
သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) က ပါတီဆိုင်းဘုတ်စိုက်ထူရာတွင် တိုင်းရင်းသားလူမျိုးအလံများကိုပါ စိုက်ထူခဲ့သဖြင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဦးစိုးမောင်၏ DNP ပါတီက ပါတီအလံဆိုင်းဘုတ်များစိုက်ထူရာ၌ ပအိုဝ်းအမျိုးသားအလံနှင့် ကရင်အမျိုးသားအလံများကိုပါ ဝန်းရံလျက်စိုက်ထူထားသဖြင့် မွန်ပြည်နယ်ပအိုဝ်းနှင့် ကရင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက စက်တင်ဘာ ၁ တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထိုတိုင်ကြားချက်ကြောင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က စက်တင်ဘာ ၄ တွင် သွားရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမောင်ဦးက Myanmar Now ကိုပြောသည်။
“ဒီဥစ္စာကတော့ ညွှန်ကြားချက်နဲ့ လုံးဝမညီဘူးဗျ။ ဥပဒေမှာ သီးခြားပြဋ္ဌာန်းတာ မရှိပေမဲ့ တခြားအလံစိုက်တာ ပတ်သက်လို့ သူတို့ရုံးစိုက်တဲ့နေရာမှာ နိုင်ငံတော်အလံရယ် သူတို့အလံရယ် ဆိုင်းဘုတ်ရယ်။ နီးနွယ်တဲ့ လူပုဂ္ဂိုလ်တောင် မဲဆွယ်တဲ့ပုံစံဖြစ်အောင် မစိုက်ရဘူးဆိုတာ ပါပါတယ်”ဟု ၎င်းကပြောသည်။
ပအိုဝ်းအမျိုးသားအလံ စိုက်ထူထားခြင်းကြောင့် ဝေဖန်မှုမြင့်တက်လာပြီး ဒေသခံပအိုဝ်းလူမျိုးများက တိုင်ကြားမှုများရှိလာသဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပအို့ယဉ်ကျေးမှုနှင့်စာပေအဖွဲ့ အထွေထွေအတွင်းရေးမှူး ခွန်ချစ်စံဝင်းက ပြောသည်။
“အချို့ကရင်များတဲ့ရွာဆိုရင် ကရင်အလံပေါ့။ ပအိုဝ်းများတဲ့ ရွာဆိုရင် ပအိုဝ်းအလံပေါ့။ ပအိုဝ်းရော ကရင်ရော ရှိတဲ့ရွာဆိုရင် နှစ်ခုစလုံးထောင်ထားတယ်။ ကျွန်တော်တို့ ဒီပအိုဝ်းအလံနဲ့ ကရင်အလံကို သူတို့အလံနဲ့ထောင်တာပေါ့။ ထောင်တာတောင်မှ တစ်ဆင့်နှိပ်ပြီးထောင်တယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံရေးပါတီတစ်ခုက ညှိနှိုင်းအသိပေးမှုမရှိဘဲ တိုင်းရင်းသားအလံယူသုံးခြင်းက နိုင်ငံရေးအမြတ်ထုတ်ခြင်း ခံရခြင်းဖြစ်သည်ဟုလည်း ခွန်ချစ်စံဝင်းက ပြောသည်။
“လူမျိုးတစ်မျိုးမှာဆိုရင် သူ့ရဲ့အလံတော်ဟာ သူ့ရဲ့အထွတ်အမြတ်ထားရာဖြစ်တယ်လေ။ ဒီတိုင်းရင်းသားတွေက ပါတီကြီးတစ်ခုရဲ့လက်အောက်ခံ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ်ရှိတယ်။ ကျွန်တော်တို့ ဒီအထွတ်အမြတ်ထားတဲ့ဟာ ဒီလိုလုပ်တာ မကြိုက်ဘူး” ဟုလည်း ၎င်းက ပြောသည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ဥက္ကဋ္ဌ ဦးစိုးမောင်သည် စစ်ဥပဒေချုပ်ဟောင်းလည်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီး (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဦးစိုးမောင်သည် အမျိုးသားရေးလှုပ်ရှားရန် ဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရဋ္ဌပါလအသင်းဥက္ကဋ္ဌလည်း ဖြစ်သည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက တိုင်းရင်းသားအလံများ ဝန်းရံစိုက်ထူးရခြင်းမှာ ၎င်းတို့၏ပါတီဝင် တိုင်းရင်းသားများက တောင်းဆိုသောကြောင့်ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဝိတ်က ပြောသည်။
“ကျွန်တော်တို့ပါတီက ‘အမျိုးသားနိုင်ငံရေး’ ဆိုတော့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတာကိုး။ ကိုယ်စားပြုတဲ့အတွက် ကျွန်တော်တို့ပါတီထဲပါလာတဲ့ တိုင်းရင်းသားတွေကိုယ်တိုင်က သူတို့အလံကိုလည်း ထောင်ချင်ပါတယ်ဆိုလို့ ကျွန်တော်တို့က ထောင်ပေးတာလေ။ ကျွန်တော်တို့ထဲမှာပါတဲ့ တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုပေါ့။ တိုင်းရင်းသားတွေကို ဦးစားပေးတဲ့အနေနဲ့ ထောင်တာ”ဟု ၎င်းက ပြောသည်။
သထုံမြို့နယ် ကရင်အမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောအောင်သိန်းကလည်း “ကရင်ပါတာတော့ မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုတာက ကရင်ပါတီတစ်ခုပဲ။ ဒါက ကျွန်တော်တို့အလံကို အလွဲသုံးစားလုပ်တဲ့ ပုံစံမျိုးပေါ့ ”ဟု ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်၏ DNP ပါတီက ကိုယ်စားလှယ်လောင်း ၁၅၀ ခန့်ဖြင့် ဧရာဝတီ၊ မွန်၊ မကွေး၊ ကယား၊ ရှမ်း၊ မန္တလေး စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဆိုသည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ မူဝါဒမှာ အမျိုးသားရေးပထမဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပါတီမိတ်ဆက်ပွဲတွင် ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်အတွင်းက ပြုလုပ်ခဲ့သည့် ထိုပါတီမိတ်ဆက်ပွဲတွင် ပါတီဝင်အင်အား ၁၂၀၀ ခန့်သာရှိသည်ဟု ဆိုခဲ့သော်လည်း လက်ရှိတွင် ပါတီဝင် လေးသိန်းကျော်ရှိသည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဝိတ်က ပြောသည်။