သတင်း

AA အတွက် ရန်ပုံငွေရှာပေးသည်ဆိုသူကို အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ် ၁၅ နှစ်ချ

ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေရှာဖွေပေးနေသည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုအောင်မျိုးဝင်းကို ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးက ယနေ့ (စက်တင်ဘာ ၃) တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

၂၀၁၄ မှစ၍ ထိုင်းနိုင်ငံ ပထုံထနီမြို့တွင် ULA/ AA အတွက် ရန်ပုံငွေကောက်ခံပေးခြင်းနှင့် AA နှင့် ဆက်စပ်သည့် အခြားလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဆိုကာ မရမ်းကုန်းမြို့နယ်ရဲစခန်းမှူး ရဲမှူးတင့်ရွှေက တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု အနောက်ပိုင်းခရိုင်တရားရုံး၏ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက ပြောသည်။

“အမှုရဲ့သုံးသပ်ချက်တွေကတော့ အသေးစိတ်ဖြစ်တဲ့အတွက် လတ်တလောအခြေအနေမှာတော့ ထုတ်ပြန်နိုင်ခြင်းမရှိပါဘူး၊ ဒီနေ့ဘာအမိန့်ချလဲ ပြစ်ဒဏ်ဘယ်လောက်ချလဲလောက်ပဲ ပြောလို့ရပါတယ်” ဟု ဆိုကာ ဦးဇော်ဇော်ထွန်းက စီရင်သုံးသပ်ချက် အသေးစိတ်ကို ပြောရန် ငြင်းဆိုသည်။ 

ရခိုင်အသင်း (စင်ကာပူ) အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်၊ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့ ၆ ဦးကို ၂၀၁၉ ဇူလိုင် ၉ နှင့် ၁၀ တို့တွင် စင်ကာပူရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် စင်ကာပူ CID၊ လဝကနှင့် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

AA အတွက် ရန်ပုံငွေရှာဖွေပေးနေသောကြောင့် ၎င်းတို့ကို ဖမ်းဆီးရခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရက ထုတ်ပြန်ပြီး ဇူလိုင် ၁၀ တွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။

ရန်ကုန်ပြန်ရောက်လာသည့် ၎င်းတို့ ၆ ဦးနှင့် ကိုအောင်မျိုးဝင်းအပါအဝင် ဆက်စပ်သူ ၃ ဦး စုစုပေါင်း ၉ ဦးတို့ကို အချိန်၊ နေရာမတူဘဲ ရဲတပ်ဖွဲ့က သီးခြားစီ ဖမ်းဆီးလိုက်ပြီး ကိုအောင်မျိုးဝင်းကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ၂၀၁၉ စက်တင်ဘာ ၉ တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့သည်။ 

အမှုဖွင့်တရားစွဲဆိုပြီး တစ်နှစ်ခန့်အကြာတွင် ယခုကဲ့သို့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ကျန် ၈ ဦးကို ပုဒ်မ ၅၀ (ည)၊ ၅၂ (က)တို့ဖြင့် တရားစွဲဆိုထားသည့်အမှုမှာ မပြီးပြတ်သေးဘဲ တရားလိုပြသက်သေများကို စစ်ဆေးနေဆဲဖြစ်သည်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) မှာ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း၊ ၅၂ (က) သည် အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်သည်။

Show More

Related Articles

Back to top button