ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) ၏ ရိက္ခာဆန်များကို သိုလှောင်ထားသည်ဆိုကာ တပ်မတော်က ဖမ်းဆီးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း စစ်ဆေးရန် ခေါ်သွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။
စပါးထားကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခုသည် သြဂုတ် ၃၁ တွင် ရောက်ရှိလာကာ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
“ည ၆ နာရီမှာ သူတို့ (တပ်မတော်စစ်ကြောင်း) လာတယ်။ တစ်အိမ်တက်ဆင်း စစ်ဆေးတယ်။ ကျွန်မတို့အိမ်ကိုလည်း စစ်တယ်။ စပါးကျီတွေကိုလည်း စစ်တယ်။ ပြီးတော့ မိသားစု၊ အိမ်ထောင်စုစာရင်းတွေကို စစ်တယ်။ ဆန်စက်ကို စစ်တယ်။ ကျွန်မတို့မှာ ဆန်ရောင်းဖို့ဆိုပြီး ဆန်တွေအများကြီး ရှိတယ်။ ကိုယ့်ဆန်တွေပါပဲ။ ဆန်အိတ်တွေ အများကြီးမြင်လို့ ခေါ်သွားတာ”ဟု ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း၏ သမီးဖြစ်သူ မစုလှိုင်ဦးက ပြောသည်။
စပါးထားကျေးရွာအတွင်း လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများဆောင်ရွက်စဉ် ဦးရဲကျော်ထွန်း၏နေအိမ်၌ AA အတွက် ရိက္ခာသိုလှောင်ထားသည့် ဆန်အိတ် ၈၀ ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း၏ မိသားစုဝင်များကမူ တပ်မတော်၏ ထုတ်ပြန်ချက်ကို ငြင်းဆိုထားပြီး AA နှင့် ပတ်သက်မှု မရှိကြောင်းပြောသည်။
“ဆန်ကိုမြင်တိုင်း အဲလို စွပ်စွဲလို့မရဘူး။ အဲဒီဆန်တွေ ကျွန်မတို့ဆန်တွေပဲ။ အဲဒါက မဟုတ်မမှန် စွပ်စွဲတာပဲ။ ကျွန်မတို့မှာ သက်သေပြလို့ရတယ်”ဟု မစုလှိုင်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်စည်ကုန်းကျေးရွာမှ ဆန်ကိုယ်စားလှယ် ဒေါ်သန်းစိန်နုဆိုသူက အမြဲလာရောက် ဝယ်ယူပြီး စစ်တွေမြို့ မိဘမေတ္တာ၊ စွမ်းပြည့်ဖြိုးဆန်ပွဲရုံများသို့ ပို့ပေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အောင်မြေကုန်းကျေးရွာမှ ဒေါ်သန်းစိန်နုကလည်း “ကျွန်မက စစ်တွေပွဲရုံတွေကို ပို့ပေးပါတယ်။ သူတို့မှာလည်း ပွဲရုံကို တင်တယ်။ သူတို့မှာ စရိတ်များတော့ ကျွန်မက အဖိုးအခယူပြီး ပို့တဲ့အခါ ပို့ပေးပါတယ်။ အခုဖမ်းပါသွားတဲ့ ဆန်အိတ်တွေက ပွဲရုံမှာ အဝယ်နည်းနေလို့ မပို့ဘဲ ထားထားတာပါ။ ပို့မယ်ဆိုပြီး ပွဲရုံကိုလည်း ဖုန်းဆက်လို့ ရှိတယ်” ဟု ပြောသည်။
ယခု ဖမ်းဆီးခံထားရသည့် ဆန်အိတ်များမှာ ဒေါ်သန်းစိန်နုမှတစ်ဆင့် စစ်တွေမြို့၊ ဆန်ပွဲရုံသို့တင်ပို့ရန် ပြောဆိုထားမှုရှိကြောင်း စွမ်းပြည့်ဖြိုးဆန်ပွဲရုံပိုင်ရှင် ဒေါ်ညိုမာက အတည်ပြုပြောဆိုသည်။
“သူတို့ ဆန်အိတ်တွေသွင်းဖို့ဆိုပြီးတော့ ပြောထားတာရှိတယ်။ ဟုတ်ပါတယ် သူတို့က အမြဲရောက်ပါတယ်။ တစ်ပတ်တစ်ခေါက်။ တစ်ပတ်နှစ်ခေါက်အဲလို။ သန်းစိန်နုဆိုရင် ဒီကဆန်တန်းက လူတွေတော်တော်များများလည်း သိပါတယ်။ သူက လုပ်စားတာလည်းကြာပြီဆိုတော့လေ။ သူတို့က ရိုးရိုးသားသားပါ” ဟု ဒေါ်ညိုမက ပြောသည်။
ဆန်စက်မှ ဆန်အိတ်များကိုလည်း တပ်မတော်က သိမ်းယူသွားပြီး လက်ရှိတွင် ဦးရဲကျော်ထွန်းကို မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရသောကြောင့် အသက်အန္တရာယ်နှင့်ပတ်သက်ပြီး စိုးရိမ်သည်ဟု သမီးဖြစ်သူက ဆက်ပြောသည်။
တပ်မတော်က ထုတ်ပြန်ရာတွင် ဖမ်းဆီးရမိသူနှင့် ဆန်အိတ်များကို စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း၏ ဦးလေးတော်စပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ယနေ့တွင် မေးမြန်းစရာရှိသည်ဆိုကာ တပ်မတော်စစ်ကြောင်းက ခေါ်ယူသွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ မစိုးစိုးက ပြောသည်။
“ဗိုလ်ကြီးလား၊ ဗိုလ်လေးလားတော့ မသိဘူး၊ ကျွန်မတို့ရှေ့က ပြောတယ်။ အုပ်ချုပ်ရေးမှူး ခဏလေးလိုက်လို့ရမလားလို့ ပြောပါတယ်။ (ကျွန်မတို့တော့) အိမ်ပြင်ကိုလို့ ထင်တယ်။ ပြီးတော့ စစ်တွေကို ခဏသွားမယ်လို့ပြောတယ်။ အဲ့တော့ ကျွန်မအဖေလိုက်သွားတယ်။ စိတ်ထဲမှာတော့ စိုးရိမ်နေတယ်။ ဘာတွေဖြစ်မလဲ မသိသေးဘူး” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်မှုမြင့်မားနေသည့်အတွက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ရန် လိုလားလျက်ရှိသည်။ လတ်တလော၌ ကြီးကြီးမားမား တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိမှုများ ရှိနေသည်။
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းခံရသည့် AA နှင့် တိုက်ပွဲများ ဖြစ်ပွားနေရာ ရခိုင်ပြည်နယ်မှလွဲ၍ ကျန်နယ်မြေများတွင် စက်တင်ဘာ ၁ မှ ၃၀ အထိ အပစ်ရပ်စဲထားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ကြေညာထားသည်။
ထို့အတူ AA ပါဝင်သည့် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကလည်း စက်တင်ဘာ ၁ မှ နိုဝင်ဘာ ၉ အထိ အပစ်ရပ်စဲထားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။ ယင်းကာလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိလာပါက ခုခံစစ်အနေဖြင့်သာ တုံ့ပြန်တိုက်ခိုက်သွားမည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။