စစ်ကိုင်းတိုင်းအလယ်ပိုင်း ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီ ဂိတ်စခန်းကို PDF များက ယမန်နေ့ (သြဂုတ် ၉) နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သား ၁ ဦး အနည်းဆုံး သေဆုံးသွားကြောင်း သတင်းရရှိသည်။
စစ်ကောင်စီကလည်း လက်တုံ့ပြန်သည့်အနေဖြင့် မြို့ပေါ်ရှိ နေအိမ် ၁၁ လုံးကို မီးတင်ရှို့ခဲ့ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားသည့် ဂိတ်စခန်းမှ စစ်ကောင်စီတပ်သားအချို့ ကျေးရွာများဘက်သို့ စစ်ကြောင်းထွက်နေသည်ဆိုသည့် သတင်းရခဲ့ပြီးနောက် PDF က နံနက် ၁၀ နာရီခန့်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်။ ပုံမှန်အခြေအနေတွင် ထိုစစ်ဆေးရေးဂိတ်တွင် စစ်သား ၂၀ နီးပါးရှိပြီး ပစ်ခတ်မှုဖြစ်ချိန်တွင် ၁၀ ယောက်ခန့်သာရှိကြောင်း သိရသည်၊။
ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ကို နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့သည့် ဗျူဟာကို အသုံးပြုခဲ့ကြောင်း၊ ကာကွယ်ရေးတစ်ဖွဲ့က မြို့ပြင်မှ တိုက်ခိုက်ခဲ့ပြီး ကျန်တစ်ဖွဲ့က မြို့တွင်းထိ နေရာယူ ဝင်ရောက်ကာ ပစ်ခတ်ခဲ့သည့် တိုက်ပွဲတွင် စစ်သားတစ်ဦးသေဆုံးသည်ကို တွေ့မြင်ခဲ့ရကြောင်း ပကဖအဖွဲ့တစ်ခုဖြစ်သည့် အဖြူရောင် PDF အဖွဲ့တာဝန်ခံက ဆိုသည်။
စစ်ဆင်ရေးတွင် ပါဝင်သည့် နောက်ထပ် PDF ခေါင်းဆောင် ကိုကောင်းကင်ကမူ အခြားစစ်သား ၃ ယောက်လည်း ဒဏ်ရာများဖြင့် ဒီပဲယင်းဆေးရုံသို့ ရောက်သွားခဲ့သည်ဟု ဆေးရုံနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အတည်ပြုကြကြောင်း ပြောသည်။
မိနစ်နှစ်ဆယ်ခန့် အပြန်အလှန်ပစ်ပြီးနောက် စစ်ကောင်စီတပ်သားများသည် ဂိတ်စခန်းကို စွန့်ခွာပြီး မြို့တွင်းရှိ ရဲစခန်းဘက်သို့ ဆုတ်သွားခဲ့ကြောင်း၊ မိနစ်အနည်းငယ်အကြာတွင် ရဲစခန်းအတွင်းရှိ လက်နက်ကိုင်များ စုပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် နောက်ဆုတ်ပေးခဲ့ရကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။
ထို့နောက် စစ်ကောင်စီက မြို့ပေါ်ရှိ နေအိမ် ၁၁ လုံး ကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။ ယနေ့နံနက်တွင်လည်း စစ်သားများက တိုက်ခိုက်ခံရသည့် ကင်းစခန်းအနီးမှ ရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးနေပြီး လူနေအိမ်တချို့ကို ဖယ်ရှားခိုင်းနေကြောင်း အထက်ပါသတင်းရင်းမြစ်တို့က ဆိုသည်။
ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များသည် ၎င်းတို့ ပစ်ခတ်တိုက်ခိုက်ခံရပါက တိုက်ပွဲအနီးအနားရှိ လူနေအိမ်များကို ဖျက်ဆီးလေ့ရှိသည်။
လွန်ခဲ့သည့် ခြောက်လခန့်က ဒီပဲယင်း အနောက်ကွက်သစ်ရပ်ကွက်အတွင်းရှိ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ချိန်ကလည်း စစ်ကောင်စီဘက်က အနီးအနားရှိ နေအိမ် ၁၂ လုံးကို မီးရှို့ခဲ့ဖူးသည်။
မီးရှို့မှုသတင်းများ အဆက်မပြတ် ထွက်ပေါ်နေခြင်းအတွက် စစ်တပ်က အထူးတလည် ခုခံပြောဆိုခြင်း မရှိတော့သော်လည်း စစ်ခေါင်းဆောင်များကမူ ၎င်းတို့သည် ပြည်သူတို့ကို အကာအကွယ်ပေးနေခြင်းဖြစ်သည်ဟု ဆက်လက် ပြောဆိုလျက်ရှိသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ နှင့် ဒီဇင်ဘာလတို့တွင် စစ်ကောင်စီတပ်၏ နယ်လှည့်မီးရှို့စစ်ဆင်ရေးကြောင့် ဒီပဲယင်းအနီးတစ်ဝိုက် ကျေးရွာများမှ အိမ်ခြေ ၃၀၀၀ နီးပါး မီးသင့်ခဲ့သည်။
ဒီပဲယင်းမြို့နယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်အဆက် ထောက်ခံအားပေးခဲ့သည့် ဒေသများထဲမှ တစ်ခုဖြစ်သည်။ ယခင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၃ ခုနှစ်တွင် စစ်တပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့ စုစည်းထားသည့် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်ကို တုတ်၊ ဓား၊ လက်နက်များဖြင့် ရန်ပြုမှုကြောင့် ကမ္ဘာကျော်ခဲ့ဖူးသည့်ဖြစ်စဉ်မှာ ဒီပဲယင်းမြို့နယ်တွင် ပေါ်ပေါက်ခဲ့သည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင်လည်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည့်အတွက် ဒီပဲယင်းတွင် စစ်တပ်က အထိုင်စခန်းချကာ စစ်ဆင်ရေးလုပ်နေသည်။ ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသည့် ရဲနှင့် စစ်သား (၇၀) ကျော်ရှိနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။
မြို့ပေါ်မှ စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးတပ်များက မကြာခဏ အလစ်အငိုက် တိုက်ခိုက်လေ့ရှိပြီး ဇူလိုင် ၃၁ ညနေပိုင်းက ဒီပဲယင်းမြို့အရှေ့ဘက်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး သေဆုံးကာ PDF များက သေနတ် ၅ လက်ကို သိမ်းယူနိုင်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)