အတွေးအမြင်

၁၀၂၇ စစ်ဆင်ရေးက “ကန့်သတ်စစ်” လား

ရုတ်တရက် ပေါ်ပေါက်လာပြီး အရှိန်အဟုန်နှင့် ဆက်လက်လှုပ်ရှားနေသော ၁၀၂၇ စစ်ဆင်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ကြွေးကြော်သံကြောင့် လူထုထောက်ခံမှုရရှိနေသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်စောစောပိုင်း မြန်မာပြည်သူများ အိပ်ယာထချိန် ဆိုရှယ်မီဒီယာပေါ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီဆိုသည့်သတင်းက ဆီးကြိုလျက်ရှိသည်။ ထိုနေ့တစ်နေ့လုံး ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်တွင် တစ်မုဟုတ်ချင်း ပေါ်ပေါက်လာသော တိုက်ပွဲသတင်းများက မြန်မာ့သတင်းမီဒီယာလောကတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးဂိတ်စခန်းတစ်ခုတည်ရှိရာ ချင်းရွှေဟော်မြို့အဝင် လမ်းမပေါ်တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ အစုအပြုံလိုက်သေဆုံးနေသော ဓာတ်ပုံများက ၁၀၂၇ စစ်ဆင်ရေးအတွင်း ကနဦးစစ်ပွဲများ၏ အနိဋ္ဌာရုံမြင်ကွင်းတစ်ခု ဖြစ်ခဲ့ပြီး၊ တစ်မနက်ခင်းထဲတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သော ပူးပေါင်းတပ်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။

“၁၀၂၇ စစ်ဆင်ရေး” သည် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်မှသည် ဖောင်းဆိုင်နှင့် နမ့်ခမ်းအထိ၊ မူဆယ်-မန္တလေး အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် နန့်ဖက်ကာ၊ သိန္ဒီ၊ လားရှို၊ နောင်ချို စသည့် ကျယ်ပြန့်လှသောနယ်မြေများတွင် လျင်လျင်မြန်မြန် သက်ဝင်လှုပ်ရှားလာသည်။ မြန်မာ့ပြည်တွင်းစစ်သမိုင်းတွင် ကြုံတွေ့ရခဲသော အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်နေပြီလားဟု တွေ့မြင်ခံစားနေရပြီ ဖြစ်သည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆင်နွှဲနေသော နွေဦးတော်လှန်ရေး ၂ နှစ်ခွဲရှိလာချိန် ပြည်သူများ ထင်မှတ်မထားချိန် ပေါ်ပေါက်လာသော ၁၀၂၇ စစ်ဆင်ရေးသည် Limited Warfare ဟု ခေါ်သည့် အကန့်အသတ်စစ်ဖြစ်သည် သို့မဟုတ် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအထိ ဆင်နွှဲမည့်စစ် ဖြစ်သည်ဆိုသည်ကို ဆန်းစစ်လေ့လာရန် လိုအပ်ပေလိမ့်မည်။

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်အပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့မှ တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − The Kokang)

၁၀၂၇ စစ်ဆင်ရေး၏ ကနဦးသက်ရောက်မှုများ

နိုဝင်ဘာလ ၂ ရက်နေ့အထိ စစ်ဆင်ရေး ၇ ရက်အတွင်း စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၉၀ ကျော်ကို သိမ်းပိုက်ခဲ့ပြီး၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် (ပန်ဆိုင်း) တို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာသလို၊ စစ်ကောင်စီဘက်ကလည်း ဝန်ခံပြောဆိုခဲ့သည်။

ချင်းရွှေဟော်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ဆင်ရေးရည်ရွယ်ချက်တစ်ခုဖြစ်သော Online game (ကျားဖြန့်) ကုမ္ပဏီလုပ်ငန်းနှင့် ပတ်သက်ဆက်နွှယ်သော လူအများအပြားကို ဖမ်းဆီးပြီး တရုတ်အာဏာပိုင်များလက်ထဲ အပ်နှံခဲ့သည် ဟူသော သတင်းများထွက်လာသော်လည်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြခြင်း မရှိပါ။

ထို့ပြင် တရုတ်-မြန်မာနယ်စပ် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်း၏ ဆုံချက်မြို့ဖြစ်သော သိန္နီမြို့ကို မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က လုံးဝထိန်းချုပ်လိုက်ပြီး၊ သိန္နီမြို့၏ လာရှိုးဘက်အထွက် ချောင်းကူးတံတားတစ်စင်းကို ဖောက်ခွဲဖျက်ဆီးထားပြီ ဖြစ်သဖြင့် နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်တန့်သွားပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ် ပထမ ၆ လ (ဧပြီ – စက်တင်ဘာ) အတွင်း ပို့ကုန်သွင်းကုန်တန်ဖိုး မူဆယ်နယ်စပ်ဂိတ်မှ အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံကျော်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဒေါ်လာ ၆၃၀ သန်းကျော်၊ စုစုပေါင်း ဒေါ်လာ ၂ ဘီလျံနီးပါး ကုန်သွယ်ခဲ့သည်။ စစ်ရေးလှုပ်ရှားမှု ပိုမိုနက်ရှိုင်းပြင်းထန်လာသည်နှင့်အမျှ ထိုနယ်စပ်ဂိတ်နှစ်ခုမှ ကုန်သွယ်မှု အချိန်ကာလတစ်ခုအထိ ရပ်ဆိုင်းသွားနိုင်ပါသည်။

၁၀၂၇ စစ်ဆင်ရေး၏ အချိန်ကာလကို သတ်မှတ်ဖော်ပြထားခြင်း မရှိပါ။ သို့သော် လတ်တလောဖြစ်ထွန်းမှုများအရ ရှေ့လာမည့်ရက်များအတွင်း စစ်ဆင်ရေးနယ်မြေသည် ရှမ်းပြည်နယ်မြောက်ပိုင်းကို ကျော်လွန်၍ ပိုမိုကျယ်ပြန့်လာနိုင်ဖွယ်ရှိနေပါသည်။

အကြောင်းမှာ အခြားဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုများက ၁၀၂၇ စစ်ဆင်ရေးကို အင်တိုက်အားတိုက် ထောက်ခံထားပြီး၊ ၎င်းတို့ဒေသအသီးသီးတွင်လည်း စစ်ဆင်ရေးများ ဖော်ဆောင်ရန် နှိုးဆော်ထားခြင်းကြောင့် ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး အချိန်တိုအတွင်း စစ်ကောင်စီတပ်စခန်းအများအပြား ကျဆုံးခဲ့ရခြင်းမှာ တရုတ်-မြန်မာ နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုသည် နွေဦးတော်လှန်ရေးတွင် ကြားနေရပ်တည်ကြပြီး၊ တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေး တစိုက်မတ်မတ်ဖိအားပေးမှုကြောင့် ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားမှုနည်းပါးခြင်းကို အခွင့်ကောင်းယူပြီး၊ စစ်ကောင်စီက ထိုဒေသမှ ၎င်းတို့၏ တပ်အင်အားကို အခြားဒေသအသီးသီးရှိ ပြည်သူတို့၏ မကြုံစဖူးသော လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နှင်းရန် ထုတ်နုတ်သုံးစွဲနေရခြင်းကြောင့် စခန်းများတွင် အင်အားနည်းချိန်နှင့် စစ်ကူမပေးနိုင်ခြင်းက အကြောင်းတရားတစ်ခု ဖြစ်နိုင်ပါသည်။

ရှမ်းပြည်နယ်တည်နေရာကို အနီရောင်ဖြင့် ပြထားသည်။

၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာရသော ရည်ရွယ်ချက်များ

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စာ ၅ မျက်နှာပါသော “ပြည်သူလူထုတစ်ရပ်လုံးအတွက် အိတ်ဖွင့်စာ” ကြေညာချက်တစ်ရပ်ကို MNDAA က တစ်ဖွဲ့တည်း သီးခြားထုတ်ပြန်ခဲ့ပြီး၊ စစ်ဆင်ရေးရည်မှန်းချက် ၅ ရပ်ကို ဖော်ပြခဲ့သည်။ ထိုနေ့မှာပင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော MNDAA ၊ TNLA နှင့် AA တို့ ပူးပေါင်းပြီး၊ အလားတူရည်ရွယ်ချက်များ ဖော်ပြထားသော ကြေညာချက်တစ်ရပ်ကို ထပ်မံထုတ်ပြန်ခဲ့သည်။

ကြေညာချက်နှစ်ရပ်စလုံးတွင် နိုင်ငံရေးအရ အမြင့်ဆုံးရည်မှန်းချက်မှာ “မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး” အဖြစ် တွေ့ရှိရပြီး၊ အခြားရည်ရွယ်ချက်များမှာ “အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်အား အဆက်မပြတ်ဒုက္ခပေးနေခြင်းနှင့် ပြည်သူလူထုတစ်ရပ်လုံးအား အကြမ်းဖက်သတ်ဖြတ်နေမှုများမှ အကာအကွယ်ပေးရေး”“မိမိကိုယ်မိမိ ခုခံကာကွယ်ရေး” နှင့် “မိမိတို့ဒေသကို မိမိတို့ ပိုမိုထိန်းချုပ်နိုင်ရေး” တို့ ဖြစ်သည်။

ထို့ပြင် ထူးခြားသည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပတ်သက်သော ရည်ရွယ်ချက်တစ်ခုလည်း ပါဝင်နေသည်။ ယင်းမှာ တရုတ်အစိုးရက ၎င်းတို့၏ နိုင်ငံတော်လုံခြုံရေးနှင့် လူမှုတည်ငြိမ်ရေးကို ခြိမ်းခြောက်လာနေသည်ဟု သတ်မှတ်ထားသော ပြဿနာတစ်ခုဖြစ်သည့် တရုတ်-မြန်မာနယ်စပ်ဒေသက “အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေးနှင့် Online Game (ကျဖျင်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို ဝိုင်းဝန်းဖမ်းဆီးတိုက်ဖျက် နှိမ်နင်းသွားရန်” ဖြစ်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရည်ရွယ်ချက်များနှင့် လက်တွေ့မြေပြင်တွင် စစ်ဆင်ရေးဖော်ဆောင်မှုကို ချိတ်ဆက်လေ့လာကြည့်လျှင် စစ်ဆင်ရေးအောင်မြင်ရေး၏ အဓိကသော့ချက်များဖြစ်သော မြန်မာပြည်သူတစ်ရပ်လုံးက စစ်ဆင်ရေးကို ဝိုင်းဝန်းထောက်ခံမှုပေးရေးနှင့် တရုတ်နယ်စပ်ဒေသတွင် ဖော်ဆောင်သော စစ်ဆင်ရေးဖြစ်သဖြင့် တရုတ်နိုင်ငံ၏ ထောက်ခံမှုရရှိရေး ပါးနပ်စွာ ချိတ်ဆက်ထားသည်ကို တွေ့ရှိရသည်။

(တရုတ်မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်မြို့ကို ထိန်းချုပ်ထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် − ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-The Kokang)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်ရေး ERO ၈ ဖွဲ့အထိ ရှိလာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်မှစ၍ နိုင်ငံအနှံ့က ပြည်သူများသည် ကနဦးတွင် ငြိမ်းချမ်းစွာဆန္ဒပြဆန့်ကျင်ခဲ့ကြပြီး၊ စစ်တပ်က လက်နက်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ဖြိုခွင်းလာချိန်တွင် ကိုယ့်ပြည်သူကိုယ် သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်သော စစ်အာဏာရှင်တစ်စုကို လက်နက်ကိုင် ခုခံကာကွယ်တော်လှန်ရုံမှတစ်ပါး အခြားမရှိပြီဟု ပြည်သူများက ယုံကြည်ဆုံးဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နိုင်ငံအနှံ့ ပေါ်ထွက်လာခဲ့သည်။

ထိုအချိန် နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် စစ်အာဏာသိမ်းမှုအပေါ် ရပ်တည်ချက်သဘောထား အမျိုးမျိုးကွဲပြားခဲ့ကြပြီး၊ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် ၎င်းတို့ထံသို့ အားကိုးတကြီးရောက်ရှိလာသော ထောင်သောင်းချီသည့် ဆန္ဒပြ လူငယ်လူရွယ်အများအပြားအပေါ် မူဝါဒအမျိုးမျိုးဖြင့် ဆက်ဆံကူညီခဲ့ကြသည်။

နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် အခြေပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် စစ်အာဏာသိမ်းမှုကို ပွင့်လင်းပြတ်သားစွာ ဆန့်ကျင်ပြီး၊ PDFs များကို နွေးထွေးစွာလက်ခံ၊ စနစ်တကျလေ့ကျင့်၊ ဖွဲ့စည်း၊ လက်နက်တပ်ဆင်ပေးပြီး ကိုယ်တိုင်ဦးဆောင်ကာ စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ KIA ၏ နွေဦးတော်လှန်ရေးအတွက် ပြတ်သားသောရပ်တည်ချက်က သမိုင်းမှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် KIA ကဲ့သို့ ပွင့်လင်းပြတ်သားစွာ အများပြည်သူကို အသိပေး မရပ်တည်ခဲ့သော်လည်း၊ PDFs များကို စနစ်တကျ လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးရာတွင် အမည်ထွက်မခံဘဲ ပါဝင်ခဲ့ပြီး၊ စစ်ဆင်ရေး ၁၀၂၇ မစတင်မီအထိ စစ်ကောင်စီကို စစ်ရေးအရ ထိပ်တိုက်မတွေ့ဘဲ ရှောင်ရှားခဲ့ကြသည်။

သို့သော် အခြားအင်အားကြီးလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သော ဝ ၊ မိုင်းလားနှင့် SSPP/SSA-South တို့က စစ်အာဏာသိမ်းမှုအပေါ် မြန်မာ-မြန်မာအချင်းချင်း ဖြစ်ပွားသည့်ပြဿနာဟု ကျဉ်းမြောင်းစွာ ရှုမြင်ခဲ့ကြပြီး၊ စစ်ကောင်စီနှင့် ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကာ စစ်အာဏာရှင်တော်လှန်ရေးတွင် မပါဝင်ကြပါ။

နိုင်ငံအရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းတွင် အခြေပြုထားကြသော KNU ၊ KNPP ၊ ABSDF အဖွဲ့များနှင့် အနောက်မြောက်ပိုင်းတွင် အခြေပြုသော CNF တို့သည် KIA ကဲ့သို့ပင် ရပ်တည်ချက်တူညီကြပြီး၊ PDFs များကို နွေးထွေးစွာလက်ခံ၊ လေ့ကျင့်၊ ဖွဲ့စည်း၊ လက်နက်တပ်ဆင်ပေးပြီး စစ်ကောင်စီကို တိုက်ပွဲဝင်ရာတွင် ဦးဆောင်သော EROs များ ဖြစ်လာကြသည်။ 

၎င်းတို့ထဲတွင် KNU ၊ ABSDF နှင့် CNF တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော အဖွဲ့များဖြစ်ကြသည်။ သို့သော် NCA လက်မှတ်ထိုးထားသော ကျန်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့သည် ပြည်သူ့ခုခံတော်လှန်ရေးကို မထောက်ခံကြဘဲ၊ စစ်ကောင်စီကို အသိအမှတ်ပြုလျက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။ ၎င်းတို့ထဲတွင် အင်အားအသင့်အတင့်ရှိသော မွန်ပြည်သစ်ပါတီ (MNSP) နှင့် RCSS/SSA တို့မှလွဲလျှင် ကျန် ၅ ဖွဲ့သည် အဖွဲ့ငယ်များသာ ဖြစ်သည်။

ခြုံ၍ လေ့လာမည်ဆိုလျှင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီး၊ PDFs များနှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး တော်လှန်တိုက်ခိုက်နေသောအဖွဲ့ ၈ ဖွဲ့အထိ ရှိလာပြီ ဖြစ်သည်။ အဆိုပါ ၈ ဖွဲ့ပေါင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ PDFs အင်အား ပေါင်းလိုက်လျှင် လက်ရှိစစ်ကောင်စီတပ်အင်အားကို ကောင်းစွာရင်ဆိုင်နိုင်သော အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။

မထင်မှတ်ထားသော မီးပွားတစ်စ၏ မဟာဗျူဟာဆုံမှတ် 

မထင်မှတ်ထားသော မီးပွားတစ်စ ဆိုသည်မှာ မြန်မာပြည်အရှေ့မြောက်နယ်စပ်ကို အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အိမ်နီးချင်း တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးပြဿနာ (National Security Problem) ဖြစ်လာပြီး၊ ထိုဂိုဏ်းများကို နှိမ်နင်းရန် တရုတ်အစိုးရ၏ လွန်ခဲ့သောလပိုင်းတွင် ပြင်းပြင်းထန်ထန် အရေးယူလာသော ခြေလှမ်းများဖြစ်သည်။

အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်လှုပ်ရှားနေသော တရုတ်-မြန်မာနယ်စပ်ဒေသများမှာ UWSA ထိန်းချုပ်ထားသော ‘ဝ’ နယ်မြေ၊ NDAA ထိန်းချုပ်ထားသော မိုင်းလားနယ်မြေ၊ စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသော လောက်ကိုင်နှင့် ချင်းရွှေဟော်အပါအဝင် ကိုးကန့်နယ်မြေများ ဖြစ်နေသည်။

ထိုပြဿနာသည် တရုတ်နိုင်ငံတွင် မည်မျှကြီးကျယ်နေသနည်းဆိုလျှင် တရုတ်အစိုးရသည် ၎င်းတို့ ဩဇာလွှမ်းမိုးမှုအရှိဆုံးနှင့် အဆင်အပြေဆုံးဟု ဆိုရမည့် UWSA ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းကို ဖမ်းဆီးပြီး အခြားခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဆုတံဆိပ်ချီးမြှင့်ဂုဏ်ပြုခဲ့သော ကိုးကန့်သူဌေး ဦးမောင်မောင်အပါအဝင် ၁၁ ဦးကို ဖိတ်ခေါ်ပြီး တရုတ်နိုင်ငံအတွင်း ဖမ်းဆီးခဲ့ခြင်း စသည့် မည်သူမျှထင်မှတ်မထားသော တရုတ်အစိုးရ၏ အမျက်ဒေါသကို တွေ့မြင်လာရသည်။ 

တရုတ်၏ ဩဇာလွှမ်းမိုးမှုရှိသည်ဟု ကျယ်ပြန့်စွာလက်ခံထားသော တရုတ်-မြန်မာနယ်စပ်အခြေပြု ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော MNDAA ၊ TNLA နှင့် AA တို့သည် အဆိုပါ ပြဿနာများနှင့် ကင်းရှင်းနေခဲ့သည်။ ထိုအခြေအနေတွင် ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီး တရုတ်အစိုးရ ရင်ဆိုင်နေရသော အွန်လိုင်းလောင်းကစား (ကျဖျင်) ဂိုဏ်းများကို နှိမ်နင်းရန် စစ်ဆင်ရေးရည်ရွယ်ချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း တွေ့ရှိရသည်။

ထိုရည်ရွယ်ချက်သည် အာဏာသိမ်းစစ်ကောင်စီနှင့် နွေဦးတော်လှန်ရေးအင်အားစုများအကြား လွန်ခဲ့သော ၂ နှစ်ခွဲလုံးလုံး ရင်ဆိုင်နေရသော ပြည်တွင်းနိုင်ငံရေးပြဿနာများနှင့် ဆက်နွှယ်မှုမရှိသော ထူးခြားချက်တစ်ခုအဖြစ် တွေ့ရှိရသည်။ 

မြန်မာပြည်သူများသည် လွန်ခဲ့သော ၂ နှစ်ခွဲလုံးလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ကို စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်နေသော နွေဦးတော်လှန်ရေးထဲ ပူးပေါင်းပါဝင်လာပါက တော်လှန်ရေး ပိုမိုထိရောက်အားကောင်းလာမည်ဟု ယုံကြည်မျှော်လင့်ခဲ့ကြသော်လည်း ထိုသို့ ဖြစ်မလာခဲ့ပါ။ ထို့ကြောင့် ၎င်းတို့၏ နောက်ကွယ်မှ ပံ့ပိုးကူညီမှုကိုသာ အားထားခဲ့ကြပြီး၊ ၁၀၂၇ စစ်ဆင်ရေးကဲ့သို့သော စစ်ရေးအစီအစဉ် ပေါ်ပေါက်လာမည်ဟု မျှော်လင့်မထားခဲ့ကြပါ။

ယခုအချိန်မှ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်လာရခြင်းမှာ တရုတ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား မထင်မှတ်ထားသော မီးပွားတစ်စမှ မဟာဗျူဟာဆုံမှတ် ကျသွားပြီး၊ တရုတ်မီးစိမ်းပြလိုက်သော စစ်ဆင်ရေးဖြစ်နိုင်သလားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်နေပြီး၊ ထိုအချက်ကို သိရှိနိုင်ရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝေကို Myanmar Now က မေးမြန်းရာတွင် တရုတ်နိုင်ငံနှင့် ပတ်သက်၍ မှတ်ချက်ပေးရန်၊ ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

သို့တည်းမဟုတ် ညီနောင် ၃ ဖွဲ့၏ ကျဖျင်နှိမ်နင်းရေး ရည်ရွယ်ချက်ပါဝင်သော ၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးကို အစဉ်အမြဲအလေးထားပြီး၊ တရုတ်နယ်စပ်တွင် တိုက်ပွဲများမဖြစ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အမြဲဖိအားပေးတတ်သော တရုတ်အစိုးရ အငိုက်မိသွားခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့်နေ့မှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်းက တရုတ်အစိုးရ ရပ်တည်နေကျ မူဝါဒအတိုင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းရန်နှင့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း သိန္နီရဲစခန်းကို အောက်တိုဘာ ၂၉ ရက်နေ့က ဝင်စီးခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်များ (ဓာတ်ပုံ – The Kokang)

၁၀၂၇ စစ်ဆင်ရေးက အကန့်အသတ်စစ်ပွဲလား 

မည်သို့ပင်ဆိုစေ ၁၀၂၇ စစ်ဆင်ရေးက အကန့်အသတ်စစ်ပွဲလား၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ ကြေညာထားသကဲ့သို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးရည်ရွယ်ချက် အောင်မြင်သည်အထိ ဆင်နွှဲမည့်စစ်ပွဲလား ဆိုသည့်အချက်ကို စောင့်ကြည့်ရန် လိုအပ်ပါသည်။

အကယ်၍ ၎င်းတို့တို့၏ ရည်မှန်းချက်တစ်ခုဖြစ်သော “မိမိတို့ဒေသကို မိမိတို့ ပိုမိုထိန်းချုပ်နိုင်ရေး” ဆိုသည့် ရည်မှန်းချက်အတိုင်း ကိုးကန့်ဒေသကို ထိန်းချုပ်ခွင့်ရရှိသွားကာ၊ တရုတ်က ပစ်မှတ်ထားသည့် ငွေလိမ်ဂိုဏ်းများ ထိုဒေသတွင် မရပ်တည်နိုင်ရန် နှိမ်နင်းနိုင်ခဲ့အပြီးတွင် စစ်ဆင်ရေးများကို ရပ်နားလိုက်ပါက ထိုစစ်ဆင်ရေးကို တရုတ်က မီးစိမ်းပြ၍ ဖော်ဆောင်ခြင်း ဆိုသည့် ယူဆချက် မှန်ကန်သွားပေလိမ့်မည်။

သို့ဆိုလျှင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ကြွေးကြော်မှုသည် ၁၀၂၇ စစ်ဆင်ရေးအပေါ် လူထုထောက်ခံမှုရရန် နည်းပရိယာယ်သုံးခဲ့ခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဂုဏ်သိက္ခာနှင့် ရိုးသားဖြောင့်မတ်မှုအပေါ် မြန်မာပြည်သူများက အယုံအကြည် လုံးဝကင်းမဲ့သွားရုံမျှမက၊ နွေဦးတော်လှန်ရေးအင်အားစုများ သစ္စာဖောက်ခံလိုက်ရသဖြင့် တော်လှန်ရေးအပေါ် ဆိုးရွားသည့် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုအဖြစ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ခေါင်းဆောင်များ ကောင်းစွာတွက်ဆသိရှိထားနိုင်ပြီး၊ ၎င်းတို့ကြေညာခဲ့သည့်အတိုင်း ၁၀၂၇ စစ်ဆင်ရေးကို အချိန်အကန့်အသတ်တစ်ခုသာ ဖော်ဆောင်ခြင်းမဟုတ်ဘဲ၊ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တစိုက်မတ်မတ်ပါဝင်ခြင်း ဖြစ်ကြောင်း သက်သေပြရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button