သတင်း

ကျားဖြန့်လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ပြောင်းရွှေ့ပေးဟု MNDAA ပြော

စစ်ကောင်စီလက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ဒေသဦးစီးအဖွဲ့တို့၏ ခွင့်ပြုချက်မရှိဘဲ ကျားဖြန့်လုပ်ငန်းများ ဖြစ်တည်နေစရာအကြောင်းမရှိဟု MNDAA ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုလိုက်သည်။

တရုတ် – မြန်မာနယ်စပ် လောက်ကိုင်မြို့ရှိ ကျားဖြန့်လုပ်ငန်းရှင်များကို စစ်ကောင်စီက ပြောင်းရွှေ့ပေးထားသည်ဟု “၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်နေသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) မှ တာဝန်ရှိသူက ပြောဆိုလိုက်သည်။

ကျားဖြန့် ခေါ် အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ပတ်သက်၍ ယမန်နေ့ (နိုဝင်ဘာ ၈) က နေပြည်တော်၌ ပြုလုပ်ခဲ့သော ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုချက်အပေါ် MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက အထက်ပါအတိုင်း တုံ့ပြန်သည်။

ကိုးကန့်ဒေသမြို့တော် လောက်ကိုင်၌ စစ်ကောင်စီလက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ဒေသဦးစီးအဖွဲ့တို့၏ ခွင့်ပြုချက်မရှိဘဲ ကျားဖြန့်လုပ်ငန်းများ ဖြစ်တည်နေစရာအကြောင်းမရှိဟု ဆိုသည်။

“တကယ့်တကယ် ဘယ်သူတွေက တရားမဝင်လုပ်ငန်းတွေနဲ့ ပိုက်ဆံရှာနေလဲဆိုတာ …. .ကျွန်တော်တို့က အော်ပရေးရှင်း (၁၀၂၇ စစ်ဆင်ရေး) ဖော်ဆောင်လိုက်တော့ လောက်ကိုင်မြို့မှာရှိတဲ့ ကျားဖြန့်သူဌေးတွေ၊ တကယ့်ကျားဖြန့်လုပ်ငန်းရှင်တွေကို သူတို့က (စစ်ကောင်စီ) ဟယ်လီကော်ပတာနဲ့ လာသယ်သွားတယ်ဗျ” ဟု လီကျားဝင်းက ပြောသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက် ခြေကုပ်ယူထားပြီး တရုတ်အာဏာပိုင်များနှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သော စစ်ဆင်ရေးကြောင့် စစ်စခန်းများသာမက မြို့များပါ လက်လွတ်ဆုံးရှုံးနေချိန် စစ်ကောင်စီက အရေးပေါ်ကာလုံအစည်းအဝေး ခေါ်ယူခဲ့သည်။

ထိုအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ကိုဗစ်ကပ်ရောဂါကာလအလွန်၌ လောက်ကိုင်ဒေသရှိ တရားမဝင်လုပ်ငန်းများ အွန်လိုင်းလောင်းကစားလုပ်ငန်းများအဖြစ် အသွင်ပြောင်းလာကြောင်း၊ MNDAA က မူးယစ်ဆေးဝါးမှ ရရှိသည့် အကျိုးအမြတ်ကို ခံစားလိုပြီး ၎င်းတို့အာဏာ တည်ဆောက်လိုခြင်းကြောင့် လက်ရှိအခြေအနေဖြစ်ပေါ်နေကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် လောက်ကိုင်၌ အွန်လိုင်းငွေလိမ်လုပ်ငန်း ဆောင်ရွက်နေသူများမှာ တရုတ်နိုင်ငံသားများပိုင် ဟိုတယ်လုပ်ငန်းများဖြစ်ကြောင်း၊ လောက်ကိုင်နှင့် ချင်းရွှေဟော်တွင် ဟိုတယ် ၁၅၃ လုံးရှိသည့်အနက် ၁၂ လုံးသာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း အာဏာသိမ်းခေါင်းဆောင်က ထည့်သွင်းပြောဆိုသည်။

အွန်လိုင်းငွေလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများကို စိစစ်ဖော်ထုတ်ပြီး တရုတ်နိုင်ငံသား ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှားနိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်ဟုလည်း ဆိုသည်။

သို့သော် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၇၃၀၀ ကျော်အနက် ၆၈၉၂ ဦးကို တရုတ်နိုင်ငံသို့ လွှဲပေးခဲ့သည်ဟု ဆိုရာ ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ လောက်ကိုင်မြို့တွင် ဖမ်းမိသည့် ကျန်တရုတ်နိုင်ငံသား ၁၀၀၀ ကျော်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထိမ်ချန်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီက တရုတ်အစိုးရထံ အပ်နှံခဲ့သူများမှာ အောက်ခြေအဆင့် အလုပ်သမားများသာဖြစ်သည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ဆိုသည်။

“အွန်လိုင်းလုပ်ငန်းတွေမှာ အရေးမပါတဲ့ အောက်ခြေအလုပ်သမားတွေပါ။ တကယ့်တကယ် ပိုင်ရှင်တွေကိုတော့ သူတို့က ပြောင်းရွှေ့လိုက်ပြီဗျ”

လူသုံးများသည့် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သော TikTok ၌ တွေ့ရှိရသည့် တရုတ်ဘာသာစကားဖြင့် လွှင့်တင်ထားသော ရုပ်သံဖိုင်အချို့တွင် စစ်တပ်ပိုင်ရဟတ်ယာဉ်ဖြင့် လူများကယ်ထုတ်နေသည့် ရုပ်သံဖိုင်အချို့ တွေ့ရှိရသည်။

လောက်ကိုင်တွင် နေထိုင်ကြသူများ၏ အဆိုအရ စစ်ပွဲစတင်ပြီးနောက် စစ်ကောင်စီထိန်းချုပ် လောက်ကိုင်၌ စစ်ရဟတ်ယာဉ်များ အတက်အဆင်းများနေသည်ဟု သိရသည်။

မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်ပြောဆိုချက်သည်လည်း စွပ်စွဲချက်များသာ ဖြစ်သည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်သည်။

တရုတ်အစိုးရ နိုင်ငံတော်အဆင့်စစ်ဆင်ရေးတစ်ရပ်အနေဖြင့် ဦးစားပေးဆောင်ရွက်နေသည့် ကျားဖြန့်ဂိုဏ်းများဖြိုခွင်းရေးနှင့် ပတ်သက်၍ စစ်ကောင်စီက တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များတွင်သာ တာဝန်ရှိသည်ဟု လက်ညှိုးထိုး အပြစ်ပုံချထားသည်။

မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအကြာ အောက်တိုဘာ ၃၀ ရက်နေ့တွင် နေပြည်တော်သို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong ရောက်ချိန်တွင် စစ်ကောင်စီက ကျားဖြန့်ကိစ္စ ပထမဆုံးအကြိမ် အကျယ်တဝင့် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမှ Phoenix သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းတွင် ၎င်းတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း၊ “ဝ” နှင့် မိုင်းအလားအဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များက လုပ်ကိုင်နေကြောင်း၊ ၎င်းတို့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နေသည့် ထိုအဖွဲ့များကို ဝင်ရောက်အရေးယူနိုင်ရေး တရုတ်အစိုးရအကူအညီ လိုအပ်ကြောင်း ပြောဆိုသည်။

အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ထားသည့် သီတင်းတစ်ပတ်ခန့် ကြာပြီဖြစ်သော တရုတ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းမှ ကောက်နုတ်ချက်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထုတ်ဖော်ပြောဆိုသော်လည်း ကျားဖြန့်ကိစ္စတွင် ၎င်းတို့အနေဖြင့် သာမန်အနေအထားဖြင့်သာ ကိုင်တွယ်ခဲ့ပြီး ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ တရုတ်ဘက်က အကြောင်းကြားလာမှသာ တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံခဲ့သည်။

ရှမ်းမြောက်ဒေသတွင် ဖြစ်ပေါ်နေသော စစ်ပွဲများကြောင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးပျက်မည်ကို စိုးရိမ်ကြောင်း နေပြည်တော်ကာလုံအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button