
ယနေ့ (စက်တင်ဘာ ၂၂) နံနက်ပိုင်းအစောပိုင်းက စစ်ကိုင်းအလယ်ပိုင်း တန့်ဆည်မြို့ပေါ်ကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိကာ သေနတ် ၁၄ လက် သိမ်းယူနိုင်ခဲ့သည်ဟု PDF အဖွဲ့ဝင်များက ပြောသည်။
တန့်ဆည်မြို့အရှေ့ဘက်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ ရွှေဒေါင်းမင်းဆီဆိုင်စစ်ဆေးရေးဂိတ်၊ လဝကရုံး၊ ပညာရေးရုံး၊ တရားရုံးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ည ၁၂ နာရီခန့်အချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး လေးနာရီကြာ တိုက်ပွဲဖြစ်ကြောင်း လက်နက်ခဲယမ်းများအပြင် ကားနှင့် ဆိုင်ကယ်များကိုပါ သိမ်းယူနိုင်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
သုံးနာရီခန့်ကြာ ပစ်ခတ်ပြီးချိန်တွင် စစ်တပ်တပ်စွဲထားသည့် ရွှေဒေါင်းမင်းဆီဆိုင်စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီဘက်တော်သားများ ခိုအောင်းရာ ရုံးများကို ဖျက်ဆီးနိုင်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သုံးဌာနလောက်ကို မီးရှို့ဖျက်ဆီးလိုက်တယ်။ တစ်ခုနဲ့တစ်ခုတော့ သိပ်မဝေးဘူး။ (စစ်တပ်) သူတို့ကလည်း အဲဒီမှာ အဓိကတပ်စွဲထားတာပဲ”
အင်အား ၃၀ ခန့် တပ်စွဲထားသည့် မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီဘက်တွင် လက်နက်ကိုင်အလောင်း ၁၅ လောင်းခန့် တွေ့ရှိရကြောင်း၊ သိမ်းဆည်းရမိသည့် လက်နက်များမှာ စစ်တပ်သုံး MA-3 အမျိုးအစား ၃ လက်၊ ရဲတပ်ဖွဲ့သုံး G3 ရိုင်ဖယ် ၃ လက်နှင့် ပျူစောထီးအဖွဲ့ဝင်များကို တပ်ဆင်ပေးလေ့ရှိသည့် ကာဘိုင် ၇ လက်နှင့် ပစ္စတို ၁ လက်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထောင်ဂဏန်းရှိ ကျည်ဆန်များလည်း သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။
မြို့အရှေ့ပိုင်းတွင် အပြန်အလှန်ပစ်ခတ်နေစဉ် မြို့လယ်ရှိ မြို့မရဲစခန်း၌ တပ်စွဲထားသည့် ရဲနှင့် စစ်သား ၅၀ ခန့်ရှိသော်လည်း စစ်ကူရောက်လာခြင်းမရှိဟု သိရသည်။
“စစ်ကူမထွက်နိုင်အောင် ကျွန်တော်တို့ဘက်က လက်နက်ကြီးနဲ့ ထောက်ထားတာ” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF ပူးပေါင်းအဖွဲ့ဘက်မှ ၇ ဦးခန့် ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးကြောင်း၊ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် မကစ် ဆိုသည့် အသက်ငါးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးကြောင်းလည်း သိရသည်။
ယနေ့မနက်ပိုင်းတွင် တန့်ဆည်မြို့ပေါ်၌ ဈေးဆိုင်များ ပိတ်ထားပြီး လူသွားလူလာ ရှင်းနေသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒါပထမဆုံးပဲ ဒီလောက်ကြီး ပစ်ခတ်တာ ကြုံဖူးတာ။ ဆက်တိုက်တွေ ပစ်ကြတာ။ ၄ နာရီနောက်ပိုင်းမှ အသံတွေရပ်သွားတာ။ အရင်က ပစ်တယ်ဆိုတာ လေးငါးချက်နဲ့ ပြီးသွား…..ဒီနေ့မနက်ကတော့ ဈေးမထွက်ရဲကြဘူး၊ ထွက်တဲ့သူတွေလည်း ပြန်သိမ်းသွားကြတာပဲ” ဟု ထိုမြို့ခံက ဆိုသည်။
စစ်ကောင်စီက မြို့အဝင်အထွက်ဂိတ်များတွင် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များကို စစ်သားအနည်းငယ်နှင့် တွဲကာ ကင်းစောင့်ခိုင်းလေ့ရှိကြောင်း၊ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခံရသော်လည်း စစ်ကူပေးလေ့မရှိကြောင်း တန့်ဆည်မြို့ခံ နောက်တစ်ဦးက ပြောသည်။
“ဒီနှစ်စလောက်ကတည်းက မြို့ထဲ ဘာဖြစ်ဖြစ် ရဲစခန်းထဲက ထွက်မကြည့်တော့ဘူး… ..(မနေ့ညက) တစ်ညလုံးဖြစ်နေတာကို ရဲစခန်းထဲက ထွက်မလာဘူး။ အရင်တုန်းက ကျည်တစ်ချက် ထွက်လာရင်တော့ (ရဲနဲ့ စစ်သား) ချက်ချင်းရောက်တာ၊ မနေ့ကတော့ လုံးဝထွက်မလာဘူး”
တန့်ဆည်မြို့ပေါ်တွင် ယခင်ကတည်းက နံနက် ၆ နာရီမှ ည ၆ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ထားသော်လည်း စစ်သားနှင့် ရဲများ ကင်းလှည့်လေ့မရှိဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လက တန့်ဆည်မြို့အထွက်ရှိ စစ်ကောင်စီဂိတ်ကို ကာကွယ်ရေးတပ်က တိုက်ခိုက်ပြီး ကာတစ်စီးကို သိမ်းယူခဲ့သလို ယမန်နှစ် ဩဂုတ်လကလည်း ရဲစခန်းမှ ထွက်လာသည့် ကားတစ်စီးကို PDF က မြို့ထဲမှာပင် လိုက်လံပစ်ခတ်ခဲ့ရာ ရဲ ၇ ဦးလုံး နေရာမှာပင် သေဆုံးသွားပြီး မောင်းပြန်သေနတ် ၆ လက်ကို ကာကွယ်ရေးအဖွဲ့က သိမ်းယူခဲ့သည်။
လက်လုပ်များ၊ တူမီးများဖြင့် စတင်ခဲ့သည့် စစ်ကိုင်းတိုင်းမှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှာ သုံးနှစ်နီးပါးရှိလာချိန်တွင် ပိုမိုကောင်းမွန်သည့် လက်နက်များ တပ်ဆင်လာနိုင်ပြီး ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA က စစ်ဆင်ရေးများတွင် ပါဝင်ကူညီလျက်ရှိသည်။
ပြီးခဲ့သည့် နှစ်လအတွင်းပင် မူးမြစ်အနောက်ဘက် ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ကာကွယ်ရေးတပ်က နှစ်ကြိမ်ကြိမ်တိုင်တိုင် စီးနင်းတိုက်ခိုက်ပြီး မောင်းပြန်ရိုင်ဖယ်ခြောက်လက်၊ တစ်ထောင့်ထိုးကာဘိုင်တစ်လက်၊ ၄၀ မမ ဗုံးသီးပစ်လောင်ချာတစ်လက် သိမ်းယူနိုင်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)