သတင်း

စစ်တောင်းမြစ်ကမ်းတွင် စစ်တပ်က လက်နက်ကြီးပစ်စဉ် ရာအိမ်မှူးအပါအဝင် ၄ ဦး သေဆုံး

သိမ်ဇရပ်မြို့ရှိ ထွေအုပ်ရုံးကို တော်လှန်ရေးအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ မြစ်တစ်ဖက်ကမ်းရွာမှ လှေဆိပ်အနီး ကျရောက်ပေါက်ကွဲကာ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသည်။

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရှိ ထွေအုပ်ရုံးကို တော်လှန်ရေးအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဝေါမြို့နယ်အတွင်း ကျရောက်ပေါက်ကွဲကာ လူလေးဦး သေဆုံးပြီး ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးတို့ ပါဝင်သည်ဟု သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၇) နံနက်ပိုင်းတွင် သိမ်ဇရပ်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်စဉ် ထိခိုက်သေဆုံးမှုရှိသည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။

သိမ်ဇရပ်အခြေစိုက် အမြောက်တပ် ၃၁၀ က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်စဉ် ဝေါမြို့နယ် တနော်ကျွန်းရွာ လှေဆိပ်အနီး ကျရောက်ပေါက်ကွဲကာ လူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသည်ဟု သိရသည်။

သေဆုံးသူလေးဦးမှာ တနော်ကျွန်းရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူးဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးကျော်မြင့်၊ အသက် ၃၀ အရွယ် ကိုအောင်ကို၊ ၃၃ နှစ်အရွယ် ကိုကျော်လင်းထွန်းနှင့် ၃၅ နှစ်အရွယ် ကိုအောင်ဆန်းဦးတို့ဖြစ်သည်ဟု သိရသည်။ သေဆုံးသူစာရင်းတွင် ပါဝင်သည့် ဆယ်အိမ်မှူး မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရပေ။

ဝေါမြို့နယ် တနော်ကျွန်းရွာအနီး PDF က ဒရုန်းဖြင့် ဗုံးပစ်တိုက်ခိုက်သဖြင့် အမျိုးသား ၄ ဦး သေဆုံးကာ အခြားသူ ၆ ဦး ထိခိုက်ဒဏ်ရာရသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ပြီး သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကိုမူ ဖော်ပြခြင်းမရှိပေ။

လှေဆိပ်တွင် ကင်းစောင့်နေသော စစ်သားများ နေ့လယ်စာ ထွက်စားနေချိန် စောင့်ကြပ်ပေးနေသည့် ရာအိမ်မှူးနှင့် အခြားသူများကို လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။

“စစ်သားတွေတော့ မထိဘဲနဲ့ စစ်တပ်ဆီမှာ တာဝန်ထမ်းဆောင်တဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးရယ်၊ သူတို့ အသိနှစ်ယောက်ရယ် လေးဦး သေဆုံးတယ်” ဟု ၎င်းက ပြောသည်။

ဂဏန်းကျော်မြင့်ဟု လူသိများသည့် ရာအိမ်မှူး ဦးကျော်မြင့်မှာ လှေအဝင်အထွက်နှင့် ဒေသခံများ၏ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်ကာ စစ်တပ်ကို သတင်းပို့သူဖြစ်ကြောင်း တနော်ကျွန်းရွာနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ် ကိုအောင်သူ၊ ကိုနေလင်းထွန်း၊ ကိုဟန်ထွန်းအောင်၊ ကိုဖိုးပိန်၊ ဦးစိုးထွေးနှင့် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရပြီး ၎င်းတို့မှာ ဆိုင်ကယ်ကယ်ရီသမားများနှင့် အရပ်သားပြည်သူများဖြစ်သည်ဟု သိရသည်။

“လက်နက်ကြီး ပစ်ထည့်လို့ အရပ်သားထိခိုက်မှု ဒီလောက်ထိ မြင့်တက်သွားခဲ့တာပါ” ဟု သထုံအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။​

စစ်တောင်းမြစ်အရှေ့ဘက်ရှိ သိမ်ဇရပ်မြို့နယ်ကို လာရောက်တိုက်ခိုက်သည့် တော်လှန်ရေးအဖွဲ့ဝင်များ လှေဖြင့် မြစ်အနောက်ဘက်ကမ်းသို့ ပြန်ကူးသွားသည်ဟု ယူဆသဖြင့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

တိုက်ခိုက်ခံရပါက စစ်တပ်က ရမ်းသန်းပစ်ခတ်တတ်သည်ဟု ဝေါမြို့နယ်ပကဖအဖွဲ့မှ တာဝန်ရှိသူကလည်း မှတ်ချက်ပြုသည်။

“အရမ်းကြောက်လန့်ပြီးတော့ စိုးရိမ်ထိတ်လန့်ပြီးတော့ မည်းမည်းမြင်ရာ ပစ်တာပေါ့နော် အဲဒါရှိတယ်။ စစ်ရေးပစ်မှတ်နေရာတွေ တိုက်ခိုက်ခံရပြီဆိုရင် အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်တယ်။ တွေ့နေမြင်နေရတာပေါ့”

ယခုလဆန်းပိုင်း၌င် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ဖြူးနှင့် ကျောက်ကြီးမြို့နယ်တွင် ရှစ်နှစ်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

ပဲခူးတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်နေသည်။

ယမန်နေ့၌ပင် နယ်မြေချင်း ထိစပ်နေသော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခလွန်စုရွာအနီးတွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button