သတင်း

ဒီပဲယင်းမြို့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့ တိုက်ခိုက်၊ သေနတ် ၅ လက်ရရှိ

စစ်ကိုင်းတိုင်းအလယ်ပိုင်း မူးမြစ်အနောက်ဘက်ခြမ်းရှိ ဒီပဲယင်းမြို့အဝင်ဂိတ်ကို ယမန်နေ့ (ဇူလိုင် ၃၁) ညနေက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးပြီး သေနတ် ၄ လက် ရရှိခဲ့ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ထိုညနေတွင် ဒီပဲယင်းမြို့အရှေ့ဘက်ရှိ မြို့အဝင်စစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Depeyin Local Mobile Team နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၁၀ မိနစ်ခန့် ကြာသည့် ပစ်ခတ်မှုအတွင်း စစ်ဆေးရေးဂိတ်ရှိ စစ်သား ၅ ဦးကို အလစ်အငိုက်ပစ်သတ်ခဲ့ပြီး အနီးအနားရှိ ရဲစခန်းမှ စစ်ကူရန် ထွက်လာသည့် စစ်သားများအနက်မှ တစ်ဦးကိုလည်း ပစ်သတ်နိုင်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုသုခက ပြောသည်။

“သူတို့ သတိလက်လွတ်ဖြစ်နေတဲ့အချိန် ဝင်စီးတယ်။ ဂိတ်ထဲမှာ ၅ ယောက် သေသွားတာ၊ ပစ်ကူပေးဖို့ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ တစ်ယောက်ကို ပစ်လိုက်တာ။ (ရဲ) စခန်းထဲကနေ လှမ်းပစ်တာတွေရှိတယ်။ သူတို့ အင်နဲ့အားနဲ့ ထွက်မလာခင် ကျွန်တော်တို့ ပြန်ဆုတ်လာတာ” ဟု သူက ဆိုသည်။

သေဆုံးသည့် စစ်သားများထံမှ MA 1 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ MA 3 ကာဘိုင်တစ်လက်၊ MA 2 စက်သေနတ်၁ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ ခဲယမ်းများ၊ အသုံးအဆောင်များ၊ ဖုန်းသုံးလုံးအပြင် တရုတ်ပိုက်ဆံများ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့ အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ဆေးရေးဂိတ်များ တည်ဆောက်ထားခြင်း ဖြစ်ပြီး ယခုတိုက်ခိုက်ခံရသည့် နေရာသည် ဒီပဲယင်းမြို့-ရေဦး ကားလမ်းမပေါ်တွင် ရှိသည်။

အဆိုပါစစ်ဆင်ရေးသည် ၁၀ မိနစ်အတွင်း အောင်မြင်ခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပူးပေါင်းခဲ့သည့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – DRPA ၏ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောသည်။

“အထူးရဲဘော်တွေ၊ တိုက်ခိုက်ရေးမှာ အတွေ့အကြုံရှိပြီးသား ရဲဘော်တွေပေါ့နော်။ ဂိတ်နားကို တဖြည်းဖြည်းချင်း ချဉ်းကပ်ပြီး နေရာယူပြီး အနီးနားဆုံးမှာ လက်ဦးမှုယူပြီး ပစ်ခတ်တာပဲ။ ပြောက်ကျားအနေနဲ့ အချိန်ယူ တိုက်ခိုက်တာဆိုတော့ သူတို့ဘာမှမလုပ်နိုင်လိုက်ဘူး” ဟု တိုက်ပွဲအခြေအနေကို ပြောသည်။

စစ်သားများ ၆ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်မှုတွင် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပြီး ယနေ့ နံနက်တွင် ရေဦးမြို့မှ အင်အားတစ်ရာခန့်ရှိ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်အတွင်း ဝင်ရောက်လာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ကလည်း တန့်ဆည်မြို့စွန်ရှိ စစ်ဆေးရေးဂိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံပကဖအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ကားတစ်စီးပါ ရရှိခဲ့သည်။

လက်လုပ်များ၊ တူမီးများဖြင့် စတင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသ လက်နက်ကိုင်တော်လှန်ရေးသည် နှစ်နှစ်ကျော်အတွင်း ပိုမိုကောင်းမွန်သည့် လက်နက်များ ရောက်ရှိလာသလို ဒေသခံကာကွယ်ရေးအဖွဲ့များအချင်းချင်း ချိတ်ဆက်ကာ တိုက်ပွဲဖော်မှု ပိုမိုများပြားလာသည်။

ထိန်းချုပ်မှုအားနည်းလာသည့် စစ်ကိုင်းတိုင်း အပါအဝင် ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ယခုလဆန်းပိုင်းတွင် အမိန့်ပေးထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button