စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ယနေ့ (နိုဝင်ဘာ ၈) မွန်းလွဲမှစတင်၍ တော်လှန်ရေးတပ်ပေါင်းစုက မြို့တွင်း၌ ဝင်ရောက်တိုက်ခိုက်နေရာ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မွန်းလွဲ ၃ နာရီခွဲတွင် တကောင်း-ထီးချိုင့်-အင်းတော်လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို တော်လှန်ရေးအင်အားစုများက ယာယီပိတ်လိုက်ပြီးနောက် ထီးချိုင့်မြို့တွင်း၌ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲ ပြင်းထန်လာပြီးနောက် မွန်းလွဲ ၄ နာရီခွဲခန့်တွင် လေယာဉ် ၃ စီး ရောက်လာကာ ပစ်ခတ် တိုက်ခိုက်ခဲ့သည်၊ တစ်နာရီခန့်အကြာတွင် လေယာဉ် ၂ စီးက လာရောက်တိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်-PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်လေယာဉ် ၃ စီးဖြင့် တိုက်ခိုက်စဉ် ရွှေဂူတောင်နှင့် လျောင်းတော်မူဘုန်းတော်ကြီးကျောင်းတို့ကို ထိသဖြင့် သေဆုံးသူရှိသည်ဟု သိရကြောင်း “ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး” Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
အထက်ပါ ထီးချိုင့်-PDF တပ်ဖွဲ့ဝင်ကမူ ထိုဘုန်းကြီးကျောင်းများ ထိမှန်မှု ရှိမရှိ မသိရသေးဟု ဆိုသည်။
“စုစုပေါင်း ၅ စင်း လာပစ်သွားတယ်၊ ဘုန်းကြီးကျောင်း မှန်မမှန်ကတော့ အတည်မပြုနိုင်သေးပါဘူး၊ အချိန်ကတော့ ဆက်တိုက်ပါပဲ။ ၄ နာရီကျော်တစ်ခါ၊ ၅း၄၀ လောက်မှ တစ်ခါ။ အားလုံးပေါင်း ၅ စီးရှိတယ်” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ယနေ့ ညနေက ပြောသည်။
ထီးချိုင့်တွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ရက္ခိုင့်တပ်တော် (AA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြသည်ဟု သိရသည်။
မြို့တွင်းရှိ နေရာအတော်များများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်လက်ကျန်အင်အားများအားလုံး စုပေါင်းနေသည့် ရဲစခန်းတွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တပ်စွဲထားသူများမှာ ရဲစခန်းထဲသို့ ရောက်သွားသည်ဟု အထက်ပါ PDF အဖွဲ့ဝင်က ဆိုသည်။
“သူတို့ ကျန်တာ တစ်နေရာ၊ နှစ်နေရာပဲ ကျန်ပါတော့တယ်၊ ထွေအုပ်လည်း မရှိတော့ပါဘူး။ စောစောထဲက ထွေအုပ်ထဲကဟာတွေက ရဲစခန်းထဲ ပေါင်းသွားတာ။ ရဲစခန်းတစ်ခုပဲ ကျန်တော့မှာ” ဟု သူက ပြောသည်။
တိုက်ပွဲမဖြစ်မီ ထီးချိုင့်မြို့ခံတချို့ ကြိုတင်တိမ်းရှောင်ခဲ့သော်လည်း မြို့ခံတချို့မှာ မြို့တွင်း ပိတ်မိနေသောကြောင့် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားတချို့ သေဆုံးမှုများရှိနေသည်ဟု သိရသည်။ အသေးစိတ်ကို မသိရသေးပေ။
“ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားတွေသေဆုံးတာတော့ ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်ကတော့ အတည်ပြုလို့ မရသေးတာတွေ အများကြီးရှိသေးတယ်” ဟု ထီးချိုင့်-PDF အဖွဲ့ဝင်က ပြောသည်။
ထီးချိုင့်မြို့၏ အနောက်ဘက် မိုင် ၅၀ ကျော်အကွာတွင် ရှိသည့် ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၆ ရက်တွင် သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေထိစပ်နေသော ထီးချိုင့်မြို့မှ ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ယင်းနေ့ကတည်းက မြို့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ထိုနေ့တွင် မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးများအားလုံး ပိတ်သိမ်းပြီး စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းတချို့ကို ထီးချိုင့်မြို့ရဲစခန်းအတွင်း ပြောင်းရွှေ့ထားပြီး ကွန်ကရစ်ဘန်ကာများဖြင့် ရဲစခန်းကို အခိုင်အမာ ခံစစ်ပြင်ထားသည်ဟု ဒေသခံတချို့က ပြောသည်။
အောက်တိုဘာ ၂၇ ရက်နေ့တွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ “Operation 1027 “ စတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာသလို စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း ကောလင်းမြို့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲများ ပေါ်ပေါက်လာသည်။
ထီးချိုင့်မြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သည့် တပ်များက Operation 1027 ကို ၂၇ ရက်နေ့တွင် ဆင်နွှဲခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
KIA, AA, PDF များသည် စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့နယ်၊ ကောလင်းမြို့နယ် အပါအဝင် အဆိုပါ မြို့နယ်များနှင့် ဆက်စပ်ဒေသများတွင် စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်လျက်ရှိသည်ဟု ယနေ့ ညပိုင်း၌ မြောက်ပိုင်း ၃ ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)