စစ်ကိုင်းတိုင်း မူးမြစ်အနောက်ဘက်ကမ်း တန့်ဆည်မြို့ပေါ်ရှိ အဆောက်အအုံတချို့ကို စစ်သားများက ယမန်နေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
မြို့လယ်ဘောလုံးကွင်းတွင် တပ်စွဲထားသည့်တပ်မှ စစ်သားများက မြို့အနောက်ပိုင်းဈေးအနီးဝန်းကျင်သို့ ရောက်လာကာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရပ်ဆိုင်းထားသည့် မြတ်ထူးချွန် ပုဂ္ဂလိကစာသင်ကျောင်းမှ ကျောင်းသားဆောင်၊ ရွှေဥယျာဉ်တည်းခိုခန်း၊ မိုးသောက်ကြယ်စားသောက်ဆိုင်နှင့် နေအိမ်နှစ်လုံးကို ဖျက်ဆီးကာ လူတချို့ကို ဖမ်းသွားသည်ဟု မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် သက်ဆိုင်သည့် နေရာများကို စစ်ကောင်စီက ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မီးတွေရှို့နေပြီဆိုတော့ ဈေးသည်တွေလည်း ကိုးရိုးကားရားနဲ့ အကုန်ထွက်ပြေးကြနဲ့၊ အစ်မတို့လည်း အိမ်ထဲကနေ မထွက်ရဲဘူး၊ အိမ်ထဲကနေ ကြည့်နေရတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသမီးက ဆိုသည်။
“တမင်တကာကို ရွေးရှို့သွားတာ”
စစ်သားများ ထွက်သွားပြီးနောက် အခြားနေအိမ်များ မီးမကူးစေရန် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ခြင်း၊ မိုးအနည်းငယ်ရွာနေခြင်းတို့ကြောင့် အခြားအဆောက်အအုံများကို မီးမကူးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးထက်မနည်းကို ဖမ်းသွားသည်ဟု စုံစမ်းသိရှိရသည်။
ဖမ်းဆီးသည့် အကြောင်းရင်းနှင့် နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။
ထိုဒေသတွင် စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီက ပြည်သူကို အနိုင်ကျင့်ခြင်းသာဖြစ်ကြောင်း ပြောသည်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ မြို့ပေါ်ကို ဝင်ရှို့သွားတာ။ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အိမ်တွေကို ရွေးရှို့သွားတာ။ မြို့ပေါ်ထိ ခဏခဏ ဝင်တိုက်ခံရတော့ ဘာမှမဆိုင်တာတွေ ပတ်ရမ်းနေတာ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
တန့်ဆည်ပကဖသည် စစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာရေးရာ မျက်နှာစာမျိုးစုံတွင် အန်တုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ လုံခြုံရေးအဖွဲ့အစည်းဖြစ်သည်။ NUG ကို NLD ပါတီဝင်အများစု ဦးဆောင်နေသည်။
NLD အစိုးရကို ဖြုတ်ချကာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ ပေါ်ပေါက်နေရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ တန့်ဆည်မြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာကပင် တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ရွှေဒေါင်းမင်းဆီဆိုင်စစ်ဆေးရေးဂိတ်နှင့် ရုံးဌာနတချို့ကို NUG လက်အောက်ခံ တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ သေနတ် ၁၄ လက် သိမ်းယူထားသည်။
စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များ ရင်ဆိုင်တိုက်ပွဲများ နေ့စဉ်ဖြစ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်မြို့တွင် အောက်တိုဘာ ၅ ရက်မှစ၍ လျှပ်စစ်ဓာတ်အားနှင့် ရေဖြန့်ဝေမှုလုပ်ငန်းများ ရပ်ဆိုင်းနေသည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း၌ လေကြောင်းကို အားပြုတိုက်ခိုက်နေသလို တော်လှန်ရေးအဖွဲ့များ ဝင်ထွက်သွားလာသည့် ကျေးရွာများကို မီးရှို့သည့် နည်းကိုလည်း ဆက်တိုက်သုံးနေသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ ဩဂုတ်လတွင် ထုတ်ပြန်သည့် မှတ်တမ်းအရ စစ်ကောင်စီက အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း အရပ်သားနေအိမ် ၇၄၈၇၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာ ၇၆ ရွာမှ နေအိမ်ပေါင်း ၄၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းအခြေစိုက် Taze News က ဩဂုတ်လအတွင်း သတင်းထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)