
ယနေ့မှစ၍ တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်း (Covid-19) ဆိုင်ရာ ကန့်သတ်ချက်များရှိနေခြင်း၊ စစ်ရေးပဋိပက္ခဖြစ်ပွားနေခြင်းနှင့် အင်တာနက်အပြည့်အဝ မရခြင်းများကြောင့် မဲဆွယ်စည်းရုံးရေးစတင်ရန် ခက်ခဲနေကြောင်း ရခိုင်နိုင်ငံရေးပါတီများက ဆိုသည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး အသေးစိတ်လိုက်နာရမည့် ညွှန်ကြားချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သို့သော် တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်မားခဲ့သည့် ရခိုင်ပြည်နယ်တွင် နေအိမ်တွင်သာ နေထိုင်ရန် ကန့်သတ်ချက်များနှင့် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားခြင်းကြောင့် မဲဆွယ်စည်းရုံးရေးစတင်ရန် အခက်အခဲဖြစ်နေသည်ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
“ကျနော်တို့ အဆင်သင့်မဖြစ်သေး။ ဘာလို့လဲဆိုတော့ တချို့ကိုယ်စားလှယ်လောင်းတွေမှာ ကိုယ်စားလှယ်လောင်းအသိအမှတ်ပြုကတ်တောင် မရသေး။ တချို့နေရာတွေမှာ သွားလို့လာလို့ မရဘူးလေ” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၈ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ မှ နိုဝင်ဘာ ၆ အထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာထားသည်။
ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်းရုံးရေးပြုလုပ်မည်ဆိုပါက နေ့လယ်ပိုင်းတွင် ဒေသခံများ အလုပ်သွားနေရသောကြောင့် လူမရောက်သဖြင့် ညနေပိုင်းတွင်သာ မဲဆွယ်စည်းရုံးလေ့ရှိသည်ဟုဆိုသည်။ ကိုဗစ်နိုင်တင်းဆိုင်ရာ ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် ညနေပိုင်းတွင်လည်း မဲဆွယ်စည်းရုံးရန် အခက်အခဲရှိသည်ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။
“ကော်မရှင်က ထုတ်တဲ့အမိန့်နဲ့ ဒေသန္တရက ထုတ်တဲ့အမိန့်ဟာ ဘယ်လိုပေါင်းစပ်ညှိနှိုင်းလို့ရမလဲ။ ကော်မရှင်ကတော့ မဲဆွယ်စည်းရုံးခွင့်ပေးတယ်။ ဒီဘက်က ဒေသန္တရအမိန့်က ကိုဗစ်နဲ့ ပတ်သက်လို့ ရွာထဲကိုမဝင်ရဆိုရင် ကျနော်တို့ ဘယ်လိုမဲဆွယ်စည်းရုံးမလဲ။ အားလုံးက အခက်အခဲရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါအပြင်၊ စစ်ဖြစ်ပွားနေခြင်း၊ အင်တာနက်မရရှိခြင်းနှင့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေး အဆင်မပြေမှုများရှိနေခြင်း စသည့်စိန်ခေါ်မှုများကြားက ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိနိုင်ကြောင်း ဘူးသီးတောင်မြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည့် ဦးအောင်သောင်းရွှေက ပြောသည်။
“ရွေးကောက်ပွဲကိုလုပ်မယ်ဆိုရင် နံပါတ်တစ် အခုဖြစ်နေတဲ့ စစ်ပွဲကို ရပ်ပေးဖို့လိုတယ်။ အင်တာနက်လိုင်း ဖွင့်ပေးဖို့လိုတယ်။ ဒုက္ခသည်တွေ (စစ်ဘေးရှောင်) အတွက် စားဝတ်နေရေးတွေ အခက်အခဲတွေကို ဖြေရှင်းပေးဖို့လိုတယ်။ အဲဒါပြီးမှ ရွေးကောက်ပွဲက လုပ်လို့ရမယ်လို့မြင်ပါတယ်” ဟု လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဦးအောင်သောင်းရွှေက ပြောသည်။
အခက်အခဲများရှိနေသော်လည်း အခြေအနေပေါ်မူတည်ပြီး မဲဆွယ်စည်းရုံးရေး လှုပ်ရှားမည်ဟု ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီကိုယ်စားပြုကာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ဆိုင်ရာ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမောင်သာဖြူက ပြောသည်။
“အခြေအနေက ကျနော်တို့ဆီမှာ ကိုဗစ်နိုင်တင်းတောင်မကလို့ ပြည်တွင်းစစ်တွေပါရှိနေတဲ့အတွက် သွားသင့်သွားထိုက်တဲ့နေရာတွေကိုတော့ သွားမယ်။ အင်တာနက်မရတဲ့အတွက် ဆိုရှယ်မီဒီယာပိုင်းလည်း အားနည်းပါတယ်။ ကျွန်တော်တို့က လက်ကမ်းစာစောင်နဲ့လုပ်မယ်။ အတတ်နိုင်ဆုံး သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးလေးကမူ ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေကြားလိုစိတ်မရှိဘူးဟု ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ကို ဆက်သွယ်မေးမြန်းရာတွင် မဲဆွယ်စည်းရုံးရေး မစတင်နိုင်သေးကြောင်းနှင့် မဲဆွယ်စည်းရုံးရေးရန် ယနေ့တွင် အစည်းအဝေးပြုလုပ်မည်ဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီသည်လည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းအတွက် ပါတီတွင်းအစည်းအဝေးပြုလုပ်ရဦးမည်ဖြစ်ကြောင်း မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်း ဦးအေးဝင်းက ပြောသည်။
“စည်းကမ်းချက်တွေအတိုင်းလုပ်ရင် တော်တော်လေးအခက်အခဲရှိပါတယ်။ နောက်မှာ မောင်တောမှာ ပိုဆိုးတာပေါ့။ အိမ်တိုင်ရာရောက်သွားလို့မရဘူး။ လူတွေ့လည်း မရဘူး။ လူ ၅၀ ထက်မပိုရဘူးဆိုတော့ အခက်အခဲရှိပါတယ်။ စည်းရုံးရေးဆင်းရင် လူတွေက လာမယ်၊ တားမရဘူး။ အဲလိုဆို ထုတ်ထားတဲ့စည်းကမ်းနဲ့ ညိသွားမယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းကူးစက်နိုင်ခြေကြောင့် မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ လူစုလူဝေးပြုလုပ်ခြင်း၊ အိမ်တိုင်းရာရောက်စည်းရုံးများ ဆောင်ရွက်ခွင့်ပြုမထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောသည်။
“လုပ်လို့ရတာ ဘာရှိလဲဆိုတော့ အိမ်ရှေ့ကနေ ဖြတ်သွားမယ်။ အစ်ကိုရေ အစ်မရေ ကျနော့်ကို မဲပေးကြပါဦး။ လက်ကမ်းစာစောင်တွေ ခြံစည်းရုံမှာ ထားခဲ့တာမျိုး။ ဒါမှမဟုတ်လည်း လူများတဲ့နေရာတွေမှာ အလွယ်တကူ ယူလို့ရအောင် ချထားမယ်၊ စိတ်ကြိုက်ယူလို့ရအောင်။ အဲလိုမျိုးပဲ လုပ်လို့ရမှာပေါ့။ ကျန်တာတော့ လုပ်လို့ မရဘူး” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းကူးစက်မှု မြင့်မားခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် နေအိမ်တွင်သာ နေထိုင်ရန် (Stay at Home) အမိန့်ထုတ်ပြန်ထားပြီး ရမ်းဗြဲမြို့နယ်မှလွဲ၍ ကျန်မြို့နယ်အားလုံးတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဟုလည်း ဒေသဆိုင်ရာအာဏာပိုင်များက သတိပေးထားသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၏ အခက်အခဲများကို နားထောင်ရန် လိုအပ်သည်သလို မဲဆွယ်စည်းရုံးရေး အဆင်ပြေစေရန် ညမထွက်ရအမိန့် ရုပ်သိမ်းရန်သင့်ကြောင်းလည်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးက ဆိုသည်။
“ညမထွက်ရအမိန့် မလိုအပ်ဘူးထင်တယ်။ ကိုဗစ်ဖြစ်နေတယ်ဆိုတာ မှန်တယ်။ ဒါပေမယ် ညမထွက်ရအမိန့် မလိုအပ်ဘူး။ ပြည်သူလူထုကလည်း အခုဆိုရင် နေ့လယ်ပိုင်းမှာတောင် မထွက်ကြဘူး။ ဒါကြောင့် မလိုအပ်တာတစ်ခုကို ရေးကြီးခွင့်ကျယ်လုပ်ပြီးတော့ ထုတ်ပြန်နေစရာလည်း မလိုဘူးလေ” ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် အင်တာနက် အပြည့်အဝမပေးဘဲ ဖြတ်တောက်ထားသောကြောင့် အွန်လိုင်းမှ မဲဆွယ်စည်းရုံးရေးပြုလုပ်ရန်လည်း အခက်အခဲရှိနေသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝတွင် တစ်နှစ်နီးပါး အင်တာနက်ဖြတ်တောက်ခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ်လတွင် ပြန်ဖွင့်ပေးခဲ့သော်လည်း မြန်နှုန်းနှေးသည့် 2G မိုဘိုင်းဆက်သွယ်ရေးကိုသာ ရရှိနိုင်သေးသည်။ 2G ဖြင့် Facebook နှင့် အခြားလူမှုကွန်ရက်များမှတဆင့် ဓာတ်ပုံပေးပို့ခြင်းနှင့် ရုပ်သံကြည့်ရှခြင်းများ ပြုလုပ်မရပေ။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ယနေ့နံနက်ပိုင်းအထိ တစ်နိုင်ငံလုံးတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၆၁၀ ဦးရှိပြီး ယမန်နေ့ (စက်တင်ဘာ ၇) ညပိုင်းအထိ ရခိုင်ပြည်နယ်တစ်ခုတည်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၆၅ ဦးရှိသည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ပြည်နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၈ ခုရှိပြီး တစ်သီးပုဂ္ဂလအပါအဝင် စုစုပေါင်း ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၃၈၀ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။