သတင်း

ရဲအရာရှိ အသတ်ခံရပြီးနောက် မိုရေးရောက် မြန်မာများ အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့ဘေးရှိ မဏိပူရ်ပြည်နယ်တွင် အိန္ဒိယရဲအရာရှိ ပစ်သတ်ခံခဲ့ရပြီးနောက် ထိုဒေသရောက် မြန်မာစစ်ပြေးဒုက္ခသည်များ၊ စျေးသည်များကို အိန္ဒိယရဲက ဖမ်းလိုက်သည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နှင့် ကပ်လျက် တည်ရှိသော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့တွင် အောက်တိုဘာ ၃၁ ရက်နေ့က ရဲအရာရှိ ပစ်သတ်ခံခဲ့ရပြီးနောက် မိုရေးရောက် မြန်မာစစ်ရှောင်များနှင့် မြန်မာစျေးသည်များကို အိန္ဒိယရဲတို့က လိုက်လံဖမ်းဆီးနေကြောင်း ထိုဒေသရောက် မြန်မာစစ်ပြေးဒုက္ခသည်များထံမှ သိရသည်။

ထိုအရာရှိသည် မိုရေးမြို့တွင် ဆောက်လုပ်နေသည့် ရဟတ်ယာဉ်ကွင်းစီမံကိန်းကို သွားရောက် စစ်ဆေးစဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ရဲကို ကိုးကားပြီး အိန္ဒိယ Hindustan Times သတင်းစာက ရေးသားသည်။

ထိုဖြစ်ရပ်အပြီး နောက်တစ်နေ့တွင် မဏိပူရ် ရဲကွန်မန်ဒိုနှင့် နယ်ခြားစောင့်တပ်တို့က လူ ၄၄ ဦးကို ဖမ်းဆီးခဲ့ရာ ၃၂ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း မဏိပူရ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အိန္ဒိယမီဒီယာ The Indian Express က ယနေ့ (အောက်တိုဘာ ၂ ရက်နေ့) တွင် ရေးသားသည်။

ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၁၀ ဦးကို မြန်မာနယ်စပ်နှင့် မိုင် ၅၀ ခန့် ဝေးသည့် ဆာဂျီဝ (Sajiwa) အရပ်ရှိ မဏိပူရ်ဗဟိုအကျဉ်းထောင်၊ နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်လိုက်သည်ဟုလည်း The Indian Express သတင်းတွင် ပါဝင်သည်။

ထိုသူများကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့သည်ကိုမူ မသိရသေးပေ။

ဖမ်းခံရသူများအနက် အမျိုးသမီးနှင့် ကလေးငယ်များကို ၂၄ နာရီမပြည့်မီ ပြန်လွှတ်ပေးခဲ့သော်လည်း ဆက်လက် ချုပ်နှောင်ထားရသည့် မြန်မာနိုင်ငံသားအရေအတွက် ၁၃ ဦးအထိ ရှိနေသည်ဟု အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ဖမ်းဆီးမည့်အန္တရာယ်ကြောင့် မဏိပူရ်ဘက် ထွက်ပြေးခဲ့ရသည့် အမည်မဖော်လိုသူ အမျိုးသားက ဆိုသည်။

ဖမ်းဆီးခံရသူတို့ထံ ပစ္စည်းပို့ခွင့်လည်း ပိတ်ပင်ခံထားရသည်ဟု မိုရေးမြို့ခံတစ်ဦးက ပြောသည်။

“မနေ့ကနေ့လယ်ထိ ဆေးဝါးတို့ ထမင်းတို့ သွားပို့တဲ့သူရှိတယ်။ မနေ့က နေ့လယ်အထိကတော့ ပို့လို့ရပြီးတော့ ညနေပိုင်းတို့၊ ဒီနေ့မနက်ပိုင်းတို့ ပို့လို့မရတော့ဘူး“ ဟု မိုရေးမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် စစ်ကောင်စီ၏ ရန်ကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရသူများ၊ စစ်ပွဲများကြောင့် ထွက်ပြေးကြရသူများ၊ တမူးမြို့မှ လာသည့် စျေးသည်များလည်း ပါဝင်သည်ဟုလည်း ထိုသူက ပြောသည်။

မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် မဏိပူရပြည်နယ် ဝန်ကြီးချုပ် (အလယ်) နှင့် အိန္ဒိယ စစ်ဘက်အရပ်ဘက်အရာရှိများ စက်တင်ဘာ ၂၄ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ (ဓာတ်ပုံ – N Biren Singh Facebook)

အဖမ်းအဆီးများသည် ယနေ့နံနက်ပိုင်းအထိ ရှိနေဆဲဟုလည်း မိုရေးရောက် သတင်းအရင်းအမြစ်က ပြောသည်။

“ရပ်ကွက်လိုက်ကို မနေ့ကတည်းကစပြီး ရှာဖွေရေးလုပ်တယ်” ဟု ၎င်းက ဆိုသည်။

မိုရေးမြို့ကို အရေးပေါ်အခြေအနေ ကာဖျူးအမိန့် ထုတ်ပြန်ထားပြီး နေအိမ်များထဲအထိ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ရှိနေကြောင်းလည်း မိုရေးရောက် စစ်ရှောင်နောက်ထပ်တစ်ဦးက ပြောသည်။

“သူတို့မသင်္ကာတဲ့အိမ်တွေကို လူမရှိဘူးဆိုရင်လည်း တံခါးတွေ ရိုက်ဖွင့်ပြီးတော့ စစ်တာဆေးတာတွေ၊ ရှာတာဖွေတာတွေ လုပ်တယ်” ဟု အထက်ပါ စစ်ဘေးရှောင်အမျိုးသားက ပြောသည်။

“စစ်ဘေးရှောင်ဘဝကနေ နောက်တစ်ဆင့် ထပ်ပြေးရတယ်။ ထပ်ရှောင်ရတယ်ဆိုတော့ တွေးသာ ကြည့်လိုက်တော့ ဘယ်လောက်ခက်ခဲမလဲဆိုတာ။ စားစရာတွေ ပါမသွားဘူး။ အဝတ်အစားတွေ၊ စောင်တွေ ပါမသွားဘူး။ အဝတ်အစားလေး ဝတ်ထားတာလေးတစ်ခုနဲ့ ထပ်ရှောင်ရတယ်”

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှု အပြင်းထန်ဆုံးဒေသများတွင် ပါဝင်သည့် စစ်ကိုင်းနှင့် ချင်းပြည်နယ်မှ ဒေသခံများသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ မြန်မာစစ်ဘေးရှောင် နှစ်ထောင်နီးပါး ရောက်နေကြသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) က ယခုနှစ် မတ်လတွင် ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များမှာ မီဇိုရမ်ပြည်နယ်တွင် ၃၉၂၀၀ နီးပါးနှင့် မဏိပူရ်ပြည်နယ်တွင် ခန့်မှန်းခြေအားဖြင့် ၇၃၅၀ ကျော် ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button