သတင်း

တနင်္သာရီတွင် စစ်ကောင်စီတပ်က PDF အဖြစ် အသွင်ယူ စစ်ကြောင်းထိုး

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်က တော်လှန်ရေးသမားအသွင်ယူကာ စစ်ကြောင်းထိုးနေသည်ကို တွေ့ရသည်ဟု သိရသည်။

မြန်မာပြည်တောင်ဘက် တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်သားများက ဒေသကာကွယ်ရေးအဖွဲ့ PDF များအဖြစ် အသွင်ယူ စစ်ကြောင်းထိုးနေပြီး တန်ပြန်ပြောက်ကျားတိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်ဟု တနင်္သာရီတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်များက ပြောသည်။

တိုင်းအတွင်းရှိ ပြည်ထောင်စုလမ်းမကြီး (ရန်ကုန်-မော်လမြိုင်-ထားဝယ်-ကော့သောင်းလမ်းမကြီး) ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်က သွားလာရာတွင် တော်လှန်ရေးတပ်ဖွဲ့များကဲ့သို့ ဝတ်ဆင်သလို တော်လှန်ရေးသမားများ ကိုင်ဆောင်သည့် လက်နက်မျိုးလည်း ကိုင်ဆောင်လာကြသည်ဟု ဒေသတွင်း တော်လှန်ရေးသမားတစ်ဦးက ဆိုသည်။

ဒေသတွင်း တော်လှန်ရေးအဖွဲ့များမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံများ ဖြစ်သော်လည်း ပုံမှားရိုက်ရ လွယ်ကူနေသည်ဟု သူက ဆက်ပြောသည်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို အသွင်ဆောင်ပြီး လုပ်ကြတယ်။ ကျွန်တော်တို့ဘက်မှာက အဖွဲ့တွေကလည်း အကုန်လုံးက NUG အောက်မှာ ရှိနေကြပြီးတော့ ယူနီဖောင်း မဖြစ်တဲ့ အခါကျတော့ ဒီအပေါ်မှာ ပုံမှားရိုက်ပြီးတော့ တန်ပြန်ပြောက်ကျားအဖြစ် ဆောင်ရွက်လာတဲ့ အနေအထားမျိုးရှိတယ်” ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ခံ ရဲဘော်ဇီဝက ယနေ့ (အောက်တိုဘာ ၁၈) တွင် ပြောသည်။

“လတ်တလော အနေအထားမှာတော့ ရန်သူက တောက်လျှောက်ဖိနေတော့ စစ်အရှိန်တက်လာတဲ့ သဘောမျိုးရှိတယ်။ ဒီဘက်က လျှော့ပေးထားတဲ့ အနေအထားမျိုး ဖြစ်နေတယ်”

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး အောက်တိုဘာ ၁၇ နံနက်ပိုင်းက ထားဝယ်ခရိုင် သရက်ချောင်းတိုက်နယ် (ရငဲကျေးရွာနှင့် ကတွဲကျေးရွာကြား) တွင် အင်အား ၅၀ ကျော်သည့် စစ်တပ်ကို ဒေသခံတပ်များက မိုင်းခွဲ တိုက်ခိုက်ခဲ့သည်။

မဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် ထားဝယ်ခရိုင် တပ်ရင်း ၂၊ သရက်ချောင်းမြို့နယ် ပ.က.ဖ တို့နှင့် ပူးပေါင်းပြီး ထိုသို့ တိုက်ခိုက်ရာ တိုက်ပွဲအပြီးတွင် စစ်တပ်က ရငဲကျေးရွာရှိ နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့၏ တာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ PDF အဖွဲ့တွေ အဲဒီမှာ ရှိနိုင်တယ်လို့ ယူဆပြီးတော့ မီးရှို့တာ ဖြစ်မှာပေါ့။ တိုက်ပွဲဖြစ်ပြီးတော့ အဲဒီနားမှာ ဖြစ်တာဆိုတော့ အဲဒီနားက အိမ်တွေကို မီးရှို့သွားတဲ့ သဘောမျိုးပါပဲ” ဟု သူက ပြောသည်။

ရငဲကျေးရွာမှ ဦးမြင့်စိုးနှင့် ဦးလင်းလင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်ပြီး အကူအညီပေးနေသည်ဟု စွပ်စွဲကာ ၎င်းတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုနေ့က တိုက်ပွဲအစတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ အရာရှိတစ်ဦးနှင့် ရဲဘော် ၁၀ ဦး သေဆုံးသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသော်လည်း Myanmar Now က သီးခြား အတည်မပြုနိုင်ပေ။

ထို့ပြင် စစ်ကောင်စီက တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ ပြည်ထောင်စုလမ်းမတစ်လျှောက်တွင်လည်း စစ်ကြောင်းထိုးနေပြီး ပလောက်မြို့ ကြဲကျေးရွာရှိ လူနာတင်ယာဉ် ၂ စင်းကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့သည်၊ ဆန်နှင့် ဓာတ်ဆီ ဝယ်ယူခွင့်ကိုလည်း စစ်တပ်က ပိတ်ဆို့ထားသည်ဟု မြိတ်ခရိုင် တပ်ရင်း (၁) တာဝန်ရှိသူက ပြောသည်။

“ဆန်ဝယ်ယူခွင့် ပိတ်တာတို့ ဓာတ်ဆီနဲ့ ပတ်သက်ပြီး ဝယ်ယူခွင့် ပိတ်ပင်တာမျိုးတို့ လုပ်နေတယ်။ တစ်မြို့နယ်လုံးပဲ။ အဓိကကတော့ အုပ်ချုပ်ရေးမှူးတွေကနေပြီးတော့ ဒါကို ဝယ်ယူခွင့်မပေးဘူး။ ဆိုင်တွေမှာ တင်ပြီးတော့ ရောင်းချခွင့် ပိတ်ထားတာ။ သူတို့ အဓိက ကန့်သတ်တာကတော့ ဆန်နဲ့ ဓာတ်ဆီပေါ့” ဟု ၎င်းက ဆက်ပြောသည်။

မည်သည့်အတွက်ကြောင့် ထိုစက်သုံးဆီနှင့် ဆန်ဝယ်ယူမှုကန့်သတ်သည်ကို မသိရသေးပေ။

အောက်တိုဘာ ၁၄ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီ စခန်းကုန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးသည်၊ အရာရှိ ၁ ဦးနှင့် ပြည်သူ့စစ် ၂ ဦး ဒဏ်ရာရခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။

ထိုနေ့တွင်ပင် တနင်္သာရီမြို့နယ် တမုတ်ခြုံကျေးရွာတွင် တပ်စွဲထားသည့် တပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု တနင်္သာရီစစ်ဌာန- ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button