သတင်း

ကျောင်းလုံခြုံရေးနှင့် သန့်ရှင်းရေးအတွက် မန်း-ရတနာပုံ တက္ကသိုလ်ကျောင်းသားများ ၄ကြိမ်မြောက် ဆန္ဒပြ

(မန္တလေး) – မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ဆိုင်ကယ်များ းမကြာခဏ ခိုးယူခံနေရခြင်း၊ ရေအိမ်များ သန့်ရှင်းမှုမရှိခြင်းကို အစိုးရနှင့် တက္ကသိုလ်အုပ်ချုပ်ရေးဘက်က အရေးယူဆောင်ရွက်ရန် ပျက်ကွက်သည်ဟု စွပ်စွဲပြီး ကျောင်းသား ၁၅ ဦးခန့်က ကျောင်းရှေ့တွင် ယနေ့ ဆန္ဒပြခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ) မှ ကိုရဲမျိုးဆွေ၏ အဆိုအရ ယမန်နှစ်တွင် ကျောင်းသားများ၏ ဆိုင်ကယ် အစီး ၂၀ ထက်မနည်း ခိုးယူခံခဲ့ရသည်ဟု ဆိုသည်။

“(ကျောင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာကို မန္တလေးတိုင်း) ဝန်ကြီးချုပ်နဲ့ ပါမောက္ခဟာ ကျွန်တော်တို့ကို ဘော်လီဘောပုတ်နေကြတယ်။ ခုထိ တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘူး” ဟု ၄င်းက ပြောသည်။

ကျောင်းသား ၂၀၀၀၀ ကျော်နှင့် ဆရာ ၇၀၀ ကျော်ဖြင့် လည်ပတ်နေသည့် အဆိုပါ တက္ကသိုလ်တွင် လုံခြုံရေး ၃၀ ခန့်သာရှိကြောင်း၊ ကျောင်းလုံခြုံရေးတိုးမြှင့်ပေးရန် နိုင်ဝင်ဘာနှင့် ဒီဇင်ဘာလများတွင် သုံးကြိမ်ဆန္ဒပြခဲ့သော်လည်း သက်ဆိုင်ရာက အရေးယူရန် ပျက်ကွက်နေဆဲဖြစ်ကြောင်းလည်း ကိုရဲမျိုးဆွေက ပြောသည်။

“ကျွန်တော်တို့ ဆရာ ဆရာမတွေဟာ ဂိတ်ပေါက်စောင့်ဖို့ မဟုတ်ပါဘူး။ အခု ဆရာမတွေ လုံခြုံရေးမရှိလို့ ဂိတ်ပေါက်စောင့်နေရတယ်။ ဒါတွေမဖြေရှင်းမပေးမချင်း ကျွန်တော်တို့က ဆန္ဒဆက်ပြနေရအုံးမှာပါဘဲ” ဟု ၎င်းက ဆက်ပြောသည်။

Show More

Related Articles

Back to top button