သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်၏ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) သည် မိမိစရိတ်ဖြင့် ရွေးကောက်ပွဲဝင်နိုင်သူကိုသာ ကိုယ်စားလှယ်လောင်း ၁၅၀ ခန့်ကိုသာ ရွေးချယ်ထားသည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
“တိုင်းပြည်အတွက်လုပ်မယ့်သူက ရွေးကောက်ပွဲအတွက် ငွေလေးသုံးသိန်းမှ မသွင်းနိုင်ရင် အရည်အချင်းမရှိတော့ဘူး။ အဲ့လိုလူမျိုးကို ကျွန်တော်တို့က လက်မခံဘူး။ ကျွန်တော်တို့က တိုင်းပြည်အတွက်ကို တကယ်ပဲ ရှေးရှုထားတာ။ တကယ်အရည်အချင်းရှိတဲ့သူကိုပဲ လိုချင်တယ်” ဟု DNP ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဝိတ်က ပြောသည်။
ယခုလိုသတ်မှတ်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်လောင်း မဖြစ်ခင်ကတည်းက အရည်အချင်းစမ်းသပ် စစ်ဆေးခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
လာမည့်ရွေးကောက်ပွဲ အသုံးစရိတ်နှင့်ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းများအတွက် ပါတီက သီးခြားအကုန်အကျခံမည်မဟုတ်ဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သုံးစွဲမည့် ငွေကြေးပမာဏ သတ်မှတ်ထားခြင်းမရှိဟု ဦးဇော်ဝိတ်က ပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီး (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုးမောင်ဦးဆောင် တည်ထောင်ထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ‘အမျိုးသားရေးနှင့်ပတ်သက်၍ သတ္တိနှင့် စွန့်လွှတ်စွန့်စားရန် ဆုံးဖြတ်ထားသူများ၏ပါတီ’ ဟု ကြွေးကြော်ထားသည်။
စစ်ဥပဒေချုပ်ဟောင်းလည်းဖြစ်သည့် ဦးစိုးမောင်မှာ အမျိုးသားရေးလှုပ်ရှားမှုဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရဋ္ဌပါလအသင်းဥက္ကဋ္ဌလည်း ဖြစ်သည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ မူဝါဒမှာ အမျိုးသားရေးပထမဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပါတီမိတ်ဆက်ပွဲတွင် ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်အတွင်းက ပြုလုပ်ခဲ့သည့် အဆိုပါပါတီမိတ်ဆက်ပွဲတွင် ပါတီဝင်အင်အား ၁၂၀၀ ခန့်သာရှိသည်ဟု ဆိုခဲ့သော်လည်း လက်ရှိတွင် ပါတီဝင် လေးသိန်းကျော်ရှိသည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဝိတ်က ပြောသည်။
နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်၏ DNP ပါတီက ကိုယ်စား လှယ်လောင်း ၁၅၀ ခန့်ဖြင့် ဧရာဝတီ၊ မွန်၊ မကွေး၊ ကယား၊ ရှမ်း၊ မန္တလေး စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီသည် သထုံမြို့နယ်တွင် ပါတီအလံများစိုက်ထူရာ၌ တိုင်းရင်းသားလူမျိုးများ၏ အလံကိုပါ စိုက်ထူထားသဖြင့် သက်ဆိုင်ရာတိုင်းရင်းသားများက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့သည်။
ပါတီဥက္ကဋ္ဌဦးစိုးမောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ် ဦးတိုးရွှေကို မဲအရေအတွက် သုံးသောင်းကျော်ဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။
လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင်လည်း ဦးစိုးမောင်သည် ၎င်း၏ဇာတိရေစကြိုမြို့နယ်မှပင် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉၄ ခုကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၆၈၈၉ နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၀ ရှိကြောင်း မကြာသေးမီက ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောကြားထားသည်။