သတင်း

တပ်မတော်က ဖမ်းဆီးခဲ့သည့် ပလက်ဝဒေသခံလူငယ်နှစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့် 

ချင်းပြည်နယ် ပလက်ဝမြို့နယ် စည်ပင်သာယာရေးကော်မတီက ငှားရမ်းထားသည့် နေ့စားဝန်ထမ်းနှစ်ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (AA) နှင့်ပတ်သက်သည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း တာဝန်ရှိသူများက ယနေ့ (စက်တင်ဘာ ၂၉) တွင် ပြောသည်။ 

ပလက်ဝမြို့မရပ်ကွက်တွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုထွန်းလင်းဇော်နှင့် ၎င်း၏ယောက်ဖြစ်သူ ၁၇ နှစ်အရွယ် မောင်စိုးကျော်လင်းသည် ပလက်ဝမြို့နှင့် ၂ မိုင်ခန့်အကွာ စိမ်းစင်းကျေးရွာဘက်သို့  တံတားပြုပြင်ရေးတွင် ပန်းရန်အဖြစ် လုပ်ကိုင်ရန် သွားရောက်စဉ် စက်တင်ဘာ ၂၄ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

ပလက်ဝမြို့ရှိ အမှတ် ၂၈၉ တပ်ရင်းမှ အရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) (ခ) တို့ဖြင့် စက်တင်ဘာ ၂၈ တွင်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ပလက်ဝမြို့မရဲစခန်းမှူး ဦးဝင်းလွင်က ပြောသည်။ 

ကုလားတန်မြစ်ကို ဖြတ်ကူးလာသည့် စက်လှေတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ စက်လှေပေါ်တွင် လိုက်ပါလာသူတစ်ဦးမှာ AA က ဖွင့်လှစ်ထားသည့် သင်တန်းတက်ရောက်ဖူးသူဖြစ်ကြောင်း တပ်မတော်က စက်တင်ဘာ ၂၇ တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

တပ်မတော်က ဖမ်းဆီးထားရသူ ထွန်းလင်းဇော်နှင့် စိုးကျော်လင်းတို့နှစ်ဦးသည် ယမန်နေ့ညနေပိုင်းတွင် ပလက်ဝမြို့မရဲစခန်းသို့ လွှဲပြောင်းရောက်ရှိလာသည်ဟု မိသားစုဝင်များက ပြောသည်။ 

ထိုလူငယ်နှစ်ဦးမှာ မိသားစုကို ရိုးရိုးသားသား လုပ်ကိုင်ကျွေးမွေးနေသူများဖြစ်ကာ AA နှင့် ပတ်သက်မှု မရှိကြောင်း ဖမ်းဆီးခံရသူ မောင်စိုးကျော်လင်း၏မိခင် ဒေါ်ဒေါင်းမလေးက ပြောသည်။ 

“အိမ်ကထွက်သွားကြတဲ့အချိန်မှာ စည်ပင်ထောက်ခံချက်နဲ့သွားတယ်လို့ပြောတယ်။ အဲလိုရရင်သွားပါ၊ မရရင် မသွားကြနဲ့။ ထမင်းငတ်ရင်ငတ်ပါစေ ဆိုပြီးတော့ ကျွန်မက ပြောသေးတယ်။ သူတို့နှစ်ယောက် စည်ပင်ဦးစီးက လွှတ်လို့ သွားလိုက်ကြတယ်” ဟု ဒေါ်ဒေါင်းမလေးက ပြောသည်။ 

ထွန်းလင်းဇော်နှင့် စိုးကျော်လင်းတို့နှစ်ဦး အဖမ်းခံကြောင်း ကြားသိရပြီးနောက် မိသားစုဝင်များက စည်ပင်ဦးစီးအရာရှိထံ သွားရောက်အကြောင်းကြားခဲ့ပြီး၊ စည်ပင်ရုံးမှ အရာရှိများနှင့်အတူ ရဲထောက်ခံချက်၊ ရပ်ကွက်ထောက်ခံချက်များယူဆောင်ကာ ခလရ ၂၈၉ တပ်ရင်းသို့ သွားရောက်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ 

“သွားတဲ့အချိန်မှာ စည်ပင်ကလူတွေကို ပလက်ဝမြို့ဆိပ်ကမ်းကို ပြန်ပို့တယ်။ ကျွန်မတို့သားအမိနှစ်ယောက်ကို ၂၈၉ တပ်ရင်းကို ခေါ်သွားတယ်။ လူမရှိတဲ့လိုင်းခန်းတစ်ခုမှာ ကျွန်မတို့သားအမိကို တစ်ယောက်တစ်ခန်းစီ ထားတယ်” ဟု ဒေါ်ဒေါင်းမလေးက ပြောသည်။

အဆိုပါတပ်ရင်းမှ အရာရှိတစ်ဦးက လာရောက်စစ်ဆေးခဲ့ရာတွင် ၎င်း၏ သားဖြစ်သူမှာ အကြောက်လွန်၍ ဖြေဆိုမိခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာဘက်၌ စည်ပင်လုပ်ငန်းများကို ရပ်နားထားခဲ့ပြီး ယခု တိုက်ပွဲများ နည်းပါးသွားသည့်အချိန်တွင် အလုပ်သမားကို ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပလက်ဝမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစီးအရာရှိ ဦးလှိုင်ဝင်းက ပြောသည်။ 

စည်ပင်က လုပ်ငန်းအပ်နှံထားသည့်သူများမှတစ်ဆင့် အဆိုပါလူငယ်နှစ်ဦးကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့်အတွက် ရုံးထုတ်ပါက သက်သေထွက်ဆိုပေးမည်ဟုလည်း ၎င်းက ပြောသည်။ 

“တစ်ဆင့်ငှားတဲ့အလုပ်သမားတွေပါ။ ကျွန်တော်တို့ ငှားတဲ့ဟာမျိုးတော့ မဟုတ်ဘူးပေါ့။ တကယ်လို့ တရားရုံးတွေ ဘာတွေက ခေါ်တယ်ဆိုရင်တော့ အမှန်အတိုင်းပေါ့။ ကျွန်တော်တို့လုပ်ငန်းကို လုပ်ဖို့သွားတာဆိုပြီး ထွက်ဆိုပေးမှာပါ” ဟု စည်ပင်ဦးစီးအရာရှိ ဦးလှိုင်ဝင်းက ပြောသည်။ 

Show More

Related Articles

Back to top button