စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပျော်ဘွယ်ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး ၁၃ ဦး ဒဏ်ရာရကာ တစ်ဦးမှာ ယနေ့ (အောက်တိုဘာ ၂၀) နံနက်က သေဆုံးသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဒီပဲယင်းမြို့နှင့် ကပ်လျက် အဆိုပါကျေးရွာတွင် ညအိပ်တပ်စွဲသွားသော စစ်ကောင်စီတပ် ယမန်နေ့ နံနက် ပြန်အထွက်တွင် ရွာကို မီးရှို့သွားကြောင်း၊ နေ့လယ်ပိုင်းတွင် ဒေသခံများ ရွာအတွင်း ပြန်ဝင်စဉ် အဆိုပါ စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
လက်နက်ကြီးကျည် ၄ လုံး ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်သူ များပြားခြင်း ဖြစ်သည်၊ ဒဏ်ရာပြင်းထန်သူ အမျိုးသားတစ်ဦး ယနေ့ နံနက်က ဆုံးပါးသွားသည်ဟု ဒီပဲယင်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးက (လူတွေအပေါ်) တည့်တည့်ကျတယ်လို့ ပြောရမှာပေါ့ဗျာ။ အဲ့ဒါကြောင့် ထိခိုက်မှုတွေ ဖြစ်ခဲ့ရတယ်” ဟု သူက ဆိုသည်။
ထိခိုက်ဒဏ်ရာရသူများ၏ အသက်အရွယ်နှင့် အခြေအနေအသေးစိတ် မသိရသေးပေ။
ပစ်ခတ်သွားသည့် ထိုစစ်ကြောင်းသည် အောက်တိုဘာ ၁၈ ရက်တွင် ရေဦးမြို့မှ စတင်ထွက်လာခြင်း ဖြစ်သည်၊ ဒီပဲယင်းဘက်သို့ ကူးလာရာလမ်းတစ်လျှောက် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပျော်ဘွယ်ရွာကို လက်နက်ကြီးနှင့် ပစ်ခတ်ပြီးနောက် ဒီပဲယင်းမြို့ပေါ်သို့ ရောက်ရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ထိုစစ်ကြောင်းရန်ကြောင့် မြို့အနီးတစ်ဝိုက်ကျေးရွာများမှ ဒေသခံတို့ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲဖြစ်ပြီး တချို့မှာ ရှောင်တိမ်းရန် ပြင်ဆင်နေကြသည်။
ဒီပဲယင်းမြို့နယ်တောင်ခြမ်း ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက အဆိုပါစစ်ကြောင်း ထပ်မံလှုပ်ရှားခြင်း မရှိသေးကြောင်း ပြောသည်။
“ခုလောလောဆယ်တော့ ငြိမ်နေသေးတယ်။ နှစ်ရက်ရှိပြီပေါ့ဗျာ၊ ရေဦးဘက်က ထွက်လာကတည်းက ကျွန်တော်တို့လည်း ကောင်းကောင်းမွန်မွန်မနေရဘူး။ အထုပ်အပိုးပြင်ထားရတယ်။ အမြဲတမ်း နားစွင့်နေရတာ“ ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်နေကြသည့်အနက် နှစ်ပေါင်းများစွာ သေနတ်သံ တိတ်ခဲ့သည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းသည် လက်နက်ကိုင်ပင်မမျက်နှာစာတစ်ခုဖြစ်လာသည်။
ရေဘို၊ ရေဦး၊ ဘုတလင်၊ ကနီတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒီပဲယင်းမြို့သည်လည်း လက်နက်ကိုင် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းပြီး စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၀,၃၂၄ လုံး ပျက်စီးခဲ့ရသည့်အနက် စစ်ကိုင်းတိုင်းမှ ၅၃၈၁၆ လုံး ပါဝင်ကြောင်း အချက်အလက်များ ကောက်ယူပြုစုနေသည့် Data for Myanmar အဖွဲ့၏ ယခုနှစ် ဩဂုတ်လ ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက်မှု ရပ်တန့်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်းက တောင်းဆိုနေသော်လည်း စစ်ကောင်စီက ပြည်တွင်းရေး ဝင်မစွက်ရန် တုံ့ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)