ယမန်နေ့ (ဇူလိုင် ၂၄) နေ့တွင် စစ်ကိုင်းတိုင်းအလယ်ပိုင်း တန့်ဆည်မြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့အနောက်ဘက် မြို့အဝင်ဂိတ်တွင် အရပ်သုံးကား သုံးစီးဖြင့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် စစ်ဆေးနေစဉ် နံနက် ၇ နာရီခန့်၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပကဖအဖွဲ့က မိနစ် ၂၀ ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အနီးကပ် အပြန်အလှန်ပစ်ခတ်ကြစဉ် စစ်ကောင်စီဘက်မှ နှစ်ဦး လဲကျသေဆုံးသွားသည်ကို မြင်တွေ့ရကြောင်း၊ အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလောင်းများကို ကားပေါ်ဆွဲတင်ကာ ထွက်ပြေးသွားခဲ့ကြောင်း တန့်ဆည်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဆက်တိုက်ကို ဖိပစ်တာက မိနစ်နှစ်ဆယ်လောက် ကြာတာ။ သူတို့က အေးဆေးထင်ထားတဲ့အချိန် ဝင်ပစ်တာဆိုတော့ ကားပေါ် အကုန်တက်ပြေးတာ။ ကားတစ်စီးက နှိုးမရတော့ အခြားကားပေါ် စုတက်ပြေးတာ၊ သူတို့ ကင်းပုန်းတောင် ခေါ်မသွားဘူး၊ နောက်ကနေ လိုက်ပြေးသွားတာ”
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်သားများ မဟုတ်နိုင်ဘဲ ရွာပေါင်းစုံမှ စုဆောင်းထားသည့် ပျူစောထီးအဖွဲ့ဝင်များဖြစ်နိုင်သည်ဟုလည်း အထက်ပါ ပကဖ ပြန်ကြားရေးတာဝန်ခံက ယူဆသည်။
စက်နှိုးမရသဖြင့် ကျန်ခဲ့သော ကားတစ်စီးကို ပကဖအဖွဲ့က လူအားဖြင့် တွန်းကာ သယ်ယူခဲ့သည်ဟု သိရသည်။
အထက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့အတွင်း မီတာခ လှည့်လည်ကောက်ခံပြီးနောက် မြို့အနောက်ပိုင်းတွင် ဂိတ်ချတပ်စွဲကာ စစ်ဆေးရေးလုပ်နေကြောင်း သတင်းရ၍ မြို့ပေါ်တက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကျွန်တော်တို့ကတော့ စိတ်ချရတဲ့နေရာထိ ဆိုင်ကယ်တွေနဲ့ လာတာပေါ့။ ပြီးမှ ခြေလျင် မြို့ထဲ ဝင်လာပြီး မီတာ ၇၀ လောက်မှာ စပစ်တာ။ မိုးကလည်း တော်တော်လေး ရွာနေတော့ ထင်မထားတဲ့အချိန်ပဲ” ဟု မြို့တွင်းတိုက်ခိုက်မှုအကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရသည့်နေရာနှင့် သုံးဖာလုံခန့်အကွာတွင် စစ်တပ်ဂိတ်တစ်ခု ရှိသော်လည်း စစ်ကူလာပေးခြင်းမရှိဟုလည်း သိရသည်။
တည်ဆည်မြို့ရဲစခန်းသည် မြို့အရှေ့စွန်တွင် ရှိသဖြင့် တန့်ဆည်မြို့အနောက်ဘက်ခြမ်းကို လုံခြုံရေးယူနိုင်ရန် ရွှေဒေါင်းမင်းစက်သုံးဆီဆိုင်တွင် ဘန်ကာများတည်ဆောက်ကာ စစ်သား ၂၀ ဝန်းကျင်ခန့် တပ်စွဲနေသည်မှာ တစ်နှစ်ကျော်ခန့် ရှိပြီဖြစ်ပြီး ယင်းကို ရွှေဒေါင်းမင်းစစ်တပ်ဂိတ်ဟု ဒေသခံများက ခေါ်ဝေါ်ကြသည်။
ပစ်ခတ်မှုဖြစ်ပွားရာအနီး နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကမူ မိုးများရွာနေသော်လည် ပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရသည်ဟု ဆိုသည်။
“သေနတ်သံတွေ ကြားရတယ်။ မိုးတွေက အတင်းကို ရွာနေတာလေ၊ ဘယ်က ပစ်တယ်မသိဘူး။ မိုးစဲမှ သတင်းတွေက ကြားရတာ၊ (ဒီနေ့) ထူးထူးခြားခြား စစ်ဆေးနေတာတွေတော့ မတွေ့ရသေးဘူး”
တန့်ဆည်မြို့ပေါ်တွင် ယခင်ကတည်းက ညမထွက်ရအမိန့် ထုတ်ထားသဖြင့် နံနက်ပိုင်းအချိန်မှလွဲပြီး ကျန်အချိန်များတွင် ခြောက်ကပ်တိတ်ဆိတ်နေသည်ဟုလည်း အထက်ပါဒေသခံက ဆိုသည်။
နံနက် ၆ နာရီမှ ည ၆ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ထားသော်လည်း ညပိုင်း၌ စစ်သားနှင့် ရဲများ ကင်းလှည့်ခြင်းမရှိသလောက် နည်းပါးသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းကလည်း တန့်ဆည်မြို့ရဲစခန်းမှ ထွက်လာသည့် ကားတစ်စီးကို ပကဖအဖွဲ့နှင့် PDF အဖွဲ့က ကားနှစ်စီးဖြင့် မြို့ထဲတွင် လိုက်လံပစ်ခတ်ခဲ့ရာ ရဲ ၇ ဦးလုံး နေရာမှာပင် သေဆုံးသွားပြီး မောင်းပြန်သေနတ် ၆ လက်ကို ကာကွယ်ရေးအဖွဲ့က သိမ်းယူခဲ့သည်။
တန့်ဆည်မြို့ပေါ်ရှိ ရဲစခန်း၌ ရဲ၊ စစ်သားနှင့် ပျူစောထီး ၅၀ ခန့်၊ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် အင်အား ၂၀ ခန့် ရှိကြောင်း သိရပြီး ကာကွယ်ရေးအဖွဲ့များက မြို့ပေါ်ထိ မကြာခဏ ဝင်ရောက် ပစ်ခတ်လေ့ရှိသည်။
တန့်ဆည်မြို့နယ်ရှိ အင်္ကုက္ကားရွာနှင့် ကံထူးမကျေးရွာများတွင်လည်း စစ်ကောင်စီတပ်များ တပ်စွဲထားကြောင်း သိရသည်။
လက်လုပ်များ၊ တူမီးများဖြင့် စတင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသ လက်နက်ကိုင်တော်လှန်ရေးသည် နှစ်နှစ်ကျော်အတွင်း ပိုမိုကောင်းမွန်သည့် လက်နက်များ ရောက်ရှိလာသလို ဒေသခံကာကွယ်ရေးအဖွဲ့များအချင်းချင်း ချိတ်ဆက်ကာ တိုက်ပွဲဖော်မှု ပိုမိုများပြားလာသည်။
ထိန်းချုပ်မှုအားနည်းလာသည့် စစ်ကိုင်းတိုင်း အပါအဝင် ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ယခုလဆန်းပိုင်းတွင် အမိန့်ပေးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)