အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖြူးတွင် လက်နက်ကြီးကျည် ထိမှန်ပြီး လမ်းသွားလမ်းလာတစ်ဦး သေဆုံး

စစ်ရေးပြင်းထန်နေသော ပဲခူးတိုင်းအရှေ့ခြမ်းတွင် စစ်တပ်က ရွာများကို ပစ်ခတ်နေရာ ဖြူးမြို့နယ်အတွင်း လယ်ယာလုပ်ငန်းခွင်သွားနေသူတစ်ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့သည်။

နိုဝင်ဘာ ၃ ရက်နေ့က  ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

အသက် ၄၅ နှစ်အရွယ် ပျဉ်းမပင်ရွာသားတစ်ဦး စပါးရိတ်သိမ်းရန် လယ်တက်ကြီးရွာသို့  သွားစဉ် ပဲနွယ်ကုန်းမြို့အခြေစိုက် ရွှေဝါတပ်ရင်း (ခမရ) ၃၀၇ ၏ ပစ်ခတ်မှုကြောင့် ထိုသို့ သေဆုံးခြင်း ဖြစ်သည်ဟု  ဒေသတွင်းသတင်းရင်းမြစ်များ ထံမှ သိရသည်။ 

Myanmar Now က ကြည့်ရှုရသော မှတ်တမ်းဓာတ်ပုံတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်နှင့်အတူ လဲကျနေကာ  ဘယ်ဖက်ပေါင် ဒဏ်ရာရထားပြီး ဘယ်ဘက်လက် တံတောင်ဆစ်အောက်မှ ပြတ်လုနီးပါး ထိမှန်ထားသည်။ ရုပ်အလောင်း အနီး လက်နက်ကြီးကျည် အပိုင်းအစတစ်ခု တွေ့ရှိရသည်။ 

ထိုနေ့ နံနက်ပိုင်းတွင်ပင် စစ်တပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်တောင်းမြစ်အနောက်ဘက် မြပဲခူးအုပ်စု၊ ဝက်တူးရွာမှ နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့သည်။အဆိုပါနေရာများသည် စစ်တောင်းမြစ်ဘေး ဖြူး၊ ကျောက်ကြီး နှင့် ကျောက်တံခါးမြို့နယ်များဆုံရာ အစပ် ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိတွင် စစ်ရေးတင်းမာနေသော ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်အတွင်းရှိ ကျေးရွာ များသည်  လက်နက်ကြီးပစ်ခတ်မှု၊ လေတပ်၏တိုက်ခိုက်မှုဒဏ်များကို ခံနေရသည်။

ဤအတောအတွင်း KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ရှောင် ဒုက္ခသည် သောင်းဂဏန်း ရှိလာပြီဖြစ်ကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒာဆူးက ယမန်နေ့က ပြောသည်။ 

“ ညောင်လေးပင်ခရိုင်မှာဆိုရင် လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲပေါ့။ စစ်ဘေးရှောင်တွေကတော့ အကူအညီတွေ လိုအပ်နေဆဲပါပဲ။ အထူးသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး ထောက်ပံ့မှုတွေ တော့ ဆက်လက် လို အပ်နေတယ်။ ကျွန်တော်တို့မှတ်တမ်းအရတော့ (စစ်ဘေးရှောင်) ခြောက်သောင်းဝန်းကျင် ရှိနေပြီပေါ့” ဟု သူက ဆိုသည်။ 

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး အရှေ့ဘက်တွင် စစ်တောင်းမြစ်နှင့် အနောက်ဘက် တွင် ပဲခူးရိုးမတို့က ဝန်းရံထားသည့် ဖြူးမြို့သည်  KNU တပ်မဟာ ၃ နယ်မြေအတွင်း ပါဝင်နေကာ ယခုနှစ်အတွင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) လှုပ်ရှားမှု စိပ်လာသောဒေသ ဖြစ်သည်။

ဖြူးမြို့နယ်ကျေးရွာများပြမြေပုံ။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ကပ်လျက်ရှိသော ပဲခူးတိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းရုံး (KNU)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF တပ်ဖွဲ့များ ၊ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်ရေးအရလွှမ်းမိုးနိုင်ရန် ယခုနှစ်ဆန်းပိုင်းမှစ၍ ကြိုးပမ်းရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

စစ်တပ်က လူနေကျေးရွာများကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်နေသဖြင့်  ၎င်းတို့ နယ်မြေများအတွင်း ယခုနှစ်ဆန်းမှ စက်တင်ဘာ ၃၀ အထိ ဒေသခံ ၁၄၀ ဦး သေဆုံးခဲ့ပြီး ၄၆၂ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း KNU က ယနေ့ ထုတ်ပြန်သည်။ဒေသတွင်းအဆောက်အဦးပျက်စီးမှု ထောင်ဂဏန်း ရှိခဲ့ပြီး လူဦးရေ ၇ သိန်းကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။ 

အောက်တိုဘာ ၃၁ ကလည်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အခြေစိုက် အမှတ် ၄၃၉ ခြေမြန် တပ်ရင်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာအတွင်း တစ်လုံး၊ ကျောက်ကြီးမြို့နယ်၊ ရေလဲ (အရှေ့) ကျေးရွာ အတွင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။



ပျဉ်းမပင်ရွာမှ ၁၇ နှစ်အရွယ် နော်ဒါးဖော ကျည်စထိမှန်ကာ ညာဘက်ဒူး ပြတ်ထွက်၍ သေဆုံးခဲ့ပြီး စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ရေလဲ (အရှေ့) ရွာတွင် ကျသောလက်နက်ကြီးကြောင့် အသက် ၂၀ အရွယ် နော်အယ်စေး၊ ၉ နှစ် အရွယ် နော်စေးလာဝါး တို့ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။



ထို့နေ့ မွန်းလွဲနှင့်ညနေတွင်  အထက်ပါ နှစ်ရွာအပါအဝင် စစ်တောင်းမြစ်ဘေးတစ်လျှောက် ရွာများကို တိုက်ခိုက်ရေး ရဟတ်ယာဉ်က နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ရွာ ၈ ရွာမှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေး နေရသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button