
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာတွင် ယခုလ ၁၃ ရက်နေ့က သိုးကျောင်းသားနှစ်ဦး ပစ်သတ်ခံရပြီး ပျူစောထီးလက်ချက်ဟု ဒေသခံတို့က ယူဆသည်။
စစ်ကိုင်းမြို့အနောက်မြောက်ဘက် မိုင်နှစ်ဆယ်ခန့်အကွာ မန္တလေး-ရွှေဘို ကားလမ်းအနီးရှိ လင်းတလူးရွာမှ အသက် ၅၀ အရွယ် ဦးမြင့်ကျော်နှင့် အသက် ၄၀ အရွယ် ဦးမိုးဆန်းဦးတို့ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ ထိုနေ့ညနေပိုင်းတွင် ရွာအနီးမှ တောထဲသို့ သိုးကျောင်းရန် ထွက်ခွာသွားခြင်းဖြစ်ပြီး မှောင်ရီပျိုးချိန်တွင် မူလနေရာသို့ သိုးအုပ်သာ ပြန်ရောက်လာကြောင်း၊ သတ်ဖြတ်ခံလိုက်ရပြီဟု သတင်းထွက်သဖြင့် နောက်တစ်ရက် (အောက်တိုဘာ ၁၄) နံနက်တွင် လိုက်လံရှာဖွေရာ အလောင်းသာ ပြန်ရသည်ဟု ဒေသခံသတင်းရင်းမြစ်နှစ်ဦးက ပြောသည်။
“သိုးအုပ်က ပြန်လာပြီး လူတွေက ပြန်မလာတော့မှ နောက်နေ့မှာ သတင်းက ထွက်လာတာပေါ့။ အဲဒီလိုမျိုး အသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်း ထွက်လာတာပေါ့။ အဲ့ဒီတော့မှ ရွာကနေပြီး (အလောင်း) သွားကောက်ကြတာပေါ့” ဟု လင်းတလူးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
မျက်နှာတွင် ကျည်ဖောက်ဝင်ဒဏ်ရာများ ရထားသည့် ဦးမြင့်ကျော်နှင့် ဦးမိုးဆန်းဦးတို့ အလောင်းများကို လင်းတလူးရွာအနောက်ဘက် ၆ မိုင်ကျော်အကွာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ အားကောင်းရာ ကြွယ်ပုံရွာအနီးတွင် တွေ့သည်ဟု သိရသည်။
“သူတို့မဖြစ်ခင် တစ်ရက် အောက်တိုဘာ ၁၂ လောက်က (စစ်ကောင်စီကို တော်လှန်ရေးသမားများက) မိုင်းဆွဲထားတယ်လို့ ပြောသံကြားတယ်ဗျ။ မိုင်းဆွဲထားတဲ့နေရာကို မသိတာနေမှာပေါ့။ မိုင်းကွင်းခေါ်မှာပေါ့။ မိုင်းကွင်းနဲ့ နည်းနည်းနီးသွားတယ် ထင်တယ်။ နီးသွားတော့ မသင်္ကာတာနဲ့ ပစ်သွားတာနေမှာပေါ့” ဟု အထက်ပါရွာခံက ပြောသည်။
ပစ်ခတ်သူမည်သူမည်ဝါဖြစ်သည်ကို အတိအကျမသိသော်လည်း ညနေ ၄ နာရီခန့်တွင် သေနက်သံများ ကြားလိုက်ရသည်ဟု လင်းတလူးရွာမှ အခြားသိုးကျောင်းသားများက ပြန်လည်ပြောပြကြကြောင်း၊ အလောင်းတွေ့ရှိသည့်နေရာသည် ပျူစောထီးအားကောင်းသည့် ကြွယ်ပုံရွာအနီးဖြစ်၍ စစ်ကောင်စီ လက်ချက်ဖြစ်နိုင်ကြောင်း ထိုသူက ဆက်ပြောသည်။ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးကလည်း ထိုသို့ပင် ယူဆသည်။
လင်းတလူးရွာမှ သိုးကျောင်းသားလေးဦးကို လင်းတလူးနှင့် ကြွယ်ပုံအစပ် တောတွင်းတစ်နေရာတွင် ပျူစောထီးတို့က လိုက်လံဖမ်းဆီးခဲ့ရာ နှစ်ဦးလွတ်မြောက်ပြီး နှစ်ဦးဖမ်းဆီးခံရကြောင်း၊ ဖမ်းခံရသူ အထက်ပါ နှစ်ဦး သေနတ်ဖြင့် လေးချက်ပစ်သတ်ခံခဲ့ရကြောင်း စစ်ကိုင်းမြို့ခံက ဆိုသည်။
သေဆုံးသူနှစ်ဦးမှာ တော်လှန်ရေးနှင့် ပတ်သက်မှု မရှိကြောင်း၊ ဦးမြင့်ကျော်က သိုးမွေးသည့် လုပ်ငန်းကို ဇောက်ချလုပ်ကိုင်ကာ ဦးမိုးဆန်းဦးက သိုးမွေးခြင်းအပြင် ထန်းတက်သမားတစ်ဦးအဖြစ်ပါ အသက်မွေးကျောင်းနေသူဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။
ရုပ်အလောင်းများကို အောက်တိုဘာ ၁၄ ညနေပိုင်းတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီး ဦးမြင့်ကျော်တွင် သားသမီး ၆ ဦး၊ ဦးမိုးဆန်းဦးတွင် လသားအရွယ် ကလေးတစ်ဦးအပါဝင် သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

ပျူစောထီးအားကောင်းသည့် ကြွယ်ပုံရွာသည် စစ်ကိုင်းမြို့အနောက်မြောက်ဘက် မူးမြစ်ကမ်းအနီးတွင် တည်ရှိသည်။ ၂၀၂၁ တွင် စစ်အာဏာသိမ်းပြီး တစ်နှစ်နီးပါးအတွင်း တော်လှန်ရေးလှုပ်ရှားမှုများ အားကောင်းလာချိန်တွင် ကြွယ်ပုံရွာတွင် စစ်တပ်က အထိုင်ချတပ်စွဲထားကာ ဒေသခံပျူစောထီးများနှင့် ပူးပေါင်း၍ တော်လှန်ရေး လှုပ်ရှားမှုများ အားကောင်းသော စစ်ကိုင်းမြို့နယ်အတွင်းမှ ရွာနီးချုပ်စပ်ကျေးရွာများကို မကြာခဏ ဝင်မွှေလေ့ရှိသည်။
ကြွယ်ပုံကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်နှင့် ပျူစောထီးများသည် ရွာချင်းကပ်နေသော ဒီပဲယင်းကွဲကျေးရွာကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ရွာဦးကျောင်းမှ ဆရာတော်တစ်ပါးနှင့် အရပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ယခုနှစ် ၂၀၂၃ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ကြွယ်ပုံရွာဘောလုံးကွင်းမှ စစ်တပ်က ပစ်ခတ်သည်ဟု ဒေသခံတို့က ယူဆသည့် လက်နက်ကြီးကျည်ကြောင့် မူးမြစ်တစ်ဖက်ကမ်း မြင်းမူနယ် ဂုံညင်းဆိပ် ကျေးရွာမှ အသက် ၇ နှစ်အရွယ် မအိအိချွန်ဆိုသူ ကလေးငယ်တစ်ဦး လက်နက်ကြီးစ မှန်ကာ ဘယ်ဘက်မျက်လုံး ပေါက်ထွက်ခဲ့ပြီး အခြားနှစ်ဦးလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။
ထိုဒေသတွင်း အခြေစိုက်သည့် တော်လှန်ရေးအဖွဲ့များကလည်း ကြွယ်ပုံရွာကို ပြောက်ကျားတိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)