူကွက် တစ်စ
အာဏာသိမ်းစစ်ကောင်စီအပေါ် တရုတ်အစိုးရ၏ ဆက်ဆံရေးကို အကဲဖြတ်ရာတွင် အများအားဖြင့် ကိုးကားကြသည်မှာ နှစ်ဖက်တွေ့ဆုံမှု အကြိမ်အရေအတွက်၊ တွေ့ဆုံကြသည့် ပုဂ္ဂိုလ်များ၏ အဆင့်အတန်းနှင့် နှစ်ဖက်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသော ဆွေးနွေးချက်များ စသည့် အများပြည်သူ လက်လှမ်းမီသော အချက်အလက်များ (Open-source Data) ကိုသာ အားကိုးအားထားပြု မှန်းဆသုံးသပ်ခဲ့ကြသည်။
အချက်အလက်စုဆောင်းရာ ရင်းမြစ်များအနေဖြင့် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများပါ ထုတ်ပြန်ချက်များ၊ တရုတ်အစိုးရ အထူးသဖြင့် ရန်ကုန်အခြေစိုက် တရုတ်သံရုံး ထုတ်ပြန်ချက်များကို အဓိက အားကိုးအားထားပြု ခြေရာကောက်ကြသည်။
သို့သော် သတင်းထုတ်ပြန်ချက်အများစုတွင် ယေဘုယျသဘောဆန်သော သံတမန်အသုံးအနှုန်းများကသာ ဖုံးလွှမ်းထားပြီး၊ အပေါ်ယံကြည့်လျှင် တရုတ်-စစ်ကောင်စီ ဆက်ဆံရေးက လွန်စွာချောမွေ့တိုးတက်ကောင်းမွန်နေသည့် အရိပ်လက္ခဏာများ ဖော်ပြနေပြီး၊ အသေးစိတ်ဆွေးနွေးချက်များ ပါဝင်ခဲလှသဖြင့် ပကတိအခြေအနေကို သိရှိနိုင်ရန်မှာ မလွယ်ကူလှပါ။
ထိုကြောင့် အပေါ်ယံအချက်အလက်များအပေါ် အားကိုးအားထားပြုရသောကြောင့်လည်းကောင်း၊ တရုတ်နှင့် မြန်မာစစ်ဗိုလ်ချုပ်များအကြား ကာလကြာရှည် ရှိထားသော နီးကပ်သောဆက်ဆံရေးက နောက်ခံကားချပ်သဖွယ် လွှမ်းမိုးထားခြင်းကြောင့်လည်းကောင်း၊ ယခုနှစ် မေလဆန်းမှ စတင်ခဲ့သော တရုတ်-စစ်ကောင်စီ ဆက်ဆံရေးတွင် ထူးခြားသော အခြေအနေတစ်ရပ် ပေါ်ပေါက်ခဲ့သော်လည်း၊ မြန်မာ့အရေးကျွမ်းကျင်သူများ ဂရုစိုက်မှု နည်းပါးခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် Qin Gang သည် ၎င်း၏ ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေကိုလည်း တွေ့ဆုံခဲ့သည်။ (မြန်မာခရီးစဉ်အပြီး လအနည်းငယ်အကြာတွင် Qin Gang သည် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်တာဝန်ယူခဲ့စဉ် ပေါ်ပေါက်ခဲ့သော လူမှုရေးပြဿနာတစ်ခုကြောင့် ထိုရာထူးမှ ဖယ်ရှားခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။)
ထိုစဉ်က Qin Gang ခရီးစဉ်၏ ထူးခြားချက်ကို သုံးသပ်ခဲ့ကြရာတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ ပုဂံမြို့တွင် ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး Wang Yi က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခြင်း မရှိခဲ့မှုနှင့် နှိုင်းယှဉ်ပြီး၊ တရုတ်သည် စစ်ကောင်စီနှင့် ဆက်ဆံရေးကို အဆင့်မြှင့်ကာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံရန် ခြေလှမ်းပြင်နေပြီဟု သုံးသပ်ခဲ့ကြသည်။
ထို့သုံးသပ်ချက်ကို ထပ်ဆင့်ပံ့ပိုးပေးခဲ့သည်မှာ Qin Gang ခရီးစဉ်အပြီး၊ တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပေကျင်းသို့ ဖိတ်ကြားတွေ့ဆုံတော့မည်ဆိုပြီး စစ်ကောင်စီထံမှ ပေါက်ထွက်လာသော ထိပ်တန်းလျှို့ဝှက်သတင်းပမာ တော်လှန်ရေးအင်အားစုများအကြား ပြန့်နှံ့စေရန် စနစ်တကျ ဖြန့်ခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းသည် တတိယအကြိမ် Belt and Road Forum ကျင်းပသော အောက်တိုဘာလ ၁၇ – ၁၈ ရက်နား နီးကပ်လာချိန်တွင် ပိုမိုပြန့်နှံ့ခဲ့ပြီး၊ လက်တွေ့တွင် အာဖရိကမှ အာဏာသိမ်းစစ်ခေါင်းဆောင်များကိုပင် ဖိတ်ကြားခဲ့သော တရုတ်နိုင်ငံသည် မင်းအောင်လှိုင်ကို မဖိတ်ကြားခဲ့ပါ။
သို့သော် Qin Gang ၏ ခရီးစဉ်အပြီး မေလ ၄ ရက်နေ့ ရန်ကုန်အခြေစိုက် တရုတ်သံရုံး အင်တာနက်စာမျက်နှာမှတစ်ဆင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို သတိပြုမိသူ နည်းပါးခဲ့ပြီး၊ ထိုကြေညာချက်သည် တရုတ်-မြန်မာ လတ်တလောဆက်ဆံရေးအခြေအနေကို အကဲဖြတ်နိုင်သော အလွန်အရေးကြီးသည့် အထောက်အထားအဖြစ် တွေ့ရှိရသည်။
ထိုကြေညာချက်တွင် Qin Gang က “မြန်မာနယ်စပ်က အွန်လိုင်းလိမ်လည်ဂိုဏ်းများက တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖျက်ဆီးနေကြောင်း၊ တရုတ်ပြည်သူများက ထိုလုပ်ရပ်ကို နက်နက်ရှိုင်းရှိုင်း မုန်းတီးလျက်ရှိကြောင်း၊ တရုတ်အစိုးရက ထိုကိစ္စကို ကြီးမားသော အရေးကြီးမှုအဖြစ် သဘောထားပြီး၊ ပြင်းထန်စွာ နှိမ်နင်းသွားရန် သန္နိဋ္ဌာန်ချထားကြောင်း၊ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးတွဲနှိမ်နင်းမှုစစ်ဆင်ရေး အရှိန်မြှင့်ရန်နှင့် (ထိုဂုဏ်းများလက်ထဲ) ပိတ်လှောင်ခံနေသော တရုတ်နိုင်ငံသားများကို အချိန်မီကယ်တင်နိုင်ရေး မြန်မာဘက်မှ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုကြောင်း” ဖော်ပြထားသည်။
Qin Gang ၏ ခရီးစဉ်အပေါ် စစ်ကောင်စီနှင့် တရုတ်သံရုံး၏ ကွဲပြားသော ထုတ်ပြန်ချက်များ
အဆိုပါ ထုတ်ပြန်ချက်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးသမိုင်းတွင်လည်းကောင်း၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-စစ်ကောင်စီ ဆက်ဆံရေးတွင်လည်းကောင်း၊ တရုတ်အစိုးရ ထိပ်တန်းသံတမန်တစ်ဦးက ပြင်းထန်သော စကားအသုံးအနှုန်းများ သုံးစွဲ၍ မင်းအောင်လှိုင်ကို ပြောဆိုခဲ့သော ရှားရှားပါးပါးထုတ်ပြန်ချက်အဖြစ် တွေ့ရှိရသည်။ Qin Gang နှင့် မင်းအောင်လှိုင် တွေ့ဆုံခြင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းစာများက ဖော်ပြရာတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာကို ဖုံးကွယ်ခဲ့သည်။
Qin Gang ၏ ကြေညာချက်က တရုတ်-မြန်မာဆက်ဆံရေးတွင် အစဉ်အလာအားဖြင့် ဖုံးလွှမ်းထားသော သံတမန်အသုံးအနှုန်းများ ကွာကျသွားပြီး၊ ပကတိဆက်ဆံရေးအခြေအနေတစ်ခုကို လှစ်ဟပြလိုက်သော မှန်ကူကွက်တစ်စ ဖြစ်လာခဲ့သည်။ တရုတ်အစိုးရ၏ စစ်ကောင်စီအပေါ် ရှားရှားပါးပါး အမျက်ဒေါသကိုလည်း တွေ့မြင်ရသည်။
Qin Gang ၏ လူသိရှင်ကြား ကြေညာချက်ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန်တောင်းဆိုမှုသည် သံတမန်ရေးအရ စစ်ကောင်စီကို တိတ်တဆိတ်ချဉ်းကပ်နားချ တိုက်တွန်းမှုများ အလုပ်မဖြစ်တော့၍ တရုတ်အစိုးရ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားခြင်းကို ပြသနေသည်။
သို့သော် ထိုကြေညာချက်အပေါ် အလေးထားသော သုံးသပ်ချက်များ ထွက်ပေါ်လာခြင်းမရှိခဲ့ဘဲ၊ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာက ထုတ်ပြန်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေး လွန်စွာအဆင်ပြေနေသည့် ပုံရိပ်ဖော်ထားသည့် ဆွေးနွေးချက်အကြောင်းအရာများကို ကောက်ယူ မှန်းဆခဲ့ကြပြီး၊ အကောင်းမြင်သုံးသပ်ချက်များသာ ထွက်ပေါ်လာခဲ့သည်။
ယနေ့အချိန်ထိ တရုတ်အစိုးရ၏ စစ်ကောင်စီနှင့် ပတ်သက်သော အရေးပါသည့်ရပ်တည်ချက်များအဖြစ် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအကြီးအကဲတစ်ဦးအဖြစ် သုံးနှုန်းဖော်ပြမှုများကို ရှောင်ရှားခြင်း၊ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံသို့ တရားဝင်ဖိတ်ကြားမှု မပြုခြင်း၊ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၏နေရာကို စစ်ကောင်စီအား အသိအမှတ်မပြု မပေးသည့် “မူ” ကို မဆန့်ကျင်ခြင်း၊ အာဆီယံတူညီဆန္ဒ ၅ ရပ်ကို အပြည့်အဝ ထောက်ခံရပ်တည်ခြင်း (တစ်နည်းအားဖြင့် အာဆီယံ၏ မင်းအောင်လှိုင်အပေါ် အရေးယူထားမှုကို လေးစားလိုက်နာခြင်း) စသည့် အရေးပါသော မူဝါဒများကို အထင်အရှား တွေ့မြင်နေရဆဲ ဖြစ်သည်။
ယင်းသည် အာဏာရှင်ဟောင်း သန်းရွှေလက်ထက်နှင့် ကွဲပြားခြားနားသော တရုတ်၏ နိုင်ငံတကာမျက်နှာစာတွင် မင်းအောင်လှိုင်ကို အလုံးစုံအကာအကွယ်မပေးတော့ခြင်း ဖြစ်သည်။
ထိုအခြေအနေတွင် အာဏာသိမ်းပြီးနောက်မှ တရုတ်-မြန်မာနယ်စပ် စစ်ကောင်စီထိန်းချုပ်ထားသော ကိုးကန့်ဒေသ၊ စစ်ကောင်စီနှင့် ဆက်ဆံရေးအဆင်ပြေသော “ဝ” နှင့် မိုင်းလားဒေသတို့တွင် အခြေချလာသော အွန်လိုင်းငွေလိမ်ဂိုဏ်းများကြောင့် တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားများ အကြီးအကျယ် ဆုံးရှုံးပျက်စီးလျက်ရှိနေခြင်းကို ထိထိရောက်ရောက် အရေးယူကိုင်တွယ်ရန် တရုတ်၏ ဖိအားပေးကို ၂၀၂၃ ခုနှစ်ဆန်းမှစတင်ကာ စစ်ကောင်စီ ရင်ဆိုင်လာရပြီး၊ အပေါ်ယံတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အကြိမ်ကြိမ်ကတိပေးခဲ့သော်လည်း လက်တွေ့တွင် မင်းအောင်လှိုင် မျက်ကွယ်ပြုထားခဲ့သည်။
ထိုသို့ တရုတ်၏တောင်းဆိုမှုကို လျစ်လျူရှုထားခြင်းမှာ တရုတ်အပေါ် လက်တုံ့ပြန်သည့် မင်းအောင်လှိုင်၏ နည်းလမ်းတစ်ခုလေလား သံသယဖြစ်ဖွယ် တွေ့ရှိရသည်။ ထိုအွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရန် “၁၀၂၇ စစ်ဆင်ရေး” စတင်ဆင်နွှဲပြီး နောက်တစ်နေ့ အောက်တိုဘာ ၂၈ ရက်နေ့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ရုတ်တရက် ချက်ချင်းဆိုသလို ရန်ကုန်မြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် လူပေါင်း ၉၅ ဦး ဖမ်းဆီးသည့်သတင်း ဖော်ပြလာပါသည်။
မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်များ၏ နာမည်ကျော်အကျင့်ဆိုးတစ်ခုမှာ ဒုစရိုက်မှုများကို အထက်အမိန့်အရ “စီမံချက်” ဖြင့် နှိမ်နင်းရေးတွင် ရဲစခန်းအလိုက် ခွဲတမ်းစနစ်ဖြင့် ဖမ်းဆီးနိုင်သောအမှုအရေအတွက် တင်ပြရမည်ဆိုလျှင် ထိုအရေအတွက်ပြည့်မီရေး အပြစ်ရှိရှိ မရှိရှိ ဖမ်းကြသည်ကို ပြည်သူအများအပြား သိရှိထားကြသည်။
ယခုလည်း ရန်ကုန်မြို့တော်ကြီးတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာ ယခင်က မရှိသယောင် အခြေအနေမှ ရုတ်တရက် ချက်ချင်း လူပေါင်း ၉၅ ဦးကို ရန်ကုန်ရဲတပ်ဖွဲ့က ဖမ်းပြနိုင်ခဲ့သည်မှာ အံ့ဩစရာကောင်းသည်။ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုနှင့် အကာအကွယ်ပေးမှု ရှိနေ၍သာ ထိုကဲ့သို့ လုပ်နိုင်ခြင်း ဖြစ်သည်။
ထိုအခြေအနေကို တရုတ်အစိုးရအနေဖြင့် ခန့်မှန်းသိရှိနေသဖြင့် တရုတ်နှင့် စစ်ကောင်စီအကြား ဆက်ဆံရေး တင်းမာနေခဲ့သော အခြေအနေကို Qin Gang ၏ ခရီးစဉ်အပြီး ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာမှ သတိပြုမိခဲ့ခြင်း ဖြစ်သည်။
တရုတ်အစိုးရသည် အိမ်နီးချင်းနိုင်ငံများတွင် အခြေစိုက်သော အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများကြောင့် တရုတ်နိုင်ငံသားအများအပြား လူကုန်ကူးခံနေရပြီး၊ နှစ်စဉ် တရုတ်ယွမ်ငွေ ဘီလျံပေါင်း ဆယ်နှင့်ချီ ဆုံးရှုံးနစ်နာမှုများနှင့် ရင်ဆိုင်နေရသည်။
ထိုအွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများ၏ ၅၀ ရာခိုင်နှုန်းသည် တရုတ်-မြန်မာနယ်စပ်က စစ်ကောင်စီ ထိန်းချုပ်ထားသော ကိုးကန့်ဒေသ၊ UWSA ထိန်းချုပ်ထားသော ‘ဝ’ ဒေသနှင့် NDAA ထိန်းချုပ်ထားသော မိုင်းလားဒေသတို့တွင် အခြေစိုက်လှုပ်ရှားနေကြောင်း တရုတ်လုံခြုံရေးအေဂျင်စီများက စုံစမ်းသိရှိထားသည်။
တရုတ်-မြန်မာနယ်စပ် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးနှင့် ပတ်သက်ပြီးတရုတ်-စစ်ကောင်စီ-မြောက်ပိုင်း EAOs များအကြား ဖြစ်ပေါ်တိုးတက်မှု ရက်စွဲမှတ်တမ်း | |
၀၂-၀၉-၂၀၂၂ | ၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ အမြဲတမ်းဗဟိုကော်မတီအစည်းအဝေးက Law of the People’s Republic of China on Countering Telecommunication Network Fraud ဥပဒေကို အတည်ပြုခဲ့ပြီး၊ အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းပြဿနာကို အမျိုးသားလုံခြုံရေးပြဿနာအဖြစ် သတ်မှတ်ထားသည်။ |
၀၁-၁၂-၂၀၂၂ | Telecom Fraud ဥပဒေအဖြစ် စတင်အသက်ဝင်သည်။ ၂၀၂၃ ခုနှစ် နှစ်ဆန်းမှ စတင်ပြီး တရုတ်အစိုးရသည် တရုတ်-မြန်မာနယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် ဖိဖိစီးစီး လုပ်လာခဲ့သည်။ |
၂၈-၀၄-၂၀၂၃ | ရန်ကုန်အခြေစိုက် တရုတ်သံအမတ် Mr. Chen Hai သည် စစ်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ စိုးဝင်းကို တွေ့ဆုံခဲ့ပြီး၊ ဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲ “လောင်းကစား လိမ်လည်မှုတို့ဆိုင်ရာ ရာဇဝတ်မှုများအား ပူးပေါင်းတိုက်ဖျက်ရေး” ပါဝင်ကြောင်း သံရုံး၏ Facebook စာမျက်နှာတွင် ပထမဆုံးအကြိမ် ထုတ်ပြန်ဖော်ပြလာသည်။ |
၀၂-၀၅-၂၀၂၃ | တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် Qin Gang နေပြည်တော်သို့ ရောက်ရှိလာပြီး၊ မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ အဆိုပါပြဿနာကို ဆွေးနွေးခဲ့ပြီး ပြင်းထန်သော အသုံးအနှုန်းများဖြင့် စစ်ကောင်စီကို တောင်းဆိုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ |
၃၁-၀၅-၂၀၂၃ | သံအမတ် Chen Hai သည် ပြည်ထဲရေးဝန်ကြီးကို နေပြည်တော်တွင် တွေ့ဆုံပြီး “မြန်မာနိုင်ငံ ပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုများ စသည့် ရာဇဝတ်မှုများအား တိုက်ဖျက်နှိမ်နင်းရေးနှင့် စပ်လျဉ်း၍ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များကို ညှိနှိုင်းဆွေးနွေးကြကြောင်း” တရုတ်သံရုံး Facebook စာမျက်နှာတွင် ထပ်မံထုတ်ပြန်ခဲ့သည်။ |
၁၄-၀၆-၂၀၂၃ | ရန်ကုန်မြို့၌ ကျင်းပခဲ့သော လန်ချန်း-မဲခေါင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင် ‘ဆက်သွယ်ရေးလိမ်လည်မှု စသည့် ပြဿနာများတွင် တရုတ်နိုင်ငံသည် “လုံးဝသည်းမခံ” သည့် သဘောထားနှင့် တင်းကျပ်စွာနှိမ်နင်း” မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ |
၁၈-၀၈-၂၀၂၃ | ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို ၄ နိုင်ငံ ဘက်အသီးသီးက အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှုများ အထူးပူးပေါင်းတိုက်ဖျက်ရေး စတင်သည့်အခမ်းအနား ကျင်းပခဲ့သည်။ |
၂၂-၀၈-၂၀၂၃ | သံအမတ် Chen Hai သည် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနှင့် လာအိုနိုင်ငံ သံအမတ်ကြီးများနှင့် သုံးပွင့်ဆိုင်တွေ့ဆုံပြီး ဒေသတွင်း လောင်းကစားနှင့် လိမ်လည်မှု ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ရေး ဆွေးနွေးခဲ့သည်ဟု တရုတ်သံရုံး Facebook တွင် ထုတ်ပြန်ခဲ့သည်။ |
၂၃-၀၈-၂၀၂၃ | စစ်ကောင်စီသည် ပထမဆုံးအကြိမ် ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးပြီး၊ ရန်ကုန်လေဆိပ်မှတစ်ဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးသည့် သတင်းကို တရုတ်သံရုံးက ထုတ်ပြန်ခဲ့သော်လည်း၊ စစ်ကောင်စီသတင်းစာများတွင် ဖော်ပြခဲ့ခြင်းမရှိပါ။ |
၂၆-၀၈-၂၀၂၃ | ၄ ရက်အတွင်း ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၂၄ ဦးကို ရန်ကုန်လေဆိပ်မှတစ်ဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးသည့်သတင်းကို တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ |
၆-၀၉-၂၀၂၃ | ‘ဝ’ ပြည်နယ် မိုင်းပေါက်မြို့နယ်မှ ဆက်သွယ်ရေးငွေလိမ်ဂိုဏ်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို UWSA က ဖမ်းဆီးပြီး၊ တရုတ်ရဲတပ်ဖွဲထံ လွှဲပြောင်းပေးခဲ့သည်။ |
၀၂-၁၀-၂၀၂၃ | UWSA ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်း (ခေါ်) အာချန်ကို ယူနန်ပြည်နယ် ကူမင်းရဲတပ်ဖွဲ့က ဆက်သွယ်ရေးလိမ်လည်မှုများနှင့် ဆက်နွှယ်ပြီး ဖမ်းဆီးခဲ့သည်။ |
၀၃-၁၀-၂၀၂၃ | ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ မြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကုန်စည်ပြပွဲတစ်ခုကို တက်ရောက်နေစဉ် ထိုအဖွဲ့ထဲမှ ကိုးကန့်စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲတပ်ဖွဲ့က လောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများတွင် ပတ်သက်ဆက်နွှယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည့်သတင်း ထွက်ပေါ်လာသည်။ အဖမ်းခံရသူများအထဲတွင် ယခုနှစ်ထဲ မင်းအောင်လှိုင်ကိုယ်တိုင် ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သော ကိုးကန့်သူဌေး ဖူလီလိုက်ကုမ္ပဏီပိုင်ရှင် မောင်မောင် ပါဝင်သည်။ |
၁၂-၁၀-၂၀၂၃ | UWSA ခေါင်းဆောင် ပေါက်ယူချန်း၏ တူတော်စပ်သူ ‘ဝ’ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနကြီးမှူး ချန်ယန်ပန် (ပေါက်အိုက်ပန်း) နှင့် မိုင်းလင်းခရိုင်မှူး ပေါက်ယူချန်း၏ သမက်ဟောင်း ရှောက်ရန်ပန် (ဟော်ချွင်ထင်) တို့ကို တရုတ်အစိုးရက အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်ပြီး ဖမ်းဝရမ်းထုတ်ခဲ့သည်။ |
၁၅-၁၀-၂၀၂၃ | ‘ဝ’ ပြည်နယ်တွင် အခြေချပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်သည်ဟု ယူဆရသည့် တရုတ်နိုင်ငံသား ၂၃၅၀ ဦးကို UWSA က တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ |
၂၄-၁၀-၂၀၂၃ | နှစ်လကြာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသော တရုတ်သံအမတ် Chen Hai သည် နေပြည်တော်သို့ သွားရောက်ကာ ပြည်ထဲရေးဝန်ကြီးသစ် ရာပြည့်နှင့် တွေ့ဆုံပြီး၊ ဆက်သွယ်ရေးလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု တရုတ်သံရုံး Facebook က ထုတ်ပြန်ခဲ့သည်။ |
၂၇-၁၀-၂၀၂၃ | တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသတွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော AA/TNLA/MNDAA တို့သည် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီး၊ စစ်ဆင်ရေးရည်ရွယ်ချက်များထဲတွင် ကိုးကန့်ဒေသ လောက်ကိုင်တွင် အခြေစိုက်လှုပ်ရှားနေသော ကျဖျင် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂုဏ်း နှိမ်နင်းရေးလည်း ပါဝင်သည်။ |
၂၈-၁၀-၂၀၂၃ | စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွင် ရန်ကုန်မြို့ရှိ အွန်လိုင်းငွေလိမ်မှုများ လုပ်ဆောင်နေသည်ဟု ယူဆရသူ တရုတ်နိုင်ငံသားများအပါအဝင် ၉၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ |
၃၁-၁၀-၂၀၂၃ | တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီး Mr. Wang Xiaohong နေပြည်တော်သို့ ရောက်လာပြီး မင်းအောင်လှိုင်ကို တွေ့ဆုံဆွေးနွေးရာတွင် ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ အရေးပါစီမံကိန်းကြီးများ လုံခြုံရေးကိစ္စတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ |
၀၃-၁၁-၂၀၂၃ | လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်အရာရှိအစည်းအဝေး တက်ရောက်ရန် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong ရောက်ရှိလာပြီး၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို တွေ့ဆုံ၍ “မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နယ်စပ်ဒေသတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်း၍ တရုတ်ဘက်နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို အာမခံပေးစေလိုပါကြောင်း” ဟု ပြောဆိုချက်မှာ ထူးခြားသည်။ လတ်တလော တရုတ်-မြန်မာနယ်စပ် စစ်ပွဲများတွင် စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ တရုတ်နိုင်ငံဘက်သို့ ကျရောက်ပြီး တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများနှင့် အိုးအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့မှုများကို ရည်ညွှန်းခြင်း ဖြစ်သည်။ |
တရုတ်နှင့် မြောက်ပိုင်း EAOs များအကြား ဆက်ဆံရေး၊
တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက် အခြေစိုက်ထားသော အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ရှိပြီး၊ ၎င်းတို့ ဖွဲ့စည်းပေါ်ပေါက်လာပုံ အချိန်ကာလ မတူညီကြပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/KIA) သည် ၁၉၆၁ ခုနှစ်တွင် တည်ထောင်ခဲ့သော သက်တမ်းအရင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး၊ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSPP/SSA-North) သည် ၁၉၆၄ ခုနှစ်တွင် တည်ထောင်သော ဒုတိယသက်တမ်းရင့် အဖွဲ့အစည်းဖြစ်သည်။
၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်းပြီး ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့သစ်များအဖြစ် ဝပြည် သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးအဖွဲ့ (NDAA) (ခေါ်) မိုင်းလားအဖွဲ့၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ (MNDAA) (ခေါ်) ကိုးကန့်အဖွဲ့တို့ ပေါ်ပေါက်လာပြီး စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲကာ ရှမ်းပြည်နယ် အရှေ့နှင့် အရှေ့မြောက်ဒေသ တရုတ်-မြန်မာနယ်စပ်တွင် အထူးဒေသများသတ်မှတ်ပြီး အခြေစိုက်ခွင့်ပြုခဲ့သည်။
၂၀၀၉ ခုနှစ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တို့သည် တရုတ်-မြန်မာနယ်စပ်တွင် အသီးသီးဖွဲ့စည်းပေါ်ပေါက်လာခဲ့ကြသည်။
မြောက်ပိုင်း ၇ ဖွဲ့နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို အစဉ်အလာအားဖြင့် တရုတ်၏ဩဇာ မလွန်ဆန်နိုင်သော EAOs များအဖြစ် သုံးသပ်ခဲ့ကြသည်။ ယင်းသုံးသပ်ချက်ကို ယခင်ရွေးကောက်ခံအစိုးရများလက်ထက် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်ချိန်တွင် ပို၍ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာခဲ့ကြသည်။
အကြောင်းမှာ တရုတ်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီရန် အထူးကိုယ်စားလှယ်တစ်ဦး ခန့်ထားပြီး၊ တရုတ်-မြန်မာနယ်စပ်တွင်လည်းကောင်း၊ ယူနန်ပြည်နယ် ကူမင်းမြို့တော်တွင်လည်းကောင်း၊ နေပြည်တော်တွင်လည်းကောင်း EAO ၇ ဖွဲ့နှင့် စစ်တပ်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်မြောက်အောင် ကြားဝင် စွမ်းဆောင်ပေးနိုင်ခဲ့သဖြင့် တရုတ်၏ ဩဇာက ထို ၇ ဖွဲ့ပေါ်တွင် ကြီးမားသည်ဟု သုံးသပ်ကြခြင်း ဖြစ်သည်။
အထူးသဖြင့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့သည် အချိန်နှင့်အမျှ တပ်အင်အားတည်ဆောက်မှု ကြီးထွားလာပြီး၊ တစ်နိုင်ငံလုံးရှိ EAOs များထဲတွင် အင်အားအကောင်းဆုံးအဖွဲ့များဖြစ်လာခြင်း၊ ၎င်းတို့ကိုင်စွဲနေသော လက်နက်များမှာ တရုတ်နိုင်ငံထုတ် လက်နက်များဖြစ်နေပြီး၊ တရုတ်နိုင်ငံ၏ လက်နက်ခဲယမ်းအရင်းအမြစ်များ ရရှိနေခြင်းကြောင့်ဟု သုံးသပ်ကြသည်။
သို့သော် တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့၏ လက်နက်များသည် မှောင်ခိုဈေးကွက်မှ ရရှိနေခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုအဖွဲ့များကို လက်နက်ထောက်ပံ့ပေးခြင်းမျိုးမရှိကြောင်း အမြဲ ငြင်းဆိုလေ့ရှိသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထိုစဉ်က စစ်တပ်ပါတီ ကြံ့ခိုင်ရေးအစိုးရနှင့် EAOs များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့်အခါ မြောက်ပိုင်း ၇ ဖွဲ့လုံး တညီတညွတ်တည်း ငြင်းဆန်ခဲ့ခြင်းအပေါ် စစ်တပ်နှင့် ကြံ့ခိုင်ရေးခေါင်းဆောင်များက တရုတ်နိုင်ငံအပေါ် သံသယရှိခဲ့ကြသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်များ စတင်သည့် ၂၀၁၂ ခုနှစ်တွင် သမ္မတဦးသိန်းစိန်အစိုးရ၏ အဓိကတာဝန်ရှိသူ ဝန်ကြီး ဦးအောင်မင်းက “ကျနော်တို့က တရုတ်ကို ကြောက်ရတယ်။ တရုတ်နဲ့ ပြဿနာမဖြစ်ရဲဘူး…သူတို့ စိတ်ဆိုးသွားရင် ကွန်မြူနစ်တွေကို ထောက်ခံမှု ပြန်လည်စတင်လာမယ်” ဟု ပြောခဲ့ဖူးသည်။ ဦးအောင်မင်းရည်ညွှန်းသော ကွန်မြူနစ်ဆိုသူများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသော UWSA, NDAA နှင့် MNDAA တို့ ဖြစ်သည်။
၂၀၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ရွေးကောက်ခံအစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရာတွင် နိုင်ငံရေးရပ်တည်ချက် တစ်သံတည်းဖြစ်စေရန် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့သည် “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ” (Federal Political Negotiation and Consultative Committee – FPNCC) ကို UWSA ၏ ဦးဆောင်မှုဖြင့် UWSA ဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် ပန်ခမ်းမြို့တွင် ဖွဲ့စည်းခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်၏ အာဏာသိမ်းမှု ပေါ်ပေါက်လာပြီးနောက် မြောက်ပိုင်း ၇ ဖွဲ့အကြား မတူညီသော ရပ်တည်ချက် ၃ မျိုး သိသိသာသာ ကွဲပြားသွားပြီး၊ ၎င်းတို့နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည်လည်း ကွဲပြားသက်ရောက်မှုများ ရှိလာခဲ့သည်။
UWSA, NDAA နှင့် SSPP/SSA-North တို့သည် အာဏာသိမ်းမှုကို မြန်မာအချင်းချင်းဖြစ်ပွားသော ပြဿနာအဖြစ် သတ်မှတ်ပြီး၊ တိုင်းရင်းသားများအနေဖြင့် ကြားနေရပ်တည်သင့်ကြောင်း သဘောထားရှိကြသည်။ ထို့ပြင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းပါဝင်လျက်ရှိသည်။
KIO/KIA သည် စစ်အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင်ပြီး၊ NUG နှင့် ပွင်လင်းစွာပူးပေါင်းရပ်တည်လျက် PDFs များကို လက်ခံကာ လေ့ကျင့်ဖွဲ့စည်း လက်နက်တပ်ဆင်ပေးသည်။ ထို့ပြင် လွန်ခဲ့သော ၂ နှစ်ခွဲလုံးလုံး KIA နှင့် PDF တို့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ကြသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော AA, TNLA နှင့် MNDAA သည် အစပိုင်းတွင် စစ်အာဏာသိမ်းမှုအပေါ် ထောက်ခံခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မည်သည့်သဘောထားမျှ ထုတ်ဖော်မပြသခဲ့ကြဘဲ၊ တစ်ဖက်တွင် PDFs များကို လေ့ကျင့်ဖွဲ့စည်း လက်နက်တပ်ဆင်ပေးခြင်းကို သိုသိပ်စွာ ကူညီထောက်ပံ့ကြသည်။ အခြားတစ်ဖက်တွင် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနှင့် ပဋိပက္ခဖြစ်မည်ကို လိမ်မာပါးနပ်စွာ ရှောင်ရှားခဲ့သည်၊ တရုတ်၏ ကြားဝင်တိုက်တွန်းမှုကြောင့် ယခုနှစ် အစောပိုင်းတွင် မိုင်းလား၌ စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ကြသည်။
တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွင် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးသည် အခြေခံအုတ်မြစ်သဖွယ် ရှိနေပါသည်။ ထိုအချက်ကို တရုတ်နှင့် စစ်ကောင်စီအကြား သံတမန်ရေးအရ တွေဆုံဆွေးနွေးမှုများနှင့် နှစ်ဖက်ထုတ်ပြန်ချက်တိုင်းတွင် အဓိကဖော်ပြလေ့ရှိသည်။ ထို့အတူ မြောက်ပိုင်း ၇ ဖွဲ့နှင့် တွေ့ဆုံတိုင်း တရုတ်အထူးသံတမန်သည် ထိုအချက်ကို အလေးအနက်ထား ဆွေးနွေးသည်။
တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးက တရုတ်အတွက် မည်သည့်အဓိပ္ပာယ်ဆောင်နေပြီး မည်မျှအရေးပါနေသည်ကို လေ့လာမည်ဆိုလျှင်လည်း စီးပွားရေးအကျိုးစီးပွားက အဓိကကျနေကြောင်း တွေ့ရှိရမည်ဖြစ်သည်။
နှစ်စဉ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးသည် ကန်ပိုက်တည်၊ လွယ်ဂျယ်၊ မူဆယ်၊ ချင်းရွှေဟော် စသည့် အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ဒေါ်လာဘီလျံများစွာ ကုန်သွယ်လျက်ရှိပြီး၊ မြောက်ပိုင်း EAOs များ ထိန်းချုပ်နယ်မြေမှ ထွက်ရှိသော သစ်၊ ကျောက်စိမ်း၊ မြေရှားသတ္တု၊ သံဖြူ စသည့် သယံဇာတများသည် ယူနန်ပြည်နယ်စီးပွားရေး၏ အသက်သွေးကြောသဖွယ်ရှိနေရုံမျှမက၊ မြန်မာ့မြေရှားနှင့် သံဖြူသည် တရုတ်နိုင်ငံမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကို ထိန်းချုပ်ထားသော သတ္တုများ ဖြစ်နေသည်။
တရုတ်အစိုးရ ဖော်ဆောင်လိုသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းမစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတို့သည် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ တို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်အစိုးရက အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး၊ မြောက်ပိုင်း ၇ ဖွဲ့နှင့် ယခင် ရွေးကောက်ခံအစိုးရများ/စစ်တပ်အကြား ထဲထဲဝင်ဝင် စေ့စပ်ညှိနှိုင်း အကျိုးဆောင်နေခြင်းသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် ကြိုးပမ်းခြင်းဟု နားလည်နိုင်ပါသည်။
တရုတ်၏အကျိုးစီးပွားနှင့် မူဝါဒရေးရာအလေးပေးမှုကို ကောင်းစွာသိထားသော ညီနောင်မဟာမိတ် ၃ ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်သည့် ပထမနေ့မှာပင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကုန်သွယ်လမ်းကြောင်းဖြစ်သော လားရှိုး-မူဆယ် အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့လိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေးတစ်ခုလုံး၏ ၉၅ ရာခိုင်နှုန်း ကုန်သွယ်နေသော မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များ လုံးဝပိတ်သွားခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်ကြာလာချိန်တွင် တရုတ်နယ်စပ်တစ်လျှောက်ရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုန်းကိုးနှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များ MNDAA ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး၊ လောက်ကိုင်မြို့မှာလည်း ဝိုင်းဝန်းပိတ်ဆို့ခံထားရသည်။
ထို့အတူ နန်းခမ်းမြို့မှာလည်း TNLA ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး၊ မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်လမ်းကြောင်းနှစ်ခုဆုံရာ သိန္နီမြို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီ ဖြစ်သည်။ စစ်ဆင်ရေးနယ်မြေသည် ရှမ်း (မြောက်) မှ စစ်ကိုင်းတိုင်းမြောက်ပိုင်းအထိ ကျယ်ဝန်းလာပြီ ကောလင်းခရိုင်မြို့သည် KIA/AA/PDF တပ်ပေါင်းစု၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီ ဖြစ်သည်။
ထိုအခြေအနေတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် နဂိုမူလအတိုင်း ပြန်လည်ရောက်ရှိရန် ကာလအတန်ကြာ အချိန်ယူရနိုင်ပြီး၊ ယင်းသည် တရုတ်အစိုးရ၏ အခြေခံမူဝါဒဖြစ်သော နယ်စပ်ဒေသတည်ငြိမ်ရေး လုံးဝပျက်စီးသွားခြင်း ဖြစ်သည်။ ယခင်က သုံးသပ်ခဲ့ကြသော တရုတ်၏ဩဇာ မြောက်ပိုင်း EAOs များ မလွန်ဆန်နိုင်သည့် အခြေအနေမဟုတ်တော့ပြီ ဆိုသည်မှာ ထင်ရှားလာပါသည်။
စစ်ကောင်စီနှင့် မြောက်ပိုင်း EAOs များ ဆက်ဆံရေး အရေးကြီးဆုံးအချိန်
အာဏာမသိမ်းမီအချိန်တွင် စစ်ကောင်စီနှင့် မြောက်ပိုင်း EAOs များ ဆက်ဆံရေးက ယေဘုယျအားဖြင့် တည်ငြိမ်မှုရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။ ရခိုင်ပြည်နယ်တွင် အပြင်းအထန်ဖြစ်ပွားနေခဲ့သော AA နှင့် တိုက်ပွဲများ ရွေးကောက်ပွဲမတိုင်မီ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆာဆာကာဝါ၏ စေ့စပ်ညှိနှိုင်းမှုရလဒ်ကြောင့်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များအဖြစ် ကြေညာထားပြီးဖြစ်သော မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ကျင်းပပေးရန် AA က တောင်းဆိုသလို၊ စစ်တပ်ကလည်း ထောက်ခံပြောဆိုလာခြင်းက လူအများကို မျက်စိလည်စေခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တိုင်းရင်းသားနိုင်ငံရေးပါတီများက အဓိကပြိုင်ဘက်အဖြစ် သဘောထားယှဉ်ပြိုင်ခဲ့ကြခြင်း၊ NLD ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဦးသိန်းစိန်အစိုးရလောက် ထိရောက်မှုမရှိဟု EAOs များက သဘောမကျဖြစ်နေသည်ဆိုသည့် အခြေအနေတွင် အစိုးရဖွဲ့နိုင်လောက်သည့် ထောက်ခံမဲ NLD မရရှိနိုင်ဟု မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်ပိုင်းက ယုံကြည်စေရန် ဆွဲဆောင်နိုင်ခဲ့သည်။
ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာသည့်အခါ NLD သည် ၂၀၁၅ ရွေးကောက်ပွဲထက်ပင် ပို၍အနိုင်ရခဲ့ပြီး၊ စစ်တပ်ပါတီ ကြံ့ခိုင်ရေးက ပို၍ရှုံးခဲ့သည်။ တိုင်းဒေသကြီးလွှတ်တော်များတွင် NLD နှင့် ၂၅ ရာခိုင်နှုန်း စစ်တပ်ကိုယ်စားလှယ်များသာ ရှိတော့သည့်အဖြစ်ကို ရောက်သွားသည်။
ထိုအခါ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းရန် မဲစာရင်းဗန်းပြ အာဏာသိမ်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရကို ဖယ်ရှား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စစ်တပ်က ပြန်လည်ဦးဆောင်၊ ရွေးကောက်ပွဲနည်းစနစ်ကို ပြောင်းလဲပြီး၊ တစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပပေးလိုက်လျှင် ဝိုင်းဝန်းထောက်ခံကြလိမ့်မည်ဟု မင်းအောင်လှိုင် တွက်ဆထားခဲ့ဟန်တူသည်။
သို့သော် မင်းအောင်လှိုင် တွက်ဆထားခဲ့သော အခြေအနေနှင့် ပြောင်းပြန်ဖြစ်ခဲ့သည်။ ပြည်သူများ၏ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင်တော်လှန်ရေးတွင် မြောက်ပိုင်း EAOs များထဲမှ KIA, AA, TNLA နှင့် MNDAA, တောင်ပိုင်း EAOs များဖြစ်သော KNU/KNLA, KNPP/KA နှင့် ABSDF, အနောက်ပိုင်းမှ CNF တို့သည် နည်းလမ်းမျိုးစုံဖြင့် ပါဝင်လာကြသည်။
သမိုင်းတွင် မကြုံဖူးသော အညာဒေသ (စစ်ကိုင်းနှင့် မကွေး) နှင့် ချင်းပြည်နယ်တွင် လက်နက်ကိုင်တော်လှန်ရေး အားအကောင်းဆုံး ဖြစ်လာသည့်အခါ ထိုအခြေအနေကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဟု မင်းအောင်လှိုင် ယူဆခဲ့ပြီး၊ ၂၀၂၂ ခုနှစ် တစ်နှစ်လုံး စစ်ဆင်ရေးအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။
ထိုအခါ စစ်ကိုင်းတိုင်းနှင့် ဆက်စပ်နေသော မြောက်ပိုင်း EAOs များ၏ လက်နက်ခဲယမ်းထောက်ပံ့မှုများကြောင့် (အထူးသဖြင့် KIA ကြောင့်) ဟု သုံးသပ်ကာ မင်းအောင်လှိုင်သည် KIA ကို ပစ်မှတ်ထားချေမှုန်းရေး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ကို NUG/PDF နှင့် ပူးပေါင်းထောက်ပံ့ခြင်းမပြုရန် တရုတ်မှတစ်ဆင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြိုးပမ်းလာသည်ကို တွေ့ရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် တရုတ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် အာဆီယံဆိုင်ရာ တရုတ်သံအမတ် တိန့်ရှီဂျွန်ကို ခန့်အပ်ခဲ့ပြီးနောက်၊ ဒီဇင်ဘာလထဲတွင် တိန့်ရှီဂျွန်က မြောက်ပိုင်း EAOs ခေါင်းဆောင်များကို တရုတ်-မြန်မာနယ်စပ်တွင်လည်းကောင်း၊ မင်းအောင်လှိုင်ကို နေပြည်တော်တွင်လည်းကောင်း အသီးသီး တွေ့ဆုံခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်လည်း တိန့်ရှီဂျွန်၏ စစ်ကောင်စီနှင့် မြောက်ပိုင်း EAOs များအကြား လွန်းထိုးတွေ့ဆုံညှိနှိုင်းမှုများ ရှိခဲ့သော်လည်း ခိုင်မာသောရလဒ်များ ထွက်ပေါ်မလာခဲ့ပေ။
ထိုကာလအတွင်း မြောက်ပိုင်း EAOs များ NUG/PDFs သို့ ပေးနေသော စစ်ရေးအထောက်အပံ့များ ဖြတ်တောက်ရန် စစ်ကောင်စီက တရုတ်အကူအညီဖြင့် ကြိုးပမ်းနေပြီး၊ တရုတ်အစိုးရကလည်း မြောက်ပိုင်း EAOs အဖွဲ့များကို NUG/PDFs နှင့် ကင်းကင်းနေရန် ဖိအားပေးနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးသည် ရှေ့မတိုးနောက်မဆုတ်အခြေအနေ ရောက်နေပြီ၊ ရေရှည်တွင် အရင်းအမြစ်များကို ထိန်းချုပ်ထားနိုင်သော စစ်ကောင်စီကသာ အားသာသွားလိမ့်မည်ဟူသော သုံးသပ်ချက်များ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။
မြောက်ပိုင်း EAOs ၇ ဖွဲ့ထဲမှ KIA တစ်ဖွဲ့တည်း စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေပြီး၊ KIA ဌာနချုပ် လိုင်ဇာကို ချေမှုန်းရန် မင်းအောင်လှိုင် ခြေလှမ်းပြင်ချိန်တွင် တစ်ချိန်က KIA နှင့်အတူ မြောက်ပိုင်းမဟာမိတ် (Northern Alliance) ဖြစ်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာပြီး၊ နွေဦးတော်လှန်ရေးချိန်ခွင်လျှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ခြုံငုံသုံးသပ်ချက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုအပေါ် တရုတ်အစိုးရ၏ ရပ်တည်ချက်သည် အာဏာသိမ်းဗိုလ်ချုပ်များစိတ်ကြိုက် ဖြစ်ခဲ့သည်။ ယခုအခါ မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂနှင့် အထူးသဖြင့် ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အာဆီယံအသင်းကြီး၏ ရပ်တည်ချက်များကို ဆန့်ကျင်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အကာအကွယ်ပေးခြင်းမျိုးကိုမူ မလုပ်တော့ပေ။
မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင်တော်လှန်းအပေါ် စစ်ကောင်စီ ဝါဒဖြန့်နေသော အကြမ်းဖက်လုပ်ရပ်များအဖြစ် ပြောဆိုခြင်းကို တရုတ်အစိုးရ သတိကြီးစွာ ရှောင်ရှားခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအတွင်းမှ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရေးကို တိုက်တွန်းပြောဆိုလျက်ရှိသည်။
မြန်မာပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေး နိုင်ငံအနှံ့ ကျယ်ပြန့်လာခြင်းကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများ ထိခိုက်ဆုံးရှုံးမည့်အရေးက တရုတ်အစိုးရ၏ အဓိကစိုးရိမ်ချက်ဖြစ်သည်။ ထို့ကြောင့် တရုတ်အစိုးရသည် စစ်ကောင်စီကို နိုင်ငံတွင်းရှိ တရုတ်၏အကျိုးစီးပွားများကို အကာအကွယ်ပေးရန် ဖိအားပေးခဲ့သလို၊ တရုတ်-မြန်မာနယ်စပ်ရှိ EAOs များကိုလည်း အလားတူ ဖိအားပေးမှုများ ရှိနိုင်ပါသည်။
စစ်အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာနယ်စပ်ကို အခြေပြုပြီး အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများက တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည်အထိ သောင်းကျန်းလာချိန်တွင် တရုတ်၏ စစ်ကောင်စီအပေါ် စိတ်ရှည်သည်းခံမှု လျော့ပါးလာပြီး၊ ပြင်းပြင်းထန်ထန် ဖိအားပေးလာသည်။ ထို့အတူ အစဉ်အလာအရ တရုတ်အစိုးရ ဩဇာလွှမ်းမိုးမှုအရှိဆုံးဟု ယူဆထားသော UWSA ထိပ်ပိုင်းခေါင်းဆောင်တချို့ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်လာသည်ဟု ၎င်းတို့ ယူဆလာသည့်အခါ တရုတ်အစိုးရသည် ခြေမြန်လက်မြန် အရေးယူဆောင်ရွက်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီး ကျားဖျန့် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ စစ်ကောင်စီထိန်းချုပ်ထားသော လောက်ကိုင်မြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝိုင်းပတ်ပိတ်ဆို့လာသည့်အချိန်မှ စစ်ကောင်စီသည် မြို့တွင်းရှိ ငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေကြသည်ဟု ယူဆရသော တရုတ်နိုင်ငံသား ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှားနိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့သည်ဟု မင်းအောင်လှိုင်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ အရေးပေါ် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဖမ်းမိသော တရုတ်နိုင်ငံသား ၇၃၉၅ ဦးထဲမှ ၆၈၉၂ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်ဟု ဖော်ပြထားသော်လည်း၊ ကျန်ရှိသော ၅၀၃ ဦးကို အဘယ်ကြောင့် မလွှဲပြောင်းပေးသည်ကို မသိရှိရပါ။ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ဆင်နွှဲနေသော MNDAA ၏အဆိုအရ အဓိက ငွေလိမ်ဂိုဏ်းခေါင်းဆောင်များကို လောက်ကိုင်မှ စစ်ကောင်စီ ပြောင်းရွှေ့ပေးခဲ့သည်ဟု သိရှိရသည်။
“၁၀၂၇ စစ်ဆင်ရေး” သည် တရုတ်-မြန်မာဆက်ဆံရေးအခြေခံအုတ်မြစ်ကို ကိုင်လှုပ်ခဲ့ပြီ ဆိုသည့်အချက်က သေချာပါသည်။ သို့သော် တရုတ်သည် ၎င်း၏အကျိုးစီးပွားကိုသာ ကြည့်သော အိမ်နီးချင်းအဖြစ် ပို၍ ပေါ်လွင်ထင်ရှားလာသလို၊ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို အလွန်အကျွံ သုံးသပ်ခဲ့ကြသည့်အချက်မှာလည်း ပို၍ ပေါ်လွင်ထင်ရှားလာပါသည်။
လက်ရှိအခြေအနေတွင် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြောက်ပိုင်း EAOs များ၏ ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင် အမြတ်ပြတ်ရေးတိုက်ပွဲများဖြင့် နွေဦးတော်လှန်ရေးထဲ ပူးပေါင်းပါဝင်လာခြင်းကို တရုတ်အစိုးရ ပိတ်ဆို့ဟန့်တားခြင်းမပြုသရွေ့ မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများ လုံခြုံရေးကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု နားလည်သင့်ပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)