သတင်း

ဒေါ်အောင်ဆန်းစုကြည်၏သား မြန်မာပြည်သူတို့အတွက် ရန်ပုံငွေရှာဖွေ

ထောင်ထဲတွင် သေဆုံးသူ လက်ဝှေ့ကျော်၏အမည်၊ နဂါးပုံတို့ကို ဆေးမင်ကြောင်ထိုး၊ အင်္ကျီတွင် ပုံနှိပ်ရောင်းချသည့်နည်းလမ်းဖြင့် ရန်ပုံငွေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏သားက ပြောသည်။

ဒုက္ခသည်များ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများကို ကူညီသည့်နည်းလမ်းဖြင့် ၎င်းတို့နှင့် အတူတကွ ရပ်တည်ကြောင်း ပြသလိုသည့်အတွက် ဆေးမင်ကြောင်ထိုး ရန်ပုံငွေရှာသည့် လှုပ်ရှားမှုတွင် ပါဝင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Mr. Kim Aris က အောက်တိုဘာ ၂၉ ရက်နေ့ အွန်လိုင်းရုပ်သံတစ်ခုတွင် ပြောလိုက်သည်။

“အခြေခံလွတ်လပ်မှု အခွင့်အရေးများအတွက် တောင်းဆိုရင်း အသက်စတေးခဲ့ကြတဲ့ ပြည်သူထောင်ပေါင်းများစွာနဲ့တကွ အားလုံးသော မြန်မာပြည်သားများနဲ့အတူ တစ်သားတည်း ရပ်တည်နေကြောင်း ပြသဖို့ ကျွန်တော် မြန်မာ့ရေနဂါးပုံ ဆေးမင်ကြောင်ထိုးမယ့်အကြောင်း အသိပေးလိုပါတယ်” ဟု Kim က ပြောသည်။

Freedom Tattoo Campaign ဟု အမည်ပေးထားသည့် လှုပ်ရှားမှုတွင် Kim က ဦးဆောင်ကာ ဆေးမင်ကြောင်ထိုးမည်ဖြစ်သည်။ မင်ကြောင်ထိုးရန် နဂါးပုံနှင့် လက်ဝှေ့ကျော်တူးတူး၏အမည်ကို ရွေးချယ်ထားသည်ဟု ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

နဂါးပုံကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ “အကာအကွယ်ပေးနိုင်စွမ်းရှိခြင်း ဉာဏ်ပညာကြီးခြင်း/ငြိမ်းချမ်းရေး” နှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်သည့် သင်္ကေတဖြစ်သည်ဟု ကင်မ်က ယူဆခြင်းကြောင့် လှုပ်ရှားမှုအတွက် စတင် စီစဉ်ခဲ့သည့် ၂၀၂၃ ဇူလိုင်လကတည်းက ရွေးချယ်ထားခဲ့သည်ဟု ထိုအဖွဲ့က ဆိုသည်။

အသက် ၄၆ နှစ်ရှိပြီဖြစ်သည့် Kim ကလည်း နဂါးပုံ၏ အောက်တွင် မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ တူးတူး၏အမည် ပါဝင်မည်ဖြစ်သည်၊ အာဏာသိမ်းမှုဆန့်ကျင်သူ တူးတူးသည် ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခံရပြီး ၁ နှစ်အကြာတွင် သေဆုံးသွားစဉ် မိသားစုဝင်များက အလောင်းပင် မြင်တွေ့ခွင့် မရဟု ပြောသည်။

“ကျွန်တော်ရော တူးတူးပါ စနေနေ့မှာ မွေးဖွားသူများဖြစ်တဲ့အတွက် မြန်မာ့ဓလေ့ထုံးစံအရ နဂါးများ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ချစ်ခင်ရသူ၏ အမည်ကို ဆေးမင်ကြောင်ထိုးသည့်နည်းဖြင့် ထောက်ခံအားပေးနိုင်သကဲ့သို့ တတ်အားသရွေ့ လှူဒါန်းခြင်းဖြင့် ပါဝင်ကူညီကြရန်လည်း သူက တိုက်တွန်းလိုက်သည်။

Freedom Tattoo Campaign လှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြနေသည့် Kim (ရုပ်သံဗီဒီယိုကို ပုံအဖြစ် ဖမ်းယူထားခြင်းဖြစ်သည်။)

နဂါးပုံနှင့် တူးတူးအမည်ပါ တီရှပ်၊ ခေါင်းဆောင်းပါအနွေးထည်များ ထုတ်လုပ်ရောင်းချကာ ရန်ပုံငွေရှာမည်၊ စစ်ဘေးရှောင်ဒုက္ခသည် ၂ သန်းကို ကူညီရေး၊ လူ သန်း ၂၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီ၊ စစ်ကောင်စီ မတရားဖမ်းဆီးထားသူတို့၏ မိသားစုဝင်များကို ကူညီရေးတို့အတွက် ထိုရန်ပုံငွေကို အသုံးပြုမည်ဟု သူက ဆိုသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီသည် တရားမျှတခြင်း၊ လူ့ဂုဏ်သိက္ခာတို့ကို အစားထိုးနိုင်မည်မဟုတ်သော်လည်း နိုင်ငံတွင် ဒီမိုကရေစီနှင့် အခြေခံလွတ်လပ်ခွင့် ပြန်လည်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေသည့် ပြည်သူများထံ ညီညွတ်ခြင်း၊ မျှော်လင့်ချက်၊ အဓိပ္ပာယ်ပြည့်ဝ၊ ခွန်အား စသည့် သတင်းစကား ပေးပို့နိုင်မည်ဟု သူက ဆက်ပြောသည်။

Freedom Tattoo Campaign အဖွဲ့၏ ထုတ်ပြန်ချက်အရ ရန်ပုံငွေ ပေါင်တစ်သိန်း (ကျပ်သိန်း ၂၅၀၀) ရရန် ရည်မှန်းထားပြီး လက်ရှိတွင် ပေါင် ၄,၈၆၂ (သိန်း ၁၂၀ ကျော်) ရရှိထားသည်။

Kim နေထိုင်ရာ ဗြိတိန်နိုင်ငံတွင် အခြေစိုက်သည့် Independent သတင်းဌာနကလည်း ဤလှုပ်ရှားမှုနှင့် ပတ်သက်ပြီး အွန်လိုင်းတွင် သတင်းဖော်ပြထားသည်။

ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သူ၏ ပြောဆိုချက်ကိုလည်း ထိုသတင်းတွင် တွေ့ရသည်။

“သားတစ်ယောက်အနေနဲ့ အမေ့ကို ချစ်တဲ့စိတ်က ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး၊ မတရားမှုတွေ၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ လွတ်လပ်ခွင့်တွေကို မီးမောင်းထိုးပြဖို့ တတ်နိုင်သမျှ ဆက်လုပ်သွားမှာပါ” ဟု သူက ဆိုသည်။

နေပြည်တော်တွင် အကျဉ်းချခံနေရသည့် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူထံ သွားရောက်တွေ့ဆုံရေး ကြိုးပမ်းမှုအခြေအနေနှင့် ပတ်သက်ပြီး Myanmar Now က သူ့ကို မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။

မြန်မာနိုင်ငံအရေးအတွက် ဆေးမင်ကြောင်ထိုးပြီး လှုံ့ဆော်ရာတွင် မိခင်၏အမည်ကို ဦးစားပေး ထည့်သွင်းပြောဆိုခြင်းမရှိဘဲ အရပ်သားများ၊ ဒုက္ခသည်များ၏ အခက်အခဲကို ပိုမိုဖော်ပြထားကြောင်း တွေ့ရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ရွာများကို မီးရှို့ခြင်းများ ပြုလုပ်နေသည်ဟု ပြောဆိုကြောင်း Independent သတင်းတွင် ဖော်ပြထားသည်။ လက်ရှိတွင် နိုင်ငံအတွင်း စစ်ရှောင်ဒုက္ခသည်ပေါင်း နှစ်သန်းနီးပါးရှိနေသည်ဟုလည်း ကုလအေဂျင်စီများက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button