
ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့များ လွယ်လင့်တကူ မတိုက်ခိုက်နိုင်ရန် ဆင်နှင့်အရပ်သား များကို အကာအကွယ်ယူ လှုပ်ရှားနေသည်ဟု စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၁၅ ရက်နေ့မှ ၁၇ ရက်အတွင်း နတ်တလင်းမြို့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ ပဲခူးရိုးမပေါ်ရှိ ကျေးရွာများကို ရောက်လာသည့် စစ်ကောင်စီတပ်က ထိုသို့ ပြုမူနေခြင်းဖြစ်ကြောင်း ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြောခွင့်ရ ကိုဝေယံက ပြောသည်။
သစ်ထုတ်လုပ်ရေး ဆင်ဝိုင်းရှိသည့် ညံလယ်ရွာမှ ဆင် ၂၀ခန့်၊ ဆင်ထိန်းဝန်ထမ်းနှင့် မိသားစုဝင် ၁၀၀ ခန့်ကို စစ်ကြောင်းနှင့်အတူ စစ်ကောင်စီက ခေါ်ဆောင်လာခြင်း ဖြစ်ရာ ကြားဖြတ်တိုက်ခိုက်ရန် ချိန်ဆနေရ၍ အခက်တွေ့နေသည်ဟု ၎င်းက ပြောသည်။
“စစ်ကြောင်း ဝင်နေတာ သုံးလေးရက်ရှိနေပြီ။ကျွန်တော်တို့ဘက်က မိုင်းဆွဲတယ်။ စနိုက်ပါနဲ့ ချောင်းပစ်တယ်။ အခုလက်ရှိတော့ အဲ့ဒီစစ်ကြောင်းက (နတ်တလင်းမြို့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာ) ညံလယ်ရွာ အနီးတဝိုက်မှာပဲ ရှိနေတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ကို ညံလယ်ရွာအနီးတွင် သာယာဝတီ ခရိုင် PDF တပ်ရင်း-၃၈၀၁ Phoenix D F တပ်ခွဲ (၂) က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၆ဦးထက်မနည်းသေကာ ထိခိုက်ဒဏ်ရာရသွားသည် ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။ တိုက်ခိုက်မှုအတွင်း စစ်သားသေဆုံးဒဏ်ရာရမှု၊ ဆင်နှင့် အရပ်သားဝန်ထမ်း ထိခိုက်မှုများနှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ ထိုဒေသသို့ ရောက် နေသည့် စစ်ကောင်စီ အင်အားကိုလည်း မသိရသေးပေ။
ပဲခူးရိုးမရှိရာ သာယာဝတီခရိုင်အတွင်း ၁၀ နှစ်ကျော်ကြာ မီးသွေးလုပ်ငန်း လုပ်ကိုင်နေထိုင်သူ အမျိုးသားတစ်ဦးက “ဆင်ဝိုင်း မိသားစုတွေ ဆိုတာ ဒေသခံတွေကိုပဲ နေစရာပေးပြီး (သစ်တောဌာနကခန့်) ထားတာ၊ အတော်နွမ်းပါးတဲ့ သူမျိုးတွေပါ”ဟု ပြောသည်။

တောတောင်ထူထပ်သည့် ပဲခူးရိုးမ စစ်ဆင်ရေးများတွင် စစ်တပ်က ယခင်ကပင် ဆင်၊ ဆင်ဦးစီးနှင့် အရပ်သားများကို ဝန်စည်သယ်ဆောင်ရန်၊ လမ်းပြရန် သုံးလေ့ရှိကြောင်း အသက် ၆၀ ကျော်အရွယ် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦးက ဆိုသည်။
“စစ်ကြောင်းမှာ မိသားစုဝင်တွေကို ခေါ်တာမျိုးတော့ မတွေ့ဖူးဘူး။ ဆင်နဲ့ ဆင်ဦးစီးတွေကို လိုအပ်ရင် ခေါ်ပြီး လမ်းပြအနေနဲ့ သုံးတာတော့ ဟိုးအရင်ကတည်းက ရှိတယ်” ဟု ထိုအမျိုးသားက ပြောသည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ ဒေသများ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်းကြောင့် စစ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ နေထိုင်ခြင်း၊ ခရီးအတူသွားလာခြင်း၊ အဆက်သွယ်ပြုခြင်းတို့ကို ရှောင်ရှားရန် ဒေသခံလူထုကို ထိုဒေသအခြေစိုက် တော်လှန်ရေး အင်အားစုက Facebook စာမျက်နှာတွင် အောက်တိုဘာ ၁၆ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးထားသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံတော်လှန်နေဆဲဖြစ်သည်။ နေပြည်တော်နှင့် လက် တကမ်းဖြစ်ပြီး လွတ်လပ်ရေးရပြီးကတည်းက တော်လှန်ရေးဗဟိုချက်မဖြစ်ခဲ့သည့် ပဲခူးရိုးမတဝိုက် ကို စိုးမိုးနိုင်ရန် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ ကြိုးပမ်းနေကြသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။