
ရက္ခိုင့်တပ်တော် (AA) နှင့် ကာလရှည် တိုက်ခိုက်ခဲ့သည့် ရခိုင်မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများ ယခုလအတွင်း ဆက်တိုက် တွေ့နေရကြောင်း ဒေသခံများက ပြောကြသည်။
ကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သော မင်းပြား၊ မြောက်ဦး၊ ကျောက်တော်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို အင်အားဖြည့်နေခြင်းဖြစ်ပြီး ညအချိန် လှုပ်ရှားသွားလာမှုများ ရှိကြောင်း ဆိုသည်။
အောက်တိုဘာ ၁၈ ရက်ကလည်း ရိက္ခာသယ်လာသည့် စစ်ကောင်စီ ဇက်ရေယာဉ်တစ်စီး မြောက်ဦးဆိပ်ကမ်းသို့ ရောက်ရှိပြီး ရိက္ခာများကို မြောက်ဦးအခြေစိုက် အမှတ် (၃၇၇) တပ်ရင်းနှင့် အခြားတပ်စခန်းများသို့ ပို့ဆောင်နေသည်ကို တွေ့ရသည်ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြန်ပြောပြသည်။
AA နှင့် စစ်ကောင်စီတို့ နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည်မှာ တစ်နှစ်နီးပါး ရှိလာသော်လည်း ထိုသဘောတူညီချက်မှာ နိုင်ငံအနောက်ဘက်ဒေသအတွက်သာဖြစ်ကြောင်း အများက နားလည်ခဲ့သည်မှာ မကြာသေးပေ။
အခြားပြည်နယ်များတွင်လည်း AA စစ်ရေးလှုပ်ရှားမှုများ ရှိနေရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နယ်မြေရှိ AA ၏ တပ်များသည် တိုက်ပွဲများတွင် ပါဝင်နေကြောင်း သတင်းများတွင် ဖော်ပြလာကြသည်။
ထိုအခြေအနေကြောင့် AA ၏ ပင်မနယ်မြေဖြစ်သော နိုင်ငံအနောက်ဘက်ပိုင်း အပစ်ရပ်ဒေသတွင် စစ်ကောင်စီတပ်၏ ထူးခြားသောလှုပ်ရှားမှုများ တွေ့လာရခြင်း ဖြစ်မည်ဟု ဒေသခံတို့က ယူဆနေကြသည်။
စစ်ဆေးရေးဂိတ်များ
ဤအတောအတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု ပိုတင်းကျပ်လာသည်ဟု မော်တော်ယာဉ်မောင်းနှင်သူများ၊ ဒေသခံ ခရီးသွားများက ပြောသည်။
အထူးသဖြင့် စစ်တွေမြို့ ကျောက်တန်းဂိတ်၊ ကျောက်တော်မြို့ တပ်မဂိတ်၊ မြောက်ဦးမြို့ ၅၄၀ ဂိတ်တို့တွင် ယခင်ထက် အစစ်အဆေးတင်းကျပ်လာသည်ဟု ခရီးသွားများက ဆိုသည်။
“ကျောက်တန်းဂိတ်မှာ ဆိုင်ကယ်ကို ဖွင့်ပြီး စစ်တယ်။ ခရီးဆောင်အိတ်တွေကို ဖွင့်စစ်တယ်။ ယခင်ထက် ပိုဆိုးလာတယ်။ စိတ်အနှောင့်အယှက် ပေးတယ်။ ကားတွေ တန်းစီထားပြီး စစ်တယ်။ ကားတွေမှာ စစ်ဆေးနေလို့ အချိန်ကြန့်ကြာတယ်” ဟု မြောက်ဦးမြို့မှ စစ်တွေမြို့သို့ ဆိုင်ကယ်ဖြင့် သွားလာသူ ခရီးသည်တစ်ဦးက ပြောသည်။
များမကြာသေးမီ အောက်တိုဘာ ၂၀ ရက်က စစ်တွေမြို့ ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာမှ ကိုယ်ဝန်ဆောင်တစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ် ကျောက်တန်းဂိတ်တွင် စစ်ဆေးရေး ကြန့်ကြာနေသည့်အတွက် ဆေးရုံသို့ အချိန်မီ မရောက်ဘဲ လမ်းတွင် သေဆုံးခဲ့သည်။

အလားတူ မြောက်ဦးမြို့အဝင် အမှတ် (၅၄၀) ခြေမြန်တပ်ရင်း စစ်ဆေးရေးဂိတ်တွင်လည်း မော်တော်ယာဉ်များကို တန်းစီရပ်ခိုင်းကာ ခရီးသည်တို့၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို စစ်ဆေးသည်ဟု သိရသည်။
ကျောက်တော်မြို့ တပ်မဂိတ်တွင်လည်း ခရီးသည်များကို ကားပေါ်မှ ဆင်းလျှောက်ခိုင်းကာ စစ်ဆေးနေသည်ဟု ဒေသခံ ခရီးသွားများက ဆိုသည်။
ထိုကဲ့သို့ အစစ်အဆေးတင်းကျပ်နေသလို လက်နက်စမ်းသပ်ပစ်ခတ်မှု၊ လေ့ကျင့်မှုတချို့လည်း ရှိနေသည်ဟု သိရသည်။
အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ မင်းပြားမြို့နယ်ရှိ တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ၄ ရက်ဆက်တိုက် လက်နက်ကြီးများ ပစ်ခတ်မှုရှိလာကြောင်း သိရသည်။
“လက်နက်ကြီး ရက်ဆက်ပစ်ခဲ့တယ်။ ရွာထဲ ကျလာမှာကို ကျွန်တော်တို့ စိုးရိမ်တယ်။ အရင် တိုက်ပွဲဖြစ်တုန်းကလည်း ရွာထဲ လက်နက်ကြီးကျလို့ သေတဲ့လူတွေ မနည်းဘူး” ဟု တိုင်းဗဟို (၉) အနီးရှိ ကျေးရွာသားတစ်ဦးက ပြောသည်။
ဇွန်လနှင့် ဇူလိုင်လအတွင်းကလည်း အဆိုပါ တိုင်းဗဟို (၉) က လက်နက်ကြီးအကြိမ်ရေများစွာ ပစ်ခတ်မှုရှိခဲ့သည်။ အနီးဝန်းကျင် ကျေးရွာများဘက်သို့ ဦးတည် ပစ်ခတ်သည်ဟု ဒေသခံတို့က ယူဆကြသည်။
အောက်တိုဘာ ၂၇ တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ အမှတ် (၅၅၀) ခြေမြန်တပ်ရင်းက လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည်ဟု အုပ်ချုပ်ရေးဌာနများကို အကြောင်းကြားထားကြောင်း၊ ဒေသခံများကို အသိပေးမှု မရှိသေးကြောင်း ဒေသအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားကြသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက် အပစ်အခတ်ရပ်စဲခဲ့ခြင်း ဖြစ်ပြီး အပစ်ရပ်ချိန် တစ်နှစ်ပြည့်လုနီးအချိန်တွင် စစ်ကောင်စီတပ်က အင်အား၊ ရိက္ခာများ ဖြည့်တင်းမှုနှင့် စစ်ဆေးမှု တင်းကျပ်လာခြင်း ဖြစ်သည်။
ULA / AA ကလည်း ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေး ခိုင်မာစေရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ တရားရေး၊ စီမံအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုသင်တန်းများ တက်ရောက်ရန် အသက် ၁၈ နှစ်မှ ၃၂ နှစ်အကြားရှိ လူငယ်များကို AA က ခေါ်ယူလျက်ရှိသည်။
ရခိုင်ပြင်ပရှိ AA စခန်းများ
စစ်တပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ၎င်းတို့ ဌာနချုပ်အနီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို အတူလက်တွဲ တိုက်ပွဲဝင်ခဲ့သည့် အဖွဲ့အစည်းများကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အောက်တိုဘာ ၂၂ ရက်စွဲဖြင့် ဖော်ပြရာတွင် ထိုအဖွဲ့များထဲတွင် AA လည်း ပါဝင်နေသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေတချို့တွင် AA ၏ တပ်စခန်းတချို့ ရှိနေသည်။
ထိုဒေသများတွင် တိုက်ပွဲများပြင်းထန်နေရာ AA က မဟာမိတ်များဘက်မှ ပူးပေါင်းတိုက်ခိုက်နေသည်။
ကချင်ပြည်နယ်တွင် လိုင်ဇာရှိ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့ရာ AA စခန်းမှ သေဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့သည်။
ယခင်ကလည်း ရခိုင်တွင် တိုက်ပွဲရပ်နားချိန် ရခိုင်ပြင်ပ AA တပ်စခန်းများ တည်ရှိရာနေရာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရခိုင်တွင် တိုက်ပွဲများ ပြန်လည် အစပြုခဲ့ဖူးသည်။
ယမန်နေ့ (အောက်တိုဘာ ၂၅) က KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွပ်လပ်ရေးအဖွဲ့ချုပ် (KIO) တည်ထောင်ခြင်း (၆၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းပြောကြားရာတွင် စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေကြောင်း ထည့်သွင်းပြောခဲ့သည်။
ရှမ်းမြောက်တိုက်ပွဲများတွင် ပါဝင်နေသည့် တအာင်းတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) တို့သည် AA ၏ မဟာမိတ်အဖွဲ့များ ဖြစ်သည်။
၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့ ပစ်သတ်ခံရပြီးနောက်ပိုင်း လက်နက်ကိုင် ခုခံလိုသူများကို နည်းပညာနှင့် လက်နက် အကူအညီပေးသည့်အဖွဲ့များထဲတွင် AA လည်း ပါဝင်သည်။
ဤအခြေအနေတွင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုသို့ ကူညီခြင်း မပြုရန် တိုက်တွန်းလျက်ရှိသည်။
ဇွန်လဆန်းတွင် တရုတ်အစိုးရ၏ အစီအစဉ်ကြောင့် စစ်ကောင်စီက AA, MNDAA, TNLA တို့ကို တွေ့ဆုံခဲ့သည်။ ၃ ရက်ကြာ တွေ့မည့်အစီအစဉ်မှာ ၂ ရက်နှင့် အဆုံးသတ်ခဲ့သည်။ ပထမနေ့ တွေ့ဆုံကြစဉ် မုန်တိုင်းသင့်ဒေသ အရပ်သားများအရေးကိုလည်း ထည့်သွင်း ပြောဆိုခဲ့သည်ဟု AA ပြောခွင့်ရအရာရှိ ဦးခိုင်သုခက ပြောပြသည်။
“နံပါတ်တစ်ကတော့ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ နံပါတ်နှစ်ကတော့ မတရားအသင်းကနေ ပယ်ဖျက်ပေးရေးကိစ္စ၊ နံပါတ်သုံးအချက်ကတော့ ရခိုင်ပြည်တွင်း မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီတွေ အချိန်မီ ချောမွေ့စွာရောက်ရှိရေးကိစ္စပေါ့” ဟု ဦးခိုင်သုခက ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပြောသည်။
ကူညီကယ်ဆယ်ရေး လုပ်ငန်းများ
စစ်ကောင်စီက ၎င်းတို့ အခြေစိုက်လှုပ်ရှားရာ တပ်စခန်းများထံ ရိက္ခာနှင့် လူအင်အားဖြည့်တင်းခြင်း တစိုက်မတ်မတ် လုပ်ဆောင်နေသော်လည်း အကူအညီလိုအပ်သည့် အရပ်သားများအရေးနှင့် ပတ်သက်ပြီး ဖြစ်ထွန်းမှု များစွာမရှိပေ။
ရခိုင်ကမ်းရိုးတန်းသို့ အင်အားပြင်းဆိုင်ကလုန်း မိုခါမုန်တိုင်းတိုက်ခတ်ပြီး ၅ လကျော် ကြာသည့်တိုင် ပြည်တွင်းပြည်ပ အကူအညီပေးရေးအဖွဲ့များမှာ မုန်တိုင်းသင့်ပြည်သူများကို ကူညီနိုင်ခြင်း မရှိကြသေးပေ။
ရခိုင်တွင် လူသားချင်းစာနာကူညီထောက်ပံ့ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် ခရီးသွားလာခွင့် ခွင့်ပြုချက် ခက်ခဲမှုရှိနေကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အောက်တိုဘာ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံအနှံ့အပြားရှိ ပဋိပက္ခဒဏ်ခံနေရတဲ့ နေရာတွေလိုပင် ရခိုင်တွင်လည်း အထူးသဖြင့် ကျေးလက်ဒေသတွေဆီကို အကူအညီတွေ သွားရောက်ပေးအပ်ဖို့ရာ လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်ခွင့် ခွင့်ပြုချက် ရရှိနိုင်မှုမှာ စိန်ခေါ်မှုတစ်ခုအဖြစ် ကျန်ရှိနေပါတယ်” ဟု ICRC ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်ခဲ့ကြရလင့်ကစား မုန်တိုင်းသင့်ဒေသတွင် ရိက္ခာနှင့် နေအိမ်များပြန်ဆောက်ရန် ကူညီထောက်ပံ့မှု မရကြသေးကြောင်း ရခိုင်ဒေသခံများက ပြောထားကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)