
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေချိန်တွင် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့များကိုလည်း တော်လှန်ရေးတပ်များက တစ်ပြိုင်နက် တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။
အောက်တိုဘာ ၂၇ ရက်နေ့က အစပြုသည့် စစ်ဆင်ရေး ၁၂ ရက်မြောက်နေ့တွင် စစ်ကောင်စီစခန်း ၁၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းပိုက်နိုင်ခဲ့သည်၊ စစ်ကောင်စီတပ်သား ရာနှင့်ချီ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်၊ စစ်သုံ့ပန်း ရာနှင့်ချီ ဖမ်းမိထားသည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ပြောခွင့်ရ ကိုကျော်နိုင် ခေါ် လီကျားဝင်းက Myanmar Now ကို ပြောသည်။
“သိမ်းပိုက်ထားနိုင်တဲ့ မြို့တွေက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ နမ့်ခမ်း၊ မုံးကိုး ဒီမြို့တွေကိုတော့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တယ်။ ကွမ်းလုံ၊ သိန္နီ၊ ပန်ဆိုင်း (ကြူကုတ်) မြို့တွေကို ထိန်းတော့ထိန်းနိုင်ပေမဲ့ စစ်ကောင်စီတပ်တွေကတော့ ရှိနေပါသေးတယ်။ စစ်ဆင်ရေးတွေကတော့ ဆက်လက်ဖော်ဆောင်နေတုန်းပါ” ဟု ၎င်းက ဆိုသည်။
ထိုသို့ ရှမ်းမြောက်တွင် စစ်ကောင်စီ အထိနာစေသည့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန် နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း မြို့ကြီးများရှိ စစ်တပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေကြသည်။
နိုဝင်ဘာ ၃ တွင် မကွေးတိုင်း ဂန့်ဂေါခရိုင် မင်းရွာ ရဲကင်းစခန်း၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှမြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စခန်းများ၊ ရဲစခန်းများကို တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်ပြီး သိမ်းပိုက်လျက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က နိုဝင်ဘာ ၄ တွင် ထုတ်ပြန်ထားသည်။
မြို့သိမ်းတိုက်ပွဲများ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေချိန် မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းရှိ ခရိုင်မြို့ကြီးတစ်မြို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
နိုဝင်ဘာ ၆ နံနက်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကောလင်းမြို့ပေါ်တွင် ပြည်သူ့တော်လှန်ရေးအလံတော်ကို လွှင့်ထူနိုင်ခဲ့သည်ဟု MOD က ထုတ်ပြန်ထားသည်။
ထို့နောက် နိုဝင်ဘာ ၇ တွင် ကလေး- တမူး ကားလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု MOD က ဆက်လက်ထုတ်ပြန်သည်။
နိုဝင်ဘာ ၃ က စတင်ပြီး ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေးတပ်၏ ဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ပြီး ၃ ရက်အကြာတွင် စစ်တပ်၏ လက်နက်ကိုင်တပ်များ၊ အုပ်ချုပ်ရေးယန္တရားများအားလုံးကို မောင်းထုတ်နိုင်ခဲ့သည်ဟု MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။
“ဒီမနက်မှာတော့ ကောလင်းမြို့ကို အောင်အောင်မြင်မြင်နဲ့ ထိန်းချုပ်နိုင်ခဲ့ပြီ။ ပထမဆုံးသော မြို့သိမ်းတိုက်ပွဲမှာ ခရိုင်မြို့ကြီးတစ်မြို့ကို အောင်အောင်မြင်မြင်နဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက နိုဝင်ဘာ ၆ တွင် ပြောသည်။
ကောလင်းမြို့ မြို့နယ်ထွေအုပ်ရုံးတွင် ခုခံနေသည့် စစ်သားများ အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲကို အပြီးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ကျန်တဲ့ဒေသတွေမှာလည်း ဆက်စပ်ပြီးတော့ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲသွားဖို့ ရှိတယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ဦးမောင်မောင်ဆွေက ဆက်ပြောသည်။
နိုဝင်ဘာ ၈ အထိ ရှမ်းပြည်နယ်တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ သိန္နီ၊ နမ့်ခမ်း၊ မုံးကိုးမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ ခါမ်းပါတ်မြို့အပါအဝင် စုစုပေါင်း မြို့ ၈ မြို့ကို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ကသာ၊ ထီးချိုင့်၊ ကျွန်းလှ၊ ဟုမ္မလင်း၊ ကလေး၊ တမူး မြို့တို့ကိုလည်း မဟာမိတ်တော်လှန်ရေးတပ်များက ပူးပေါင်းထိုးစစ်ဆင်နေပြီး မကြာမီ အချိန်တွင် ထိန်းချုပ်နိုင်တော့မည်ဟု MOD နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ရှမ်းမြောက်တိုက်ပွဲကို ထောက်ခံသည့် ကရင်နီတိုက်ပွဲ
၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့်အနေဖြင့် ထိုင်း-မြန်မာနယ်စပ် ကရင်နီ (ကယား) ပြည်နယ်တွင်လည်း ၁၁၀၇ စစ်ဆင်ရေးကို ဖော်ဆောင်နေပြီး မယ်စဲ့မြို့နယ်၊ ပန်းတိန်းကျေးရွာရှိ စစ်တပ် တပ်စခန်း ၂ ခုကို နိုဝင်ဘာ ၇ တွင် သိမ်းပိုက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံအရှေ့ဘက် ထိုင်း-မြန်မာနယ်စပ်ရှိ နယ်စပ်မြို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ပြီး ယခု သိမ်းပိုက်ရရှိသည်မှာ နယ်ခြားစောင့်တပ် အပြင်ဘက်ရှိ တပ်စခန်းများ ဖြစ်သည်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက အမှတ် (၁၀၀၄) နယ်ခြားစောင့်စခန်းကို မသိမ်းပိုက်နိုင်သေးပေ။ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းခံထားရသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ဝင်များက ယခုနှစ် ဇွန်တွင် မိခင်တပ်ရင်းနှင့် ပြန်လည် ပူးပေါင်းခဲ့ရာမှ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
ထိုနယ်ခြားစောင့်စခန်းကို စစ်တပ်က လေကြောင်းစစ်ကူ အသုံးပြုကာ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်ပြီး ပြန်လည် ရယူသွားသော်လည်း မယ်စဲ့မြို့ကို ပြန်မရသေးပေ။
၁၁၀၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုသည့် စစ်ဆင်ရေးဖြစ်ပြီး တစ်နိုင်ငံလုံး ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) တွဲဖက်အတွင်းရေးမှူး ရဲဘော်လောရင်စိုးက Myanmar Now ကို ပြောသည်။
“၁၀၂၇ တော်လှန်ရေးရဲ့ အရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ တစ်နိုင်လုံးမှာ အနှံ့အပြားတွေ့နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာ ရန်သူ စစ်အုပ်စု စစ်အာဏာရှင်စနစ်က ဒီလိုထိခိုက်နစ်နာမှုမျိုး၊ ဆုံးရှုံးမှုမျိုးက တစ်ခါမှ မကြုံတွေ့ခဲ့ဖူးဘူး” ဟု ၎င်းက ဆိုသည်။
ယခုအချိန်တွင် စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရား၊ စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ပြည်သူလူထု တစ်ရပ်လုံးက လက်မခံနိုင်တော့ဘဲ ပူးပေါင်းတိုက်ခိုက်သည့် တော်လှန်ရေးဖြစ်ပြီး မကြာမီ အောင်ပွဲများရတော့မည်ဟု ၎င်းက ဆက်ပြောသည်။
“ပြည်သူလူထုနဲ့ စစ်အုပ်စုနဲ့ ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်က သေချာပြောနိုင်တာတော့ ဒီတစ်ချီမှာ စစ်အာဏာရှင်စနစ် မုချ ပြုတ်ကျမယ်ဆိုတာကို အလေးအနက် ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတောင်ပိုင်း ထိုးစစ်
ရှမ်းမြောက်ဒေသထိုးစစ်ကြီး အစပြုသည်နှင့် နိုင်ငံတောင်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များကလည်း ၎င်းတို့ခွင်ထဲမှ စစ်စခန်းများကို တိုက်ခိုက်ကြသည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကွီးလုံတိုင် (ကွီးလက်တဲ)၊ မြဝတီမြို့နယ် ဝေါလေဒေသရှိ ကနဲလေးစခန်းတို့ကို နိုဝင်ဘာ ၂ တွင် ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အချိန်ကိုက် စစ်ရေးအရှိန်မြှင့်လိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ကို အဆက်မပြတ် တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။
“မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ ပူးတွဲ တိုက်ပွဲဝင်တဲ့ ရည်ရွယ်ချက်ပါ။ ကျွန်တော်တို့ တိုက်နေတာ တောက်လျှောက်ဆိုပေမဲ့လည်း အခုလို မြောက်ပိုင်းအဖွဲ့တွေက ထတိုက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ဘက်က စစ်ရေးအရှိန်ကို မြှင့်တာပါ” ဟု KNU တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးနယ်ဒါးထူးက နိုဝင်ဘာ ၂ က ပြောထားသည်။
နိုဝင်ဘာ ၂ တွင် တစ်ရက်လုံး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးပစ်ကူများ၊ ရဟတ်ယာဉ်များ အသုံးပြုပြီး ပြန်လည်ခုခံရာ ဒေသခံ အထိအခိုက်များခဲ့သောကြောင့် နောက်တစ်နေ့တွင် KNU, PDF ပူးပေါင်းတပ် ပြန်လည် ဆုတ်ခွာခဲ့ရသည်။

ဟန်ချက်ညီ စစ်ဆင်ရေး
ညီနောင် ၃ ဖွဲ့က စစ်ဆင်ရေး အစပြုသည်နှင့် MOD ကလည်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး နိုင်ငံတစ်နိုင်ငံလုံးတွင် စစ်ဆင်ရေးများ ဖော်ဆောင်နေသည်။
ထိုစစ်ဆင်ရေးကို ဟန်ချက်ညီစစ်ဆင်ရေး (Coordinated Attacks) ဟု အမည်ပေးထားပြီး Operation 1027 စစ်ဆင်ရေးနှင့် အတူတကွ ဟန်ချက်ညီညီ ဖော်ဆောင်နေသည်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင် တိုက်ပွဲများစွာ ဖော်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့များကို ရှင်းလင်းနိုင်ခဲ့သည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။
“ပင်မ မဟာဗျူဟာကတော့ လမ်းများအားလုံး နေပြည်တော်ဆီသို့ ဆိုတဲ့ နေပြည်တော်မှာ ရှိတဲ့ အကြမ်းဖက် စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းဖို့ဖြစ်တဲ့အတွက် အဲဒီဗျူဟာအတိုင်းကို တဖြည်းဖြည်းချင်း နေပြည်တော်နားကို ကပ်ပြီးတော့ စခန်းတွေ၊ မြို့တွေကို မဟာဗျူဟာအရကို လမ်းကြောင်းတစ်လျှောက်မှာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ချေမှုန်းတိုက်ခိုက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
အောက်တိုဘာလကုန်ပိုင်းက စတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်များ ပြင်းထန်လာပြီးနောက် အထိနာလာသည့် စစ်တပ်သည် ကချင်-စစ်ကိုင်းနယ်စပ်မှ တပ်စခန်းများကို မုံရွာရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာသို့ ရွှေ့လိုက်သည်။
ချင်းတွင်းမြစ်အနောက်ဘက် ယင်းမာပင်မြို့နယ်တွင် တပ်စွဲထားသည့် တပ်များ၊ ခင်ဦးမြို့နယ်တွင် တပ်စွဲထားသည့် တပ်များ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲဝင်များက ပြောသည်။
ထိုသို့ ရှမ်းမြောက်တွင် အရေးနိမ့်နေသည့် စစ်တပ်က မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့နှင့် တရုတ်နယ်စပ် မူဆယ်မြို့တို့ကို အဓိက ချိတ်ဆက်ထားသည့် ပြည်ထောင်စုလမ်းမတစ်လျှောက်တွင် စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည်။
စစ်တပ်က အရပ်ဘက်မော်တော်ယာဉ်များကို အသုံးပြုလာနိုင်သည်ဟု MNDDA ပြောခွင့်ရ ကိုကျော်နိုင် (ခ) လီကျားဝင်းက ပြောသည်။
“ပြည်သူလူထုတစ်ရပ်လုံးကို ပန်ကြားချင်တာက အခု ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ် ပိတ်ပင်ထားတယ်။ ပိတ်ပင်ထားတဲ့ ထုတ်ပြန်ချက်ကိုတော့ အလေးထားဆောင်ရွက်ပေးပါ။ စစ်ကောင်စီတွေက ပြည်ထောင်စုလမ်းမတစ်လျှောက်မှာ စစ်အင်အားဖြည့်ဖို့ ကြိုးစားနေတယ်” ဟု ၎င်းက ပြောသည်။
“သူတို့က စစ်ယာဉ်နဲ့ မလာဘဲနဲ့ အရပ်ကားယာဉ်နဲ့ လာတတ်တာရှိတယ်။ အဲ့အချိန်ကျရင် အရပ်သားယာဉ်လား၊ စစ်ကောင်စီတို့ ဟန်ဆောင်ထားတဲ့ ထောက်/ပို့ယာဉ်လားဆိုတာ ကျွန်တော်တို့ ခွဲခွဲခြားခြား သိနိုင်ဖို့ ခက်သွားပြီ၊ ဆိုတော့ မကောင်းတဲ့အခြေအနေ ဖြစ်မှာစိုးလို့ပါ”

စိတ်ဓာတ်ပျက်ပြားနေသည့် စစ်ကောင်စီတပ်
ရှမ်းမြောက်က စတင်ဖော်ဆောင်လိုက်သည့် စစ်မီးမှာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထိ အရှိန်အဟုန်ပြင်းထန်စွာ ကူးစက်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာလည်း စစ်ရေးရှုံးနိမ့်မှုဒဏ်ကြောင့် စိတ်ဓာတ်ပျက်ပြားနေကြသည်ဟု လေ့လာသူများက သုံးသပ်သည်။
စစ်ကောင်စီတပ်သားများ စိတ်ဓာတ်ပျက်ပြားနေသည့် အချိန်ကို အခွင့်ကောင်းယူပြီး စစ်ကိုင်း၊ မကွေးမှ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်အထိ တိုက်ပွဲအရှိန်ကို မြှင့်တင်နိုင်ပါက နွေဦးတော်လှန်ရေး၏ အောင်ပွဲမှာ ထင်ထားသည့်အချိန်ထက် ပိုစောပြီး ရောက်လာလိမ့်မည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“နောက်ထပ် တစ်မြို့ပြီး တစ်မြို့ပေါ့၊ ကောလင်းပြီးရင် ဘယ်မြို့လဲ ဆိုတာတော့ ပြောလို့ မကောင်းသေးဘူးပေါ့။ မန္တလေးကို သိမ်းလို့ ထိန်းချုပ်လို့ရမယ့် အချက်အချာကျတဲ့ လမ်းကြောင်းမြို့တွေကို တစ်ခုပြီးတစ်ခု သိမ်းလာနိုင်မယ်လို့ မြင်ပါတယ်။ သူတို့ရဲ့ တိုက်စစ်ကြီးက လုံးဝ ကြီးပါတယ်”
စစ်ကောင်စီလက်နက်ကိုင်တို့က တပ်စခန်းများမှ ထွက်ပြေးရန် ပြင်ဆင်နေကြသည်ဟု ဖရဲသီး ခေါ် တပ်တွင်းသတင်းပေးများထံမှ သိရကြောင်း ၎င်းက ဆက်ပြောသည်။
“ရှမ်းမြောက်ရဲ့ဂယက်ကြောင့် စစ်ဆေးရုံတွေမှာဆိုလည်း အတိုအပြတ် ….မသေမရှင်တွေ အများကြီး လက်မလည်နိုင်အောင် ကုနေရတယ်။ ထားစရာမရှိတဲ့ အနေအထားတောင် ရောက်နေတယ်လို့ စစ်ဆေးရုံတွေက ဖရဲသီးတွေက ကျွန်တော်တို့ကို လှမ်းပြီးတော့ ပြောလာတာလေးတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
“စစ်တပ်ရဲ့ မြေပြင်တပ်မှူးတွေ၊ တပ်ရင်းမှူးတွေ၊ တပ်ခွဲမှူးတွေ၊ ဗျူဟာမှူး အဆင့်လောက်ထိတောင် ပါတယ်။ သူတို့တွေ စစ်စရှုံးပြီဆိုတဲ့ အသိကို လက်ခံလာပြီ။ သူတို့ဘဝ သူတို့အသက်အတွက် ကိုယ်လွတ်ရုန်းပြေးဖို့တွေ စစ်တပ်ဘက်က အများကြီး ပြင်ဆင်နေပါတယ်”
ကိုယ်လွတ်ရုန်းပြေးရန် ပြင်ဆင်နေကြသူများထဲတွင် မြေပြင်ရှိ ဗျူဟာမှူး၊ တပ်မှူး၊ တပ်ရင်းမှူးများပင် ပါဝင်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
“ဗျူဟာမှူးအဆင့်လောက်က စစ်ရှုံးနေတာကို လက်ခံလာပြီ။ နောက်ပိုင်း တိုင်းမှူးတွေ က.စ.ထ မှူးတွေပါ သူတို့ စစ်ရှုံးပြီဆိုတာကို လက်ခံလိုက်ပြီဆိုရင် သူတို့တွေ နောက်ဆုံးထွက်ပေါက်ပေါ့ ပြည်သူ့ဘက်ကို ပေါင်းတယ်ပဲပြောပြော စစ်တပ်ကို နည်းမျိုးစုံနဲ့ စွန့်ခွာဖို့ ကြိုးစားလာတာကို မြင်ရမှာပါ” ဟု ဆိုသည်။
၂၀၂၁ နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းစဉ် စစ်တပ်က လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ကောင်စီက တပ်များကို နိုင်ငံအနှံ့တွင် ဖြန့်ထားရသည်။
စစ်ပွဲကြီးများ ဖြစ်ခဲ့ဖူးသည့်၊ နားလည်မှုဖြင့် အပစ်ရပ်ထားသည့် ရခိုင်ပြည်နယ်တွင်လည်း စစ်ရိပ်စစ်ငွေ့များ သန်းလာနေသည်။
ရှမ်းမြောက်နှင့် စစ်ကိုင်းအတွင်း ဒေသတချို့တွင် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင် အနိုင်ရရှိနေသော်လည်း စစ်တပ်တွင် လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူ စသည့် အားသာချက်များ ရှိနေသည်။
လေကြောင်းပစ်ကူ ရှိလျှင်လည်း မြေပြင်တပ်ကူအင်အားက အရေးကြီးသည်ဟု အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဦးကျော်ဇေယျက သူ၏ Facebook စာမျက်နှာတွင် နိုဝင်ဘာ ၆ ရက်နေ့က ရေးသားထားသည်။
“ဝေဟင်က လေယာဉ်နဲ့ ပစ်ခတ်စဉ် ကောင်းသော်လဲ ခြေလျင်တပ် ဝင်မကယ်၊ မြေနေရာ သိမ်းဖို့မလွယ်” ဟု တိုက်ပွဲဖြစ်စဉ်များကို စောင့်ကြည့်နေသည့်၊ လက်ရှိတိုက်ပွဲများတွင် စစ်ကောင်စီတပ်ကို အနိုင်ရစေလိုသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။
သို့သော်လည်း နိုင်ငံအနှံ့ စစ်ကောင်စီတပ်စခန်းများ တစ်ပြိုင်နက် တိုက်ခိုက်ခံနေရသည့် ကာလတွင် လေကြောင်းပစ်ကူမှာ စစ်ရေးအခြေအနေကို မပြောင်းလဲနိုင်တော့ကြောင်း MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက သုံးသပ်သည်။
“လေကြောင်းပစ်ကူပေးတယ်ဆိုတာက အကြမ်းဖက် စစ်ကောင်စီအတွက်က အရပ်သားပစ်မှတ်တွေကို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အဆင့်လောက်ပဲ ရှိတော့တယ်။ စစ်ရေးအခြေအနေကို ပြောင်းလဲနိုင်တဲ့ အဆင့်အထိ မရှိတော့ဘူးလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၃ နှစ်ကုန်ပိုင်းတွင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် လက်နက်ကိုင်တော်လှန်ရေးမှာ အရှိန်အဟုန် ပြင်းထန်လာပြီး “လမ်းများအားလုံး နေပြည်တော်သို့” ဟူသည့်အတိုင်း ဟန်ချက်ညီစစ်ဆင်ရေးများ ဆင်နွှဲပြီး နေပြည်တော်ကို ထိုးဖောက်ဝင်ရောက်သွားမည်ဟု ဆိုသည်။
“အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ရေးအရ စိတ်ဓာတ်ရေးရာအရ လုံးဝကို ရှုံးနိမ့်နေပြီ။ ရင်ဆိုင်တိုက်တာနဲ့ လုံးဝကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ရှုံးနိမ့်သွားပါပြီ။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံးအခြေအနေကို ရှိနေတယ်။ ချေမှုန်းသုတ်သင်နိုင်စွမ်း၊ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း အပြည့်အဝရှိပါတယ်” ဟု ၎င်းက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)