ဆောင်းပါးရွေးကောက်ပွဲ

PPP ပါတီတွင် လိင်စိတ်ကွဲပြားသူများအတွက် အရေးဆိုမည့် ကိုယ်စားလှယ်လောင်းပါဝင် 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၇,၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထောင်နှင့် ချီသော ထိုကိုယ်စားလှယ်လောင်းများတွင် လိင်စိတ်ခံယူမှုကွဲပြားသူဟု တရားဝင်ထုတ်ဖော်ပြောကြားထားသူ တစ်ဦးရှိသည်။ မန္တလေးမြို့မှ ဦးမျိုးမင်းထွန်းဆိုသူသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ လက်ရှိနှင့် ပြီးခဲ့သည့် လွှတ်တော်အသီးသီးတွင် လိင်စိတ်ခံယူမှုကွဲပြားသူဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမျှ မရှိခဲ့ဖူးပေ။ အလားတူပင် ယခုနှစ်ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင်လည်း ဦးမျိုးမင်းထွန်းတစ်ဦးသာ ရှိသည်။ 

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်အတွင်း လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQI) လူနည်းစုတို့၏ အသံကို ကိုယ်စားပြုမှု မရှိသလောက် နည်းပါးခဲ့သည်။ 

လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင်  ၃၉ နှစ် အရွယ် ဦးမျိုးမင်းထွန်းသည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တွင် တိုင်းလွှတ်တော်အတွက် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။  

“လူဆိုတာက ရေငတ်ဖူးမှ ရေရဲ့တန်ဖိုးကိုသိတာလေ။ LGBT တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာတွေ၊ ရဲတွေနဲ့ပြဿနာတွေ၊ ဥပဒေကို ကျော်လွန်ပြီးတော့ ဖမ်းဆီးတာတွေ၊ ချုပ်နှောင်တာတွေ လုပ်တာတွေဆိုတာ အဲ့လိုအရေးမျိုးကျတော့ LGBT တွေပဲ သိတယ်။ LGBT တစ်ယောက်ဖြစ်တဲ့အတွက် LGBT တွေကို ကိုယ်ချင်းစာပြီး နားလည်တယ်” ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။ 

ကိုလိုနီခေတ်ကာလကတည်းက ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု) ကို အသုံးချကာ ရဲဝန်ထမ်းများက လိင်တူစုံမက်သူများကို ဖမ်းဆီးချုပ်နှောင်နှိပ်စက်သည့် ဖြစ်စဉ်များကို ဦးမျိုးမင်းထွန်းက ရည်ရွယ်ခြင်း ဖြစ်သည်။ 

ရွေးကောက်ခံရပါက မဲဆန္ဒရှင်များ၏ လိုအပ်ချက်များကိုသာမက LGBTQI များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအတွက် လွှတ်တော်ထဲတွင် တင်ပြဆွေးနွေးနိုင်ရန် ၎င်းက မျှော်လင့်ထားသည်။ 

မန္တလေးဇာတိ ဦးမျိုးမင်းထွန်းသည် ပန်းအလှဆင်ခြင်းနှင့် မင်္ဂလာအခမ်းအနားပြင်ဆင်ခြင်းလုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သည်။  

ထို့ပြင် လိင်တူစုံမက်သူများအတွက် ကျန်းမာရေးအသိပညာပေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တစ်ခုတွင်လည်း ပညာပေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်အဖြစ် သုံးနှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသည်။ 

ထို့နောက် မန္တလေးတောင်ခြေတွင် မုန့်တီဆိုင်ဖွင့်ခဲ့သော်လည်း ဆိုင်ခန်းငှားရမ်းခ ကြီးမြင့်မှုကြောင့် ပိတ်ပစ်လိုက်ကာ ပန်းအလှဆင်ခြင်းနှင့် မင်္ဂလာအခမ်းအနားပြင်ဆင်ခြင်းလုပ်ငန်းကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သည်။

ယခင်ရွေးကောက်ပွဲများတွင် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ်စားလှယ်များ ရွေးချယ်မဲပေးခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်ကို အားမရသဖြင့် ယခုရွေးကောက်ပွဲတွင် ကိုယ်တိုင်ဝင်ရောက်ရွေးကောက်ခံရန် ဆုံးဖြတ်ခဲ့သည်ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။ 

“အရင်တုန်းက လွှတ်တော်တွေမှာ ကိုယ်စားလှယ်တွေကို မဲပေးပြီး လွှတ်တော်ထဲ ထည့်ပေးလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုအပ်လို့ အကူအညီတောင်းတဲ့အချိန်မှာ ရှာဖွေလို့ မရဘူးဖြစ်တယ်။ အဲ့ဒီတော့ သူတို့ကို ခိုင်းနေမယ့်အစား သူတို့ကို မခိုင်းတော့ဘူး။ ငါကိုယ်တိုင်ပဲ လွှတ်တော်ထဲ ဝင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ဝင်ခဲ့လိုက်တာ” ဟု ရွေးကောက်ပွဲ ဝင်ပြိုင်ရသည့် အကြောင်းရင်းကို ပြောသည်။ 

သို့သော်လည်း နိုင်ငံရေးအတွေ့အကြုံ မရှိသေးသည့်အတွက် ပြည်ထောင်စုအဆင့်လွှတ်တော်အစား တိုင်းအဆင့်လွှတ်တော်တွင်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ကျား၊မ မခွဲခြားဘဲ လူငယ်ဦးစားပေးသည့် ပြည်သူ့ရှေ့ဆောင်ပါတီ၏ မူဝါဒကို သဘောကျသည့်အတွက် ထိုပါတီကိုယ်စားပြု ယှဉ်ပြိုင်ရန် ဦးမျိုးမင်းထွန်းက ဆုံးဖြတ်ခဲ့သည်။

အောင်မြေသာစံမြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီရုံးခန်းတွင် ပါတီဝင်များနှင့်အတူ မဲဆွယ်စည်းရုံးရေး ဆွေးနွေးတိုင်ပင်နေသည့် ဦးမျိုးမင်းထွန်းကို တွေ့ရစဉ် (ဓာတ်ပုံ – ရန်မိုးနိုင်/Myanmar Now)

ဒေသခံများ၏ အသံနားထောင်ပြီး လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်သလို LGBT အခွင့်အရေးအတွက်လည်း ဆောင်ရွက်ပေးမည်ဟု ပါတီကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်စဉ်ကတည်းက ဖြည့်သွင်းခဲ့သည်။ ပါတီတာဝန်ရှိသူများက ၎င်းကို ရန်ကုန်တွင် လူတွေ့စစ်ဆေးပြီးနောက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သည်။

“နိုင်ငံသားမှန်ရမယ်။ ၂၀၀၈ အခြေခံဥပဒေထဲကနေ ကိုယ်စားလှယ်လောင်းဖြစ်သင့်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီဖို့လိုတယ်။ ဘောင်ကန့်သတ်မထားဘူး” ဟု ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်သည့် မူဝါဒနှင့်ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။ 

ဦးမျိုးမင်းထွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ အမည်စာရင်းတင်သွင်းခြင်း၊ လူတွေ့မေးမြန်းခြင်းများကိုလည်း အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သည်။

ထိုအဆင့်နှစ်ခုတွင် အဆင်ပြေချောမွေ့ခဲ့သော်လည်း လိင်စိတ်ခံယူမှု ကွဲပြားသူတို့အပေါ် ရာနှုန်းပြည့်လက်ခံမပေးနိုင်သေးသည့် ရှေးရိုးစွဲအယူအဆများလည်း ရှိနေသေးရာ မဲဆွယ်စည်းရုံးရေးကာလတွင် LGBT ကိုယ်စားလှယ်လောင်းတစ်ဦး ကြုံလာရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိသေးသည်။ 

“LGBT တစ်ယောက် လွှတ်တော်ရွေးကောက်ပွဲဝင်ပြီဆိုကတည်းက လူတွေကတော့ ပုတ်ခတ်တာတွေ၊ မကောင်းတဲ့မှတ်ချက်တွေ၊ ရိုင်းစိုင်းတဲ့စကားတွေနဲ့ တိုက်ခိုက်ကြမှာပဲလေ။ ကျွန်တော်တို့ ဝင်ရတယ်ဆိုတာက သာမန်ယောက်ျား၊ မိန်းမ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဝင်ရတာမဟုတ်ဘူး။ LGBT တစ်ယောက်အနေနဲ့ ဝင်ပြိုင်တာမလို့ သူတို့ ဝေဖန်ခံရတာထက် ပိုပြီးဝေဖန်ခံရမှာပဲ” ဟု ဦးမျိုးမင်းထွန်းက ပြောသည်။ 

ခေတ်ကာလပြောင်းလဲလာသည့်အလျောက် လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် လူထုလက်ခံမှုမှာ ယခင်ကထက် တိုးတက်လာသော်လည်း ဝေဖန်တိုက်ခိုက်မှုများ ရှိနေသေးသည့်အပြင် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် လက်ခံရန်လည်း စိန်ခေါ်မှုရှိနေဆဲဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသည့် Equality Myanmar အဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက သုံးသပ်သည်။

“သာမန်မိတ်ဆွေသူငယ်ချင်းတစ်ယောက်အနေနဲ့ လက်ခံကောင်း လက်ခံနိုင်ပေမယ့် ကိုယ့်ရဲ့မြို့နယ်၊ ကိုယ့်ရဲ့အရေးအရာကို ကိုယ်စားပြုပြီး လွှတ်တော်မှာ တာဝန်သုံးရပ်ထမ်းဆောင်မယ့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ ဒါမှမဟုတ် အစိုးရထဲမှာ ဦးဆောင်တဲ့သူအဖြစ် လက်ခံဖို့အတွက်ကတော့ နှစ်ဆင့်လောက်ထပ်ပြီး ရှေ့ဆက်တိုးရမယ့် အခြေအနေမျိုး ရှိဦးမှာပဲ” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ 

လိင်စိတ်ခံယူမှုကွဲပြားသူများမှာ အခွင့်အရေးအပြည့်အဝ မရရှိသေးသော်လည်း လက်ရှိအစိုးရလက်ထက်တွင် ပိုမိုနေရာပေးလာခြင်းက အကောင်းဘက်ကို ဦးတည်သည်ဟု ဦးမျိုးမင်းထွန်းက သုံးသပ်သည်။

“နေရာတစ်နေရာပေးပြီး တန်းညှိပြီး စကားလက်ခံပြောလာတဲ့အဆင့်ဆိုရင်ကိုပဲ မနည်းဘူးလေ။ LGBT တွေအတွက် နေရာလေးတွေ ရလာပြီပေါ့။ ဒီအစိုးရလက်ထက်မှာ အကုန်လုံးမဟုတ်ရင်တောင် မဆိုးဘူးလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်း လူငယ်အခန်းကဏ္ဍတွင် လိင်စိတ်ခံယူမှုကွဲပြားသူများကို ခွဲခြားဆက်ဆံမှုများကင်းရှင်းရန်ဆိုသည့်အချက်ကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ 

လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြောင်း မူဝါဒများကို နိုင်ငံရေးပါတီများက ထုတ်ဖော်ကြေညာလာပါက ဦးမျိုးမင်းထွန်းကဲ့သို့ လိင်စိတ်ခံယူမှုကွဲပြားကြောင်း ထုတ်ဖော်ပြောကြားပြီး ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ ပိုမိုထွက်ပေါ်လာနိုင်သည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။ 

လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦးအဖြစ် ဦးမျိုးမင်းထွန်းကဲ့သို့ ထုတ်ဖော်ပြောကြားပြီး ရွေးကောက်ပွဲဝင်လိုက်ခြင်းသည် ယင်းအသိုင်းအဝိုင်းအတွင်းရှိ အခြားသူများအတွက်ပါ တွန်းအားတစ်ရပ်ဖြစ်စေသည်ဟု LGBT အရေးတက်ကြွလှုပ်ရှားသူ ရှင်းသန့်က ဆိုသည်။

“နိုင်ငံရေးပြေးလမ်းပေါ်မှာ ပြေးနေတဲ့အထဲမှာလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောကြားတဲ့ LGBT တွေလည်း ရှိနေတယ်။ သူတို့အတွက် ဒါဟာ စိတ်ဓာတ်ခွန်အားတစ်ရပ်ဖြစ်လာပြီး … သူတို့ကိုယ်သူတို့ LGBT ဖြစ်တယ်ဆိုရင် LGBT အဖြစ် ပွင့်ပွင့်လင်းလင်း ပိုပြီးထုတ်ဖော်ပြောကြားလာနိုင်ပါတယ်” ဟု ကိုယ်တိုင်လည်း အမျိုးသမီးအဖြစ် ပြောင်းလဲပြုမူနေထိုင်သူ (Transwoman) တစ်ဦးဖြစ်သည့် ရှင်းသန့်က ပြောသည်။

ဦးမျိုးမင်းထွန်း ရွေးကောက်ခံရပါက ၎င်းနေထိုင်ရာ မန္တလေးတိုင်းအတွင်း လိင်စိတ်ခံယူမှုကွဲပြားသည့်သူများကို ပစ်မှတ်ထားပြီး လုပ်ပိုင်ခွင့်ဘောင်ကျော်လုပ်ဆောင်နေသည့် ရဲများ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ လွှတ်တော်မှတဆင့် ဖြေရှင်းပေးရန် ရှင်းသန့်က မျှော်လင့်ထားသည်။ 

လိင်တူစုံမက်သူများကို အရေးယူနိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ပြင်ဆင်ပယ်ဖျက်ရေးကို တိုင်းလွှတ်တော်အဆင့်တွင် ဆောင်ရွက်နိုင်မည်မဟုတ်သော်လည်း လိင်စိတ်ခံယူမှုကွဲပြားသူလူနည်းစုများ၏ ဆုံးရှုံးမှု၊ နစ်နာမှု၊ ရပိုင်ခွင့်များကို ဆွေးနွေးတင်ပြသွားနိုင်ရန် ရည်ရွယ်ထားကြောင်း ဦးမျိုးမင်းထွန်းက ပြောသည်။ 

LGBT တစ်ဦးအနေဖြင့် လွှတ်တော်တွင်း ရောက်ရှိပါက LGBT အရေးသာမကဘဲ မဲဆန္ဒရှင်များ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ ဥပဒေပြုခြင်းစသည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်များကို ဆောင်ရွက်ရန် လိုသည်ဟု ဦးအောင်မျိုးမင်းက အကြံပြုသည်။ 

“LGBT ဆိုတာ လူမှုအသိုင်းအဝိုင်းထဲက လူတစ်စုသာ ဖြစ်တယ်။ ဒါပေမယ့် သူက LGBT ဖြစ်ပေမယ့် သူကိုယ်စားပြုတာက ရပ်ရွာလူထုနဲ့ မဲဆန္ဒရှင်အားလုံးကို ကိုယ်စားပြုနိုင်တဲ့ကိစ္စမျိုးလည်း ကျွမ်းကျင်နှံ့စပ်ဖို့ အရေးကြီးပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ 

လိင်စိတ်ခံယူမှုကွဲပြားသူဟု ထုတ်ဖော်ကြေညာထားသည့် ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက် နှစ်ထပ်ကွမ်းစိန်ခေါ်မှုများနှင့် တာဝန်များ ရှိနေသော်လည်း ဦးမျိုးမင်းထွန်းက စိတ်ပျက်အားလျော့ခြင်းမရှိ။ 

“ရွေးကောက်ပွဲ စဝင်ပြီဆိုကတည်းက နိုင်ရမယ်ဆိုတဲ့စိတ်ပဲ ရှိတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာ ၁၀၀ ရာခိုင်နှုန်း နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပဲ ကျွန်တော်က ဝင်ပြိုင်တာ” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် ဖြစ်ပေါ်လာနိုင်သည့် ဝေဖန်ပြစ်တင်မှုများကို စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့် တုံ့ပြန်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးမျိုးမင်းထွန်းက ဆိုသည်။

“LGBT တစ်ယောက်ဟာ ဦးနှောက်နှစ်မျိုး ပိုင်ဆိုင်ထားတဲ့ လူသားတစ်ယောက်ဖြစ်တယ်။ မိန်းကလေးလိုလည်း စဉ်းစားတတ်တယ်။ ယောက်ျားလေးလိုလည်း ရဲရင့်တိကျပြတ်သားတယ်။ LGBT လွှတ်တော်အမတ် တစ်ယောက်ဟာ ယောက်ျားလေး၊ မိန်းကလေးထက်ပိုပြီးတော့ စွမ်းဆောင်ရည် လုပ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်က ဝင်တာပေါ့” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button