သတင်း

နမ့်ခမ်းမြို့တွင်းမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းကို TNLA သိမ်းပိုက်

မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းတွင် မြို့နှင့် တစ်မိုင်ခန့်အကွာရှိ စခန်းကိုသာ စစ်ကောင်စီတပ် ထိန်းချုပ်ထားနိုင်တော့သည်၊ ဒေသခံတို့က မြို့ပေါ် ကို လေတပ်ဗုံးကြဲမည်ကို စိုးရိမ်နေကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင်းမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များက ယနေ့ (နိုဝင်ဘာ ၇) နံနက် ၆ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့သည်။

နိုဝင်ဘာ ၅ ရက်နေ့မှစတင်ပြီး နမ့်ခမ်းတစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ခဲ့သည့် TNLA သည် စစ်ကောင်စီနှင့် ပြည်သူ့စစ်များ တပ်စွဲထားသည့် မြို့လယ် ဘုရားဝင်းအတွင်းမှ ထိုစခန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၁၆ နာရီခန့် ကြာခဲ့သည့် စစ်ဆင်ရေးအပြီးတွင် စခန်းကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်မျိုးစုံ ၂၈ လက်၊ ပစ္စတို ၁ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်သည်။

ဒေသခံတစ်ဦး၏အဆိုအရ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးသေ၊ ၃ ဦး အရှင်ဖမ်းခံရသည်ဟု သိရသည်။ TNLA ၏ ထုတ်ပြန်ချက်တွင်မူ နှစ်ဖက်အကျအဆုံးစာရင်း မပါဝင်ပါ။

တိုက်ပွဲအတွင်း ဘုရားဝင်းရှေ့ရှိ ဈေးဆိုင်ခန်းတချို့လည်း ထိမှန်ပျက်စီးခဲ့သလို ဘုရားဝင်းအတွင်းရှိ နေရာတချို့လည်း ပျက်စီးသွားသည်ဟု အသက် ၄၀ ကျော်အရွယ် နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့တွင်းရှိ စစ်ကောင်စီတပ်များကို ရှင်းလင်းပြီးနောက် နမ့်ခမ်းမြို့တွင်းကို TNLA တပ်များက ထိန်းချုပ်ထားပြီး မြို့တွင်းရှိ လမ်းဆုံလမ်းခွများတွင် လုံခြုံရေးယူထားသည်ဟု မြို့ခံများက ပြောသည်။

သို့သော် နမ့်ခမ်းမြို့အထွက် တစ်မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်းတစ်ခု ကျန်ရှိနေပြီး အဆိုပါ စခန်းကို သိမ်းပိုက်နိုင်မှသာ နမ့်ခမ်းကို အပြီးသတ်သိမ်းနိုင်မည့် သဘောရှိသည်ဟု အထက်ပါ နမ့်ခမ်းမြို့ခံအမျိုးသားက ပြောသည်။

“အခုက စခန်းသစ်ကုန်း ကျန်နေသေးတယ်၊ စခန်းသစ်ကုန်းက ညချမလား၊ မနက်ဖြန် ချမလားတော့ မသိဘူး၊ ချတော့ ချမှာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

နမ့်ခမ်းကို သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့က မြို့နယ်တရားရုံးရှေ့တွင် TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ – TNLA)

မြို့တွင်းရှိ အရပ်သားများကမူ ဈေးဆိုင်များကို ဆက်လက်ပိတ်သိမ်းထားပြီး နေအိမ်များအတွင်း၌သာ နေထိုင်နေကြကာ စစ်ကောင်စီ၏ လေတပ် မြို့ထဲ ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

နမ့်ခမ်းဒေသခံတချို့ မြို့ကို စွန့်ခွာ တိမ်းရှောင်သွားကြပြီး အများစုသည် မြို့တွင်း၌သာ ဆက်လက်နေထိုင်နေကြသည်ဟု ဒေသခံအချို့က ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည့် မူဆယ်မြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် နမ့်ခမ်းသည် တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီး၊ ရွှေလီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ၂၀၀၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁ သိန်းကျော် နေထိုင်သည်။

ယနေ့မွန်းလွဲပိုင်း ထပ်မံရရှိသည့် သတင်းများအရ နမ့်ခမ်းနှင့် မူဆယ်ကြား ဆယ်လန့်ရွာအနီးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်များနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

ထို့ပြင် မုန်းကိုးမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်၏ ပန်လုံဗျူဟာကုန်းကိုလည်း ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ဦးဆောင်သည့် မဟာမိတ်တပ်များက နိုဝင်ဘာ ၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း တပ်မ (၉၉) မှ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီးအောင်ကျော်လွင် သေဆုံးခဲ့သည်ဟု သတင်းဌာနတချို့က ရေးသားဖော်ပြကြသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့်ကြားမှ ဗျူဟာမြောက်ထိုးစစ်နှင့်အတူ ပေးဆပ်မှုများစွာဖြင့် ပန်လုံဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

နမ့်ခမ်းမြို့တွင်း လုံခြုံရေယူနေသည့် TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – TNLA)

အောက်တိုဘာ ၂၇ ရက်မှစသည့် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံ ၃၀၀၀၀ ကျော်အထိ ရှိနေပြီး အချို့မြို့နယ်များတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည်ဟု ရှမ်းမြောက်ဒေသခံတချို့က ပြောသည်။

ကိုးကန့်အထူးဒေသ၏ မြို့တော် လောက်ကိုင်မြို့တွင်လည်း ဒေသခံများနှင့် နေရာဒေသအစုံမှ လာရောက်အလုပ်လုပ်ကိုင်နေသူများ ပိတ်မိနေပြီး လောက်ကိုင်မြို့အထွက်လမ်းများကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ပိတ်ဆို့ထားသည်။

နိုဝင်ဘာ ၅ ရက်နေ့က လမ်းပြန်ဖွင့်ပြီဆိုသည့် သတင်းမှားကြောင့် ကားအစီး ၂၀၀ ကျော်ဖြင့် ဆင်းလာသည့် ဒေသခံ ၇၀၀ ကျော်မှာ လောက်ကိုင်အထွက် ပါစင်ကျော်ရွာအနီးတွင် ပိတ်မိနေသည်။

Operation 1027 အစပြုသည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ MNDAA နှင့် ‌AA တို့ သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၁၀ ခန့် ရှိနေပြီဖြစ်ပြီး TNLA တပ်များ ရရှိထားသည့် စခန်းများနှင့် ပေါင်းပါက စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၀ ကျော်ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA အဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်) သိန္နီ စသည့် မြို့နယ်များကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ယမန်နေ့ နံနက်တွင် စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF များနှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်သူ လူငယ်အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်သင်တန်းများအပြင် လက်နက်ခဲယမ်းများပါ ထောက်ပံ့ခဲ့သလို စစ်ရေးအရ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြသည်။

မြန်မာ-တရုတ်နယ်စပ်တွင် အစပြုသည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံအတွင်း ထိခိုက်သေဆုံးမှုရှိသည်ဟု တရုတ်အစိုးရက နိုဝင်ဘာ ၇ တွင် ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်သည်။

ထိခိုက်သေဆုံးမှု အမျိုးအစား၊ အရေအတွက်၊ နေရာတို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအရာရှိ Mr Wang Wenbin က ထည့်သွင်းပြောဆိုခြင်းမရှိဟု AFP သတင်းတစ်ပုဒ်တွင် ရေးထားသည်။

တရုတ်နိုင်ငံသား ထိခိုက်သည်အထိ တိုက်ပွဲအရှိန် ပြင်းထန်နေမှုကြောင့် အစိုးရက အကြီးအကျယ် မကျေမနပ်ဖြစ်နေသည်၊ အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟု ပြောခွင့်ရအရာရှိက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button