
တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည့် ကယား (ကရင်နီ) ပြည်နယ်၌ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ရိက္ခာနှင့် လက်နက်ခဲယမ်း ဖြည့်တင်းနေကြောင်း သိရသည်။
အောက်တိုဘာ ၃၁ မှစ၍ လွိုင်ကော်မှ ထွက်လာသည့် စစ်ကောင်စီတပ် ထောက်ပို့ယာဉ် အစီး ၃၀ ထက်မနည်း ဖားဆောင်း၊ ဘောလခဲမြို့တို့ကို ဦးတည်သွားနေပြီး အဆိုပါ ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။
ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိအထိ တိုက်ပွဲဖြစ်နေကြောင်း၊ ယနေ့ နေ့လယ် ၁ နာရီကလည်း ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ရဲဘော်တစ်ဦးကလည်း စစ်တပ်ယာဉ်တန်းများကို နိုဝင်ဘာ ၅ ရက်နေ့က နံနက် ၁ နာရီမှ ၄ နာရီအထိ တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ပြီး ယာဉ်နှစ်စီး ပျက်စီးသည်ဟု စစ်ကောင်စီတပ်သားများ ပြောဆိုသံကို ကြားခဲ့ရကြောင်း ထိုရဲဘော်က ဆိုသည်။
“ကားတော့ ထိတယ်၊ လူတော့ မသေချာဘူး။ ကျည်အားနည်းလို့ ကားကို ဦးစားပေးဖို့ပဲ လုပ်လိုက်တယ်လေ” ဟု ၎င်းက ပြောသည်။

KNDF ပြန်ကြားရေးတာဝန်ရှိသူကမူ ယာဉ်တန်းထိခိုက်မှုအခြေအနေအကြောင်း တိတိကျကျ မသိရသေးဟု ဆိုသည်။
“ယာဉ်တန်းပျက်စီးတာတွေကတော့ လောလောဆယ်ထိတော့ အတည်မပြုနိုင်သေးဘူး” ဟု ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
တိုက်ပွဲကာလတွင် စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်နေပြီး တိုက်ပွဲမဖြစ်သည့် ကျေးရွာများတွင်ပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်ရှိအထိမူ အရပ်သားအသေအပျောက် မရှိသေးပေ။
ထို့ပြင် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းပိုင်းအတိုင်း ၃ လကြာ တရွေ့ရွေ့ မောင်းနှင်ခဲ့သည့် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းသည် အောက်တိုဘာ ၂၀ တွင် စစ်တပ်ဗျူဟာတပ် အခြေစိုက်ရာ ဘောလခဲမြို့သို့ ရောက်ခဲ့သည်။
တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မယ်စဲ့မြို့သို့ ထိုယာဉ်တန်း သွားရောက်ဖွယ်ရှိသည်ဟု ယူဆနေကြသည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နောက်တစ်နေ့ အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့မှ တပ်ရင်းအချို့ ရွှေ့ပြောင်းသွားကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မအလ အင်းလေးလာလို့ အပြင်စည်း လုံခြုံရေးယူဖို့ ဖယ်ခုံပင်လောင်းနယ်စပ် ပို့ထားတဲ့ တပ်ရင်း ၂ ရင်း ပြန်သွားပြီး ရှမ်းမြောက်ပို့လိုက်တာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ တပ်ရင်း ၂ ခုမှာ တပ်မ ၈၈ လက်အောက်ခံ ညောင်ဦးမြို့နယ် (ပုဂံ) အခြေစိုက် ခလရ ၇၈ နှင့် အခြားတပ်ရင်းတစ်ခုတို့ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလအတွင်း ကရင်နီဒေသတွင် တိုက်ပွဲ ၃၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကရင်နီဒေသအတွင်း အင်အားအကြီးဆုံး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် KNDF က ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်နေသည်၊ “စခန်းသိမ်းတိုက်ပွဲများတွင်” ပါဝင်တိုက်ခိုက်လျက်ရှိသည်ဟု နိုဝင်ဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)