
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး တပ်စွဲထားသည့် စစ်သားများကို ယနေ့ (စက်တင်ဘာ ၈) နံနက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
နံနက်၂ နာရီခန့်တွင် ရွှေဘိုခရိုင် PDF တပ်ရင်း ၆၊ ၇ မှ တပ်ဖွဲ့ဝင်များက စတင် ပစ်ခတ်ကြသည်၊ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း တန့်ဆည် PDF ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မြန်မာ့စီးပွားရေးဘဏ်ထဲမှာ ဘန်ကာအထပ်ထပ်နဲ့၊ အဲဒီထဲမှာ ကင်းပုန်းဝပ်တာ။ ရဲစခန်းနဲ့လည်း မဝေးတော့ Risk (အန္တရာယ်) များတယ်ပေါ့။ ပုံမှန်တော့ (စစ်သား) ၁၅ ယောက်လောက်ရှိတယ်၊ လက်နက်ကြီးနှစ်လုံး ပစ်ထည့်ပြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်တာပေါ့။ ညဘက်ဆိုတော့ အထိအခိုက်တွေတော့ မသိရဘူး” ဟု ဆိုသည်။
ဘဏ်အနီး နေထိုင်သည့် မြို့ခံတစ်ဦးက ပစ်ခတ်သံများ မိနစ် ၂၀ ခန့် ကြားရကြောင်း၊ ရဲစခန်းနှင့် နီးစပ်သူများ၏ အဆိုအရ စစ်ကောင်စီဘက်မှ သေဆုံးသူ မရှိဟု သိရကြောင်း ထိုမြို့ခံက ပြောသည်။
“ပြန်ကြားတာတော့ ကာကွယ်ရေးအဖွဲ့တွေက ၄၀ မမတွေနဲ့ နှစ်ချက် ပစ်တယ် ကြားတယ်။ တစ်လုံးက စီးပွားရေးဘဏ်ရှေ့ ကျတယ်။ တစ်ချက်ကတော့ အိမ်တွေဘက် ကျတယ် ပြောတယ်။ ပြီးတော့ AK တွေနဲ့ ပစ်တာ ပြောတယ်” ဟု သူက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားရာအနီးတစ်ဝိုက်မှ နေအိမ်များကို စစ်ကောင်စီတပ်များက ယနေ့ နံနက်တွင် ဝင်ရောက်ရှာဖွေခဲ့ပြီး ဓာတ်ပုံရိုက်ယူသွားသည်ဟု မြို့ခံများထံမှ သိရသည်။
မြို့ပေါ်တွင် ဝင်ရောက်တိုက်ခိုက်မှုဖြစ်ခဲ့သော်လည်း လုံခြုံရေးတင်းကျပ်စစ်ဆေးမှုများမရှိကြောင်း Myanmar Now က ဆက်သွယ်ခဲ့သည့် ဒေသခံ ၄ ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လတွင် တန့်ဆည်မြို့ပေါ် ကင်းလှည့်နေသည့် ရဲ ၇ ဦး ပစ်သတ်ခံပြီးနောက် ရဲများ စခန်းအတွင်းတွင်သာ နေထိုင်တော့ကြောင်း အထက်ပါမြို့ခံက ဆိုသည်။
“လုံခြုံရေးတင်းကျပ်ထားတော့ မရှိဘူးဗျ၊ လမ်းပေါ်မှာ ပုံမှန်သွားလာနေကြတာပဲ။ သူတို့ဘက်ကလည်း အပြင်သိပ်မထွက်ကြတော့ဘူး။ ညပိုင်းတွေ ကင်းပတ်တာ မရှိတော့ဘူးဗျ၊ ဟိုတလောက ရဲတွေ ပစ်သတ်ခံရပြီးကတည်းက သူတို့ဘက်က စစ်ဆေးရေး မထွက်တော့တာ၊ အပြင်ကို မထွက်တော့တာ” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၇ တွင် တန့်ဆည်မြို့ရဲစခန်းမှ ထွက်လာသည့် ကားတစ်စီးကို ဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) က အနီးကပ် ပစ်ခတ်ရာ ကားပေါ်ပါလာသည့် ရဲ ၇ ဦးလုံး နေရာမှာပင် သေဆုံးသွားပြီး မောင်းပြန်သေနတ် ၆ လက်ကို ဒေသခံကာကွယ်ရေးအဖွဲ့က သိမ်းယူခဲ့သည်။
ဩဂုတ် ၃၁ ရက်က မြို့လယ်ခေါင် ဗိုလ်ချုပ်ကြေးရုပ်တွင် ချိတ်ဆွဲထားသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းတစ်ခု ယနေ့တိုင် ရှိနေသေးသည်ဟု တန့်ဆည်ပကဖခေါင်းဆောင်တစ်ဦးက ပြောသည်။
“ဒီကောင်တွေ စခန်းထဲက မထွက်ရဲဘူး၊ ခါတိုင်း အရက်ဝယ်နေကျဆိုင်တွေတောင် ထွက်မဝယ်ရဲတော့ဘူး။ တန့်ဆည်မြို့ပေါ်မှာ ကျွန်တော်တို့ စိန်ခေါ်တဲ့ စာကပ်ထားတာ ခုထိ လာမဖြုတ်ရဲဘူး။ မြို့ပေါ်ကနေ မလှုပ်တာ ကြာပြီ” ဟု သူက ပြောသည်။
ရဲစခန်း၌ ရဲ၊ စစ်သားနှင့် ပျူစောထီး ၅၀ ခန့်၊ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် အင်အား ၂၀ ခန့် ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။
တန့်ဆည်မြို့နယ်ထဲရှိ အင်္ကုက္ကားရွာနှင့် ကံထူးမကျေးရွာများတွင်လည်း စစ်ကောင်စီတပ်များ တပ်စွဲထားကြောင်း သိရသည်။
“ကျွန်တော်တို့ တန့်ဆည်နယ်မှာဆိုရင် အကုက္ကားဆို စခန်းထဲက မထွက်ဘူး။ ကံထူးမမှာလည်း စခန်းထဲက မထွက်ရဲဘူး၊ တန့်ဆည်မှာလည်း စခန်းထဲက မထွက်ရဲဘူး” ဟု အထက်ပါ ပကဖခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ယမန်နှစ် ဧပြီလမှစတင်၍ လက်နက်ကိုင်ပြန်ခုခံခဲ့ကြပြီးနောက် လက်နက်ကိုင်တော်လှန်ရေး တစ်နှစ်ကျော် ကြာလာချိန်တွင် မြို့ပေါ်၌ ဖောက်ခွဲမှုများသာမက ဝင်ရောက်စီးနင်းပစ်ခတ်မှုများကို PDF များက ယခုနောက်ပိုင်း ခပ်စိပ်စိပ် လုပ်ဆောင်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)