သတင်း

စစ်ကိုင်းတိုင်း၌ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ဟု မြောက်ပိုင်းညီနောင်အဖွဲ့ ထုတ်ပြန်

ယခုလ ၂၇ ရက်မှစ၍ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ မော်ကွန်းတောင်ကြောတစ်လျှောက်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဒေသခံ PDF များ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော “၁၀၂၇” စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီပစ်မှတ်များကို ရက္ခိုင့်တပ်တော် (AA) က ဦးဆောင်တိုက်ခိုက်နေသည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ယနေ့ (အောက်တိုဘာ ၃၀) ထုတ်ပြန်သည်။

ထိုစစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်မှစ၍ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ မော်ကွန်းတောင်ကြောတစ်လျှောက် တိုက်ပွဲများဖြစ်နေပြီး နှစ်ဖက်အကျအဆုံးများရှိသည်ဟု ဆိုသည်။

ယမန်နေ့က ထီးချိုင့်မြို့မြောက်ဘက် တစ်မိုင်ခွဲအကွာ တည်တောရွာအနီး တိုက်ပွဲဖြစ်သလို အလားတူ မြို့အနောက်ဘက် လေးမိုင်အကွာ မိချောင်းအိုက်ရွာအနီးတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ AA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းပါဝင်သည်ဟု ထီးချိုင့်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကောလင်းမြို့နယ်အစပ်ရှိ မော်ကွန်းတောင်ကြောတွင် လေးရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့စဉ် လေကြောင်းမှ ဗုံးကြဲနေသည်ဟု ယင်းကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။

“တိုက်ပွဲကတော့ တော်တော်ပြင်းတယ်၊ နေ့တိုင်း… ပစ်နေတာပဲ။ လေယာဉ်ကတော့ နေ့စဉ် ကြဲနေတယ်၊ ဂျက်ဖိုက်တာရော၊ MI 35 (ရဟတ်ယာဉ်) တွေရော… ဒီနေ့လည်း MI 35 နဲ့ ပစ်တာ တစ်နာရီလောက် ကြာတယ်”

လက်ရှိတွင် စစ်ကောင်စီအထိုင်စခန်းများကို သွားရောက်တိုက်ခိုက်ခြင်း မဟုတ်သေးဘဲ စစ်ကြောင်းထိုးလာသည်ကို ခုခံနေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“မော်ကွန်းတောင်မှာ တိုက်နေတာကတော့ ရက္ခိုင့်တပ်တော်က အဓိကတိုက်နေတာ။ အခြားဒေသခံတပ်တွေလည်း ပါတယ်။ မဟာမိတ်အနေနဲ့ ပူးပေါင်းတိုက်နေတာတော့ ကြာပြီ။ .. ခုမှ တရားဝင် ထုတ်ပြောတာ” ဟု ယင်းကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟု အမည်တွင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် TNLA၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းကာ “၁၀၂၇” အမည်ရ စစ်ဆင်ရေးဖြင့် ယခုလ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံစခန်းများကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေသည်။

ထိုစစ်ဆင်ရေး ၄ ရက်မြောက်နေ့ဖြစ်သည့် ယနေ့တွင် AA ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ဦးဆောင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။ KIA နှင့် ဒေသခံ PDF များ ပူးတွဲလှုပ်ရှားနေသည့် ထိုဒေသတွင် AA တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်နေကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း AA သည် စစ်တပ်နှင့် ယမန်နှစ် နိုဝင်ဘာက ယာယီအပစ်ရပ်ထားခဲ့သော်လည်း ပြည်နယ်ပြင်ပတွင် တိုင်းရင်းသားအဖွဲ့များ အပါအဝင် ဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပူးတွဲလှုပ်ရှားနေသည်။

လက်ရှိတွင် AA အခြေစိုက်ရာ ရခိုင်ဒေသ၌ စစ်တပ်က ပိုလှုပ်ရှားလာပြီး အထူးသဖြင့် ယခုလအတွင်း AA နယ်မြေစိုးမိုးသော ကုလားတန်မြစ်အထက်ပိုင်း ချင်းပြည်နယ်မြောက်ပိုင်း ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းတို့တွင် လူသူလက်နက်အင်အား အပါအဝင် ရိက္ခာဖြည့်တင်းနေသည်ဟု သိရသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button