နိုင်ငံတကာသတင်းသတင်း

မြန်မာ အပါအဝင် ၁၂ နိုင်ငံတွင် စစ်ရေးအဆောက်အအုံများ ဆောက်ရန် တရုတ်စဉ်းစားနေဟုဆို 

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံအချို့တွင် တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးအဆောက်အအုံများ ဆောက်လုပ်ရန် စဉ်းစားနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အမေရိကန်လွှတ်တော်ကို စက်တင်ဘာ ၁ တွင် တင်သွင်းခဲ့သည့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ တရုတ်နိုင်ငံ၏ စစ်တပ်နှင့် လုံခြုံရေးဆိုင်ရာ တိုးတက်မှုအခြေအနေအကြောင်း စာမျက်နှာ ၂၀၀ ပါ အစီရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။ 

တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး စစ်အခြေစိုက်စခန်းများ တည်ဆောက်ရန် စဉ်းစားနေသည်ဆိုသော နိုင်ငံ ၁၂ နိုင်ငံမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ယူအေအီး၊ ကင်ညာ၊ ဆေရှဲလ်စ်၊ တန်ဇန်းနီးယား၊ အန်ဂိုလာနှင့် တာဂျီကစ္စတန်တို့ဖြစ်သည်ဟု အစီရင်ခံစာအရ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် အရှေ့အာဖရိကရှိ ဂျီဘူတီနိုင်ငံ၌ အမေရိကန်ဒေါ်လာ သန်း ၅၉၀ အကုန်အကျခံ တည်ဆောက်ထားသည့် ပြည်ပအခြေစိုက် စစ်တပ်ထောက်ပံ့စခန်းတစ်ခုသာရှိပြီး တရုတ်၏ ဩဇာနှင့် စစ်အင်အား တိုးချဲ့ရန် အခြားနိုင်ငံများတွင်ပါ အလားတူ စစ်အခြေခံစခန်းများ ထပ်မံတည်ဆောက်ရန် စဉ်းစားနေခြင်းဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

ကမ္ဘောဒီးယားနိုင်ငံ ရေတပ်စခန်းနေရာကို အသုံးပြုခွင့်အတွက် တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံအကြား သဘောတူထားသည်ဆိုသောအချက်ကိုမူ နှစ်နိုင်ငံလုံးက အတိအလင်း ငြင်းဆိုထားသည်။ 

တရုတ်၏ ရပ်ဝန်းနှင့်လမ်းကြောင်း (BRI) စီမံကိန်းများသည် တရုတ်အတွက် စစ်ရေးအားသာမှုအလားအလာများ ဖန်တီးပေးနိုင်ကြောင်း၊ စီမံကိန်းများမှတစ်ဆင့် တရုတ်သည် နိုင်ငံရပ်ခြားဆိပ်ကမ်းများသို့ ချိတ်ဆက်ဝင်ရောက်နိုင်ပြီး အိန္ဒိယသမုဒ္ဒရာ၊ မြေထဲပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့တွင် ယင်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် ချထားသည့် ရေတပ်စခန်းများအတွက် လိုအပ်သည့်ထောက်ပံ့ပို့ဆောင်မှုများ လုပ်ဆောင်နိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။ 

တရုတ်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီး အိန္ဒိယသမုဒ္ဒရာသို့ ချိတ်ဆက်နေရာယူရန် ယင်းဆိပ်ကမ်းစီမံကိန်းမှာ တရုတ်အတွက် အချက်အချာကျသည်။ ယင်းစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် တရုတ်နှင့် မြန်မာကြား အခြေခံကျသော ခြေလှမ်းအချို့ကိုလည်း စထားပြီးဖြစ်သည်။ 

ထိုကဲ့သို့ တရုတ်၏ ကမ္ဘာတစ်ဝန်း စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးအချိတ်အဆက်များသည် အမေရိကန်၏ စစ်ရေးစစ်ရာများကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပြီး အမေရိကန်ကို ထိုးစစ်ဆင်နွှဲမှုများ ရှိလာလျှင်လည်း ထောက်ကူပေးနိုင်သည့် အခြေအနေမျိုး ဖန်တီးပေးနိုင်ဖွယ်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ Mr. Yang Jiechi သည် မြန်မာနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း လာရောက်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ရန်၊ လုပ်ငန်းပြန်လည်လုပ်ကိုင်လည်ပတ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြန်ဆန်စွာဆောင်ရွက်ရန် Mr. Yang Jiechi က ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့် စပ်လျဉ်းသည့် အရေးကိစ္စများတွင် မြန်မာက တရုတ်နိုင်ငံအပေါ် တောက်လျှောက် ထောက်ခံအားပေးခဲ့မှုများကို ချီးကျူးကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာ ကာကွယ်စောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံအားပေးမည်ဟု Mr. Yang Jiechi က ပြောခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် တရုတ်တို့၏ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှု

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာက တရုတ်နိုင်ငံ၏ ၂၀၁၉ ကာကွယ်ရေးဘတ်ဂျက်ပမာဏမှာ ကန်ဒေါ်လာ ၁၇၄ ဘီလျံဟု တရားဝင်ဆိုသော်လည်း သုတေသန၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံရပ်ခြားမှ လက်နက်ဝယ်ယူစုဆောင်းမှုတို့ အပါအဝင် ‘အမျိုးမျိုးသော ကြီးကြီးမားမား အသုံးစရိတ်’ များကိုမူ ထည့်သွင်းမထားကြောင်းလည်း အစီရင်ခံစာက စွပ်စွဲထားသည်။ 

တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအသုံးစရိတ်မှာ ကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားပြီး အမေရိကန်၏ ၂၀၁၉ ကာကွယ်ရေးဘတ်ဂျက်မှာ ကန်ဒေါ်လာ ၆၈၅ ဘီလျံ ဖြစ်သည်။ 

တရုတ်နိုင်ငံသည် စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘော ၃၅၀ ခန့် ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ရေတပ်ဖြစ်ကြောင်း၊ အမေရိကန်ရေတပ်မှာမူ ၂၀၂၀ အစောပိုင်းအထိ ရေတပ်စစ်ရေယာဉ် ၂၉၃ စင်းသာ ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ 

ထို့ပြင် တရုတ်နိုင်ငံသည် ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးနှင့် ဒုံးခွင်းဒုံး (GLBMs) ၁၂၅၀ အထိရှိနေပြီး အမေရိကန်သည် ကီလိုမီတာ ၇၀ မှ ၃၀၀ အကွာအဝေးပစ်နိုင်သည့် သမားရိုးကျ ဒုံးခွင်းဒုံးစနစ်သာရှိ ပြီး GLBMs မရှိကြောင်း အစီရင်ခံစာက ဆိုသည်။ 

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော မြေပြင်မှ ဝေဟင်ပစ် ခေတ်မီတာဝေးပစ် ဒုံးပျံတပ်ဖွဲ့ရှိနေပြီး ထိုဒုံးခွင်းဒုံးစနစ်များတွင် ရုရှားနိုင်ငံထုတ် S-400s၊ S-300s နှင့် ပြည်တွင်းထုတ် ဒုံးပျံစနစ်များလည်း ပါဝင်သည်ဟုဆိုသည်။ 

အစီရင်ခံစာသည် တရုတ်နိုင်ငံတပ်မတော် (PLA) ၏ လက်ရှိနှင့် အနာဂတ် စစ်ဘက်ရေးရာ နည်းပညာပိုင်းဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေးနှင့် စစ်ရေးဗျူဟာ တိုးတက်မှုအလားအလာ၊ နောင်အနှစ် ၂၀ အတွင်း ယင်းတိုးတက်မှုကို ထောက်ပံ့ပေးမည့် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အယူအဆများအကြောင်း သုံးသပ်ထားသည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံက လက်ရှိပိုင်ဆိုင်ထားသည့် နျူကလီးယားဒုံးကျည်ထိပ်ဖူး အရေအတွက်မှာ ၂၀၀ စွန်းစွန်းခန့်ရှိပြီး နောင် ၁၀ နှစ်အတွင်း နှစ်ဆခန့်မြင့်တက်လာနိုင်သည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။ အမေရိကန်ကမူ နျူကလီးယားထိပ်ဖူး ခန့်မှန်းခြေ ၃,၈၀၀ ခန့်ရှိသည်ဟု VOA သတင်းဌာနက ရေးသားထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအပေါ် တရုတ်အစိုးရပိုင်သတင်းစာတစ်စောင်ဖြစ်သည့် Global Times က အယ်ဒီတာ့အာဘော်တစ်ပုဒ် ရေးသားတုံ့ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် နျူကလီးယားဒုံးကျည်အရေအတွက် ၂၀၀ စွန်းစွန်းခန့် ပိုင်ဆိုင်ထားသည်ဆိုသည့် အမေရိကန်၏ အဆိုမှာ တရုတ်နိုင်ငံကို ရည်ရွယ်ချက်ရှိရှိ လျှော့တွက်ခြင်းဖြစ်ကြောင်း၊ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျု့နှင့် အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်တို့က မကြာသေးမီနှစ်များအတွင်း ခန့်မှန်းထားမှုအရ တရုတ်သည် နျူကလီးယားဒုံးကျည် ၃၂၀ ခန့် ရှိသည်ဟု ဆိုထားသော်လည်း မှန်မမှန် မှတ်ချက်ပြုမထားကြောင်း ယင်းအာဘော်တွင် ရေးသားထားသည်။

Show More

Related Articles

Back to top button