သတင်း

ထီးချိုင့်မြို့တိုက်ပွဲ ဆက်လက်ပြင်းထန်၊ လေတပ်က မြို့ပေါ် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်ရှိ စစ်တပ်ကို ဝိုင်းတိုက်နေကြသော KIA, AA, ABSDF, PDF နှင့် ဒေသခံတပ်များ ရှိနိုင်သည့် နေရာများကို လေတပ်က ဗုံးကြဲနေသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို သိမ်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများက နိုဝင်ဘာ ၈ ရက်နေ့ကတည်းက ထိုးဖောက်တိုက်ခိုက်နေရာ ယနေ့ (နိုဝင်ဘာ ၁၀) တွင် စစ်ကောင်စီက လေတပ်သုံးပြီး ပြင်းပြင်းထန်ထန် ခုခံနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

စစ်ကောင်စီလေတပ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) အပါအဝင် ထီးချိုင့်အခြေစိုက် PDF တပ်များနှင့် ဒေသကာကွယ်ရေးအဖွဲ့များ ရှိနိုင်သည့် ရပ်ကွက်ကျေးရွာအချို့ကို သုံးရက်ဆက် ဗုံးကြဲနေသည်။

ယနေ့နံနက် တိုက်လေယာဉ် ၄ စီးနှင့် ရဟတ်ယာဉ်တစ်စီး ရောက်လာသည်ဟု ထီးချိုင့်-PDF တစ်ဦးက ပြောသည်။

“တိုက်လေယာဉ်က ၄ စီး ၊ MI 35 က တစ်စီး အားလုံးပေါင်း ၅ စီး၊ ဒီတစ်မနက်တည်းတင် လာပစ်တာ” ဟု အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။

ထီးချိုင့်မြို့ပေါ်ရှိ ရဲစခန်းကုန်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြတောင်လမ်းဆုံနေရာ၊ ထီးချိုင့်တံတားတို့ကို စစ်ကောင်စီတပ်က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး ကျန်နေရာများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။

ယနေ့တွင်လည်း မြတောင်လမ်းဆုံရှိ တံတားထိပ်နှင့် စာသင်ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်များက ဆက်လက်ခုခံနေသည်ဟု အထက်ပါ PDF အမျိုးသားက ဆိုသည်။

“နှစ်ဖက်လုံးကို တစ်ပြိုင်တည်း တိုက်နေတာ၊ မြတောင်ဘက်မှာက လမ်းဆုံ တံတားထိပ်ရော၊ ကျောင်းဝင်းထဲကိုရော နှစ်ခုလုံးကို တိုက်နေတာ။ ထီးချိုင့်မြို့ပေါ်က ရဲစခန်းကုန်းတစ်ခုတည်းပဲ”

ယနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်၊ ဆိုင်ခန်းများ မီးလောင်ပျက်စီးသည်၊ ထိခိုက်သေဆုံးမှုအရေအတွက်ကို  အတည်မပြုနိုင်သေးကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပြည်သူ ၅ ယောက် ကျတယ်လို့ သိထားတယ်။ ဒါပေမဲ့ စာရင်းက မနေ့ ၂ ယောက်၊ အရင်ရက်က ၂ ယောက်နဲ့ ၄ ယောက်ပဲ အတည်ပြုလို့ ရသေးတယ်။ ဒီနေ့ကာကွယ်ရေးအဖွဲ့က ၂ ယောက်လို့ ကြားတယ်”

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်လိုက်အပြီး နိုဝင်ဘာ ၇ က တွေ့ရသော ကောလင်းမြို့။ (ဓာတ် ပုံ-KR)

မြို့များကို သိမ်းပိုက်သည်အထိ ကျယ်ပြန့်လာသည့် တိုက်ပွဲများမှာ နွေဦးတော်လှန်ရေးကာလအတွင်း အကြီးမားဆုံး၊ လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုအရှိဆုံး တိုက်ပွဲများ ဖြစ်လာသည်။

စစ်ကိုင်းနှင့် ကချင်နယ်စပ် တိုက်ပွဲများတွင် KIA က ပူးပေါင်းပါဝင်နေသလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA ကလည်း “၁၀၂၇” စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် ကောလင်းနှင့် ထီးချိုင့်အစပ်တွင် ဝင်ရောက် တိုက်ခိုက်နေသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ထီးချိုင့်မြို့အနီး တိုက်ပွဲများဆက်ဖြစ်နေကြောင်း Myanmar Now ကို ယနေ့ ပြောသည်။

“ထီးချိုင့်ဘက်မှာ သိမ်းတာတော့ မကြားသေးဘူး။ ဒီမနက်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားတယ်။ အသေးစိတ်အခြေအနေကတော့ မကြားသေးဘူး”

ဒေသခံတို့ ပိတ်မိနေသည့် ရပ်ကွက်များသည် လေကြောင်းမှ တိုက်ခိုက်မှု ခံနေရပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ပိတ်မိနေသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်က ပြောသည်။

ထီးချိုင့်၏ အနောက်ဘက် မိုင် ၅၀ ကျော်အကွာတွင် ရှိသည့် ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၆ ရက်တွင် သိမ်းပိုက်လိုက်ပြီးနောက် ထီးချိုင့်မှ ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများသည် မြို့မှ စတင်တိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးပြမြေပုံတွင် ထီးချိုင့်မြို့ကို တွေ့မြင်ရစဉ်။ (မြေပုံ – MIMU)

ထိုနေ့တွင် မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများအားလုံး ပိတ်သိမ်းပြီး စစ်ကောင်စီတပ်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတချို့မှာ ထီးချိုင့်ရဲစခန်းအတွင်းသို့ ပြောင်းရွှေ့သွားသည်၊ ရဲစခန်းကို ကွန်ကရစ်ဘန်ကာများဖြင့် အခိုင်အမာ ခံစစ်ပြင်ခဲ့ကြသည်။

နိုဝင်ဘာ ၈ ရက်၊ မွန်းလွဲပိုင်းတွင် တော်လှန်ရေးအင်အားစုက တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်ပြီးနောက် ထီးချိုင့်မြို့တွင်း၌ တိုက်ပွဲ စတင်ဖြစ်ပွားလာသည်။

ထီးချိုင့်မြို့သိမ်းရန် ကြိုးစားနေသည့် တိုက်ပွဲသည် မရပ်မနားဖြစ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များ စုပေါင်းတပ်ထိုင်ထားသည့် မြို့ပေါ်ရဲစခန်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်ဟု ထီးချိုင့်-PDF အဖွဲ့ဝင်က ယနေ့ မွန်းလွဲတွင် ပြောသည်။

“တိုက်ပွဲက လုံးဝမနားသေးပါဘူးဗျ၊ ဟိုရက်က ဖြစ်ကတည်းကကို အခုအထိ မရပ်မနားဖြစ်နေကြတာ၊ ကျွန်တော်တို့ဘက်ကတော့ အကျအဆုံး မရှိသေးပါဘူးဗျ၊ အထိအခိုက်ကတော့ နည်းနည်းပါးပါးရှိနေတယ်” ဟု ထိုသူက ဆိုသည်။

ယမန်နေ့က လေယာဉ်များဖြင့် မြို့တွင်းသို့ အကြိမ်ကြိမ် ဗုံးကြဲသည်၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်က စစ်ကောင်စီတပ်အတွက် လက်နက်ခဲယမ်းများ ချပေးခဲ့သည်ဟု မြစ်အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဝင်နေသည့် အထက်ပါ ထီးချိုင့်-PDF အဖွဲ့ဝင်က ပြောပြသည်။

မြစ်အရှေ့ဘက်ကမ်း မြတောင်လမ်းဆုံအနီး ရဟတ်ယာဉ်က လက်နက်ခဲယမ်း ချပေးနေစဉ် တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 တစ်စီးက အနီးတွင် ပျံဝဲကာ လုံခြုံရေးယူပေးနေခဲ့သည်ဟု သူက ဆိုသည်။

အောက်တိုဘာ ၂၇ ရက်နေ့မှစတင်သည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာသည်။

ထိုနေ့မှာပင် ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သည့် တပ်များက ထီးချိုင့်မြို့နယ်တွင် စစ်ဆင်နေခြင်းဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က အောက်တိုဘာ ၃၀ တွင် ထုတ်ပြန်သည်။

စစ်ကောင်စီကလည်း စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ပြောဆိုထားသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ကောလင်းမြို့တွင်း PDF များ ဝင်ရောက်သွားကြောင်း၊ ထီးချိုင့်မြို့အနီး တိုက်ပွဲဖြစ်နေကြောင်း ပြောသည်။

“စစ်ကိုင်းတိုင်းဘက်မှာတော့ ကောလင်းမြို့ထဲကို ဝင်ရောက်သွားတာရှိတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့ PDF နဲ့ KIA ပူးပေါင်းပြီး KIA ဟာ စစ်ကိုင်းတိုင်းထဲမှာ လာပြီး တိုက်ကွက်ဖော်နေတာ ဖြစ်တယ်။ ဒီနေ့မှာတော့ ထီးချိုင့်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်မီဒီယာ မြဝတီကို ယနေ့ ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့နယ်တချို့ ဝင်ရောက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ သတင်းအမှားများ ထွက်ပေါ်နေသည်ဟု သူက ဆိုသည်။

“စစ်ကိုင်းတိုင်းဘက်မှာ ဖြစ်နေတဲ့ ထီးချိုင့်တို့၊ ကသာတို့၊ ကောလင်းတို့ နေရာမျိုးပေါ့။ ဖြစ်ပွားနေတဲ့နေရာတွေဟာလည်း စစ်ကိုင်းတိုင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါတွေကို ကျယ်ပြန့်နေတဲ့ပုံစံနဲ့ ဝါဒဖြန့်ချိပြီးတော့ အကြောက်တရား စိုးရိမ်မှုအပေါ်မှာ မူတည်ပြီးတော့ ဝါဒဖြန့်ချိတာမျိုး ဖြစ်ပါတယ်” ဟု အာဏာသိမ်းစစ်ကောင်စီ၏ ပြောခွင့်ရအရာရှိက ဆိုသည်။

၂၀၂၂ နှစ်ကုန်ပိုင်းတွင် စစ်တပ်က မီးရှို့ခံခဲ့ရသော ထီးချိုင့်မြို့နယ်၊ လေသာရွာ။ (ဓာတ်ပုံ-TR)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button