ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အယုံအကြည်မရှိဟုဆိုကာ စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်သည့် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုသန်းနိုင်တို့ သုံးဦးကို ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ကြွေးကြော်ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အမှတ် ၁ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
“ဖမ်းတာက သူတို့ဆန္ဒပြလို့ မိနစ် ၂၀ လောက်ကြာတဲ့အခါမှာ ဖမ်းတာ။ ဆန္ဒပြကြတယ်။ ကြွေးကြော်ကြတယ်။ အဲဒီအချိန်မှာ ဝင်ဖမ်းတာ။ ပြည်နယ်အစိုးရရုံးကလူတွေတော့ ထွက်ကြည့်တာ မရှိဘူး” ဟု အဆိုပါပုဂ္ဂိုလ်က Myanmar Now ကိုပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါ ထိန်းချုပ်ရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လက်တွေ့မြေပြင်တွင် ထိရောက်မှုမရှိသောကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို ဆန္ဒပြရခြင်းဖြစ်သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ
ကိုဘုန်းပြည့်ဖြိုးက ပြောသည်။
“အပြင်မှာပဲ အပြောများနေပြီးတော့ တကယ့်လက်တွေ့မှာ လုံးဝမရောက်လာတဲ့အတွက် အယုံအကြည်မရှိတော့ဘူးပေါ့။ ဒီကိစ္စတစ်ခုတည်းကြောင့်လည်း မဟုတ်ဘူး။ အင်တာနက်ကိစ္စလည်း ပါတယ်။ ပြည်နယ်အစိုးရကိုဖြစ်စေ၊ ပြည်ထောင်စုအစိုးရကိုဖြစ်စေ ကျွန်တော်တို့ တောင်းဆိုခဲ့တာရှိတယ်။ အင်တာနက်ကိစ္စရော ကိစ္စအဝဝတွေကို တောင်းဆိုခဲ့တယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ကာကွယ်ရေးအတွက် ပြည်ထောင်စုအစိုးရက ငွေကျပ် ၁၄ ဒသမ ၈ ဘီလျံ၊ ပြည်နယ်အစိုးရအဖွဲ့က ၁ ဒသမ ၅၆၆ ဘီလျံ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေ ကျပ် ၃၁၁ ဒသမ ၄ သန်းခန့် စုစုပေါင်း ၁၆ ဒသမ ၇ ဘီလျံခန့် အသုံးပြုထားသည်ဟု ဩဂုတ် ၂၈ က ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်ဟု ဆိုသည်။
ဆန္ဒပြရာတွင် ပြည်နယ်အစိုးရကို အယုံအကြည်မရှိ၊ 4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ No bloody Government၊ No Murder Government ဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်ဟုလည်း ဆိုသည်။
“ဒီမိုကရေစီခေတ်မှာ ဒီလိုချိုးဖောက်မှုတွေ ကြုံလာရပြီလား။ ပြီးတော့ ကျနော်တို့ အစိုးရကို ထောက်ပြဝေဖန်ခွင့် မရှိတော့ဘူးလား။ ပြည်သူလူထုတစ်ယောက်အနေနဲ့ အစိုးရကို ထောက်ပြဝေဖန်ခွင့် မရှိရင် အစိုးရဟာ ဒီမိုကရေစီအစိုးရ စစ်မှန်သေးရဲ့လားလို့ မေးခွန်းထုတ်ချင်တယ်”ဟုလည်း ကိုဘုန်းပြည့်ဖြိုးက ပြောသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့်မြို့များရှိ လမ်းမီးတိုင်များနှင့် လူစည်ကားရာနေရာများတွင် ဆန္ဒပြရာတွင် ကြွေးကြော်ခဲ့ကြသည့် စာရွက်များကပ်ခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်မေးမြန်းရာတွင် “ဒါကတော့ သူ့ယုံကြည်ချက်ပဲ။ သူ့ယုံကြည်ချက်ကို မတားဆီးဘူး။ ငါ့ယုံကြည်ချက်လည်း တားဆီးလို့ မရဘူး။ အဲဒါ သူ့အလုပ် သူလုပ်တာပဲ” ဟု ပြောသည်။
“ဒါကို အလွဲသုံးစားလုပ်လို့မှ မရတာ။ စာရင်းဇယားတွေရှိတာပဲ။ ဒါက ဘုန်းကြီးကျောင်းမဟုတ်ဘူးလေ။ ဘုန်းကြီးကျောင်းမှာ စာရင်းရှင်းသလို ရှင်းလို့ရတာ မဟုတ်ဘူး။ အစိုးရအဖွဲ့ အဆင့်ဆင့်စစ်ဆေးပြီးမှ လက်ခံရတဲ့အလုပ်မျိုး” ဟုလည်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်ကလည်း ပြည်နယ်အစိုးရအဖွဲ့ကို လူမှုကွန်ရက်က ဝေဖန်ခဲ့သည့် စစ်တွေဒေသခံတစ်ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။