မြန်မာ-တရုတ်နယ်စပ် တိုက်ပွဲများကြောင့် တရုတ်ဘက်တွင် ထိခိုက်မှုရှိကြောင်း တရုတ်အစိုးရက အတည်ပြုလိုက်ပြီး လတ်တလော ထိုဖြစ်ရပ်များကြောင့် “အကြီးအကျယ် မကျေမနပ် ဖြစ်မိကြောင်း” ယနေ့ (နိုဝင်ဘာ ၇) တွင် ပြောလိုက်သည်ဟု AFP သတင်းတစ်ပုဒ်တွင် ရေးထားသည်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအရာရှိ Mr Wang Wenbin က ထိုသို့ ပြောဆိုခြင်း ဖြစ်သော်လည်း ထိခိုက်မှုဆိုသည်မှာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်း ဖြစ်သည်ကို တိတိကျကျ ဖော်ပြခြင်း မရှိသလို မည်သည့်ဒေသတွင် အဆိုပါ ထိခိုက်မှု ပေါ်ပေါက်ခဲ့ကြောင်း ဖော်ပြထားခြင်းလည်း မရှိပေ။
မြန်မာသတင်းများတွင်မူ ကချင်ဒေသ လိုင်ဇာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် တရုတ်နိုင်ငံဘက် ကျရောက်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရသည်ဟု ဖော်ပြထားကြသည်။
တရုတ်အစိုးရက “လက်နက်ကိုင်တိုက်ပွဲအများအပြား ဆက်လက်ဖြစ်ပွားနေခြင်းနဲ့ တရုတ်နိုင်ငံသားထိခိုက်မှုကြောင့် အကြီးအကျယ် မကျေမနပ်ဖြစ်မိကြောင်း ဖော်ပြလိုပါတယ်” ဟု Mr Wang က ပြောဆိုကြောင်း AFP သတင်းတွင် ဆက်ရေးထားသည်။
မြန်မာပြည်မြောက်ပိုင်း တိုက်ပွဲအခြေအနေကို အလေးထား စောင့်ကြည့်နေသည်ဟု ဆိုသည်။
တရုတ်က လတ်တလောအခြေအနေကို မကျေမနပ်ဖြစ်နေကြောင်း အသိပေးသည့် ပြောဆိုချက်များကို ပြောခွင့်ရအရာရှိက သံခင်းတမန်ခင်း အသုံးအနှုန်းများဖြင့် ပြောဆိုထားသည်ကို တွေ့ရသည်။
“မြန်မာပြည်မြောက်ပိုင်းဖြစ်စဉ်မှာ ပါဝင်တဲ့ အဖွဲ့တွေအားလုံး အပစ်အခတ် ချက်ချင်း ရပ်စဲကြဖို့ တရုတ်အစိုးရက ထပ်မံ တောင်းဆိုပါတယ်” ဟု Mr Wang က ဆိုသည်။
ထိုအဖွဲ့များသည် “တရုတ်နယ်စပ်မှာ နေထိုင်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်စေတဲ့ ဖြစ်ရပ်တွေကို တားဆီးဖို့ လက်တွေ့ကျကျ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်၊ တရုတ်အစိုးရကတော့ နိုင်ငံသားတွေရဲ့ အသက်၊ ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောကြောင်း သတင်းတွင် ရေးထားသည်။
ပြီးခဲ့သည့်ရက်များအတွင်းကလည်း တိုက်ပွဲများရပ်ပြီး ဆွေးနွေးကြရန် တရုတ်က တောင်းဆိုထားပြီး ဖြစ်သည်။
တရုတ်သည် ယခင်ကလည်း စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ တက်ရောက်ကြသည့် ဆွေးနွေးပွဲပေါင်းများစွာတွင် ပါဝင်ခဲ့ပြီးဖြစ်သည်။
တရုတ်၏ လတ်တလောစိုးရိမ်မှုများနှင့် ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့များကသာမက စစ်ကောင်စီကလည်း တုံ့ပြန်ခြင်း မရှိကြသေးပေ။
အောက်တိုဘာ ၂၇ တွင် အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်စခန်းများကို လက်နက်ကိုင်တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်နေဆဲ ဖြစ်သည်။
စစ်ကြောင်းနှင့် စခန်းတိုက်ခိုက်ခံရလျှင် လေကြောင်းပစ်ကူဖြင့် တုံ့ပြန်တတ်သည့် စစ်ကောင်စီတပ်သည် စခန်းများ တစ်ချိန်တည်း တိုက်ခိုက်ခံရသည့် စစ်ဆင်ရေးနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတောင်ပိုင်း မြိတ်ကျွန်းစုအနီး ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုအတွက် အရေးပါသည့် စစ်အင်အားကို အသုံးပြုနေရသည်ကို တွေ့ရသည်။
နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး တနင်္သာရီတိုင်းတွင် လက်တွေ့ပစ်ခတ်မှု ပါဝင်သည့် ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၃ ရက်ကြာ ပြုလုပ်မည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ထိုလှုပ်ရှားမှုသည် မြန်မာ – ရုရှား ရေတပ်တို့ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပြီး ရုရှားဘက်က ပစိဖိတ်ဆိုင်ရာ ရေတပ်စစ်သင်္ဘောအုပ်စုမှ ရေငုပ်သင်္ဘောဖျက် စစ်သင်္ဘော ၂ စီး၊ ရေတပ်သား ၁၀၀ ကျော် ပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီ၏ ရေတပ်၊ လေတပ်လည်း ပါဝင်မည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။
ထုတ်ပြန်ထားသည့် စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားဓာတ်ပုံများတွင် ရန်ကုန်သို့ ရောက်လာသော ရုရှားသင်္ဘောကို မြန်မာဗိုလ်ချုပ်များ လေ့လာနေသည်ကို တွေ့ရသည်။
ရုရှားနှင့် တရုတ်က အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာတွင် အကာအကွယ်ပေးနေသော်လည်း အာဏာသိမ်းဗိုလ်ချုပ်ကြီးများသည် ရုရှားနှင့် ပိုမို ရင်းနှီးဟန်ရှိသည်ကို တွေ့ရသည်။
ယူကရိန်းကို ကျူးကျော်သဖြင့် နိုင်ငံတကာဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည့် ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တလေးတစား သတ်မှတ်ထားသည်။
အာဏာမသိမ်းမီ အိန္ဒိယထံမှ ဝယ်ထားသည့် မြန်မာစစ်တပ်၏ ပထမဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် ရုရှားလုပ် ရေငုပ်သင်္ဘောဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)