
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးသတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားဖြန့်ဝေမှု နေ့စဉ်ရက်ဆက်များပြားလာသည့်နည်းတူ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲအကြို လူမှုကွန်ရက်ပေါ်လှုပ်ရှားမှုများလည်း ပြင်းထန်လာသည်။
၂၀၂၀ ဇွန်လအထိ မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်အသုံးပြုသူ ၂၅ သန်း ရှိခဲ့ရာမှ ဇူလိုင်တွင် ၂၈ သန်းအထိ ရှိလာရာ တစ်လအတွင်း သုံးသန်းခန့် မြင့်တက်လာသည်ကို တွေ့ရသည်။ တစ်ရှိန်ထိုးတက်လာသည့် လူမှုကွန်ရက်အသုံးပြုသူများကြား ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ သတင်းတု၊ သတင်းမှားနှင့် အမုန်းစကား ဖြန့်ဝေမှုက မြန်မာနိုင်ငံတွင် ရှိရင်းစွဲ ဒီဂျစ်တယ်အသိပညာနှင့် သတင်းအချက်အလက်အမှန်စစ်ဆေးနိုင်စွမ်း အားနည်းမှုအတွက် ထပ်ဆင့်စိန်ခေါ်မှု ဖြစ်နေသည်။
Facebook ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတည်ငြိမ်ရေးအတွက် သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကား တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်ဆိုသော်လည်း Facebook ထံ ကြော်ငြာခပေး၍ ထိုသို့သောအကြောင်းအရာများ ဖြန့်ဝေနေသည့် National News Network အမည်ရှိ Facebook စာမျက်နှာတစ်ခုကို Myanmar Now က တွေ့ရှိထားသည်။
Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ National News Network သည် စာမျက်နှာ စတင်ဖွင့်လှစ်သည့် ၂၀၂၀ ဧပြီ ၁၆ မှ ဩဂုတ် ၁၉ အထိ လေးလအတွင်း ပို့စ် (Post) ပေါင်း ၇၀၀ ကျော် တင်ခဲ့သည်။ ယင်းတို့အနက် ပို့စ် ၅၇၀ ကျော်မှာ ဩဂုတ်လအတွင်း တင်ခဲ့ခြင်းဖြစ်ရာ တစ်ရက်လျှင် ပျမ်းမျှ ပို့စ် ၃၀ ခန့် ရှိသည်။
ဇူလိုင်လအတွင်း ပို့စ် ၁၅၀ ကျော်တင်ခဲ့ပြီး ယင်းတို့အနက် အနည်းဆုံး ပို့စ် ၄၃ ခုမှာ Facebook ကို အခပေးကြော်ငြာ ထားသည်။ ယင်းအခပေးပို့စ်အများစုမှာလည်း နိုင်ငံရေးသတင်းတုနှင့် အမုန်းစကားများ ပါဝင်သည်။
လူကြည့်များစေရန် Facebook ကို ငွေပေးတင်သည့် နိုင်ငံရေးသတင်းတုတစ်ခုမှာ “NLD အစိုးရလက်ထက်တွင် ပယ်ဖျက်ခဲ့သည့် ဥပဒေ ၇ ခု” ဆိုသည့် အကြောင်းအရာဖြစ်သည်။ အဆိုပါပို့စ်မှာ အမှန်နှင့်အမှား ရောထွေးထားခြင်းဖြစ်ပြီး လူအများကို အဓိပ္ပာယ်ကောက်ယူမှုလွဲစေရန် လှည့်စားထားသည်။

ပယ်ဖျက်ခဲ့သည်ဟုဖော်ပြထားသည့် ဥပဒေ ၇ ခု အနက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဥပဒေ၊ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့်ဥပဒေများမှာ ပယ်ဖျက်ခဲ့ခြင်းမဟုတ်ဘဲ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် နယ်ခြားစောင့်စစ်ဆေးရေးဥပဒေနှင့် နောက်ယောင်ခံစောင့်ကြည့်ရေးဥပဒေဆိုသည့် ဥပဒေများမှာလည်း မရှိပေ။ နောက်ယောင်ခံစောင့်ကြည့်မှုကို ကန့်သတ်သည့် “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ” ကိုသာ ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် အဆိုပါအကြောင်းအရာသည် လူအများ အဓိပ္ပာယ်ကောက်ယူမှုလွဲမှားစေရန် ပုံဖျက်ထားသည့်သတင်းဖြစ်သည်။
Facebook ကို ငွေပေးကာ တင်ထားသည့်အကြောင်းအရာများထဲတွင် အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့ ကျင်းပမှုကို ဆန့်ကျင်သည့် အကြောင်းအရာ အနည်းဆုံးသုံးခုအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်လာသည့် ဒေါ်ဝင်းမြမြနှင့် ပတ်သက်၍လည်း ဘာသာရေးခွဲခြား တိုက်ခိုက်သည့် အကြောင်းအရာများလည်း ပါဝင်သည်။
National News Network စာမျက်နှာက ပုံမှန်တင်သည့် အကြောင်းအရာများတွင်လည်း သတင်းတုများ အစဉ်ဖြန့်ဝေလေ့ရှိသည့် “Nay Thurain” အကောင့်၊ NLD ကို တိုက်ခိုက်သည့် သတင်းတုများဖြန့်ဝေရာတွင် သုံးသည့် သတင်းဌာနအယောင်ဆောင် Radio Free Myanmar (RFM) တို့၏ screenshot သတင်းတုများ ပါဝင်သည်။ ထို့အပြင် ဗုဒ္ဓဘာသာမဟုတ်သူများကို မဲမပေးရန် လှုံ့ဆော်ရေးသားမှုများလည်းရှိနေသည်။

ယင်းကဲ့သို့ သတင်းတုနှင့် အမုန်းစကားများ အခပေးဖြန့်ဝေနေမှုနှင့် ပတ်သက်၍ Myanmar Now က Facebook ထံ ဆက်သွယ်မေးမြန်းခဲ့သည်။
မြန်မာနိုင်ငံရွေးကောက်ပွဲကို Facebook ပလက်ဖောင်းပေါ်မှာ သမာသမတ်ရှိစွာ ကျင်းပနိုင်ရေးအတွက် အန္တရာယ်ရှိသည့်အကြောင်းအရာများကို အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး သတင်းမှားပျံ့နှံ့မှုများကို လျှော့ချနိုင်ရန်၊ ခြိမ်းခြောက်မှုများကို ရှာဖွေတားဆီးနိုင်ရန် ကြိုးစားလုပ်ဆောင်နေသည်ဟု Facebook က အကြောင်းပြန်သည်။
“National News Network စာမျက်နှာကို လက်ရှိစီမံခန့်ခွဲနေတဲ့ အကောင့်တွေ စစ်မှန်မှုရှိမရှိ ဆိုတာ အတည်ပြုစစ်ဆေးအပြီးမှာ ကျွန်တော်တို့ Facebook ကနေ ဒီစာမျက်နှာကို ဖယ်ရှားခဲ့ပါတယ်” ဟု Facebook ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို အီးမေးမှတစ်ဆင့် ဖြေကြားခဲ့သည်။
သို့သော်လည်း ယင်းစာမျက်နှာကို စီမံခန့်ခွဲနေသည့် အကောင့်များအနက် အချို့ကိုသာ အရေးယူနိုင်ခဲ့ပြီး ကျန်အချို့မှာ Facebook က တောင်းခံသည့် အချက်အလက်များကို တင်ပြနိုင်သည့်အတွက် အဆိုပါစာမျက်နှာမှာ ပြန်လည်အသက်ဝင်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါစာမျက်နှာသည် သတင်းတုများကို ဆက်လက်ဖြန့်ဝေနေဆဲဖြစ်သည်။ ထို့အပြင် Facebook က သတင်းတု သတင်းမှားများကို ဖယ်ရှားသည်ဆိုသော်လည်း ယင်းကဲ့သို့သော အကြောင်းအရာများမှာ အခပေးကြော်ငြာထားသည့်အတွက် ခဏတာအချိန်အတွင်း လူမှုကွန်ရက်သုံးစွဲသူ အများအပြားထံ ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။
ထို့အပြင် အဆိုပါ National News Network စာမျက်နှာသည် နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ Facebook ကြော်ငြာများ အသုံးပြုခွင့်ရသည်ကိုလည်း တွေ့ရသည်။ နိုင်ငံရေးကြော်ငြာ ၃ ခုတင်ထားသည်ကိုတွေ့ရပြီး ငွေကြေးအနေဖြင့် ကြော်ငြာတစ်ခုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ဒေါ်လာ ၃၀၀ (မြန်မာငွေကျပ် ၄ သိန်းခွဲခန့်) အသုံးပြုထားသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော လူဦးရေများသည့် မြို့ကြီးများနှင့် ၁၈-၃၄ အရွယ် လူငယ်များကို အဓိကရည်ရွယ်ထားကာ Facebook အသုံးပြုသူတစ်သန်းထံ အဆိုပါပို့စ် ရောက်ရှိရန် ပြုလုပ်ထားသည်။
နိုင်ငံရေးကြော်ငြာအတွက် အသုံးပြုသည့် ငွေကြေးပမာဏကိုသာ လူအများက ကြည့်ရှုနိုင်သည့်အတွက် Natioanl News Network စာမျက်နှာ၏ငွေကြေးအသုံးပြုမှုတွင် နိုင်ငံရေးကြော်ငြာအဖြစ်ခွင့်ပြုထားသည့် ကြော်ငြာများ၏ငွေကြေးကိုသာ သိရပြီး ကျန်ရှိသည့် ကြော်ငြာ ၄၀ ကျော်တွင် ငွေကြေးမည်မျှအသုံးပြုသည်ကိုမူ မသိနိုင်ပေ။

Facebook ပေါ် နိုင်ငံရေးကြော်ငြာများကို အသုံးပြုပါက ငွေကြေးအသုံးပြုသူသည် မည်သည့်အဖွဲ့အစည်း မည်သူဖြစ်သည်ဆိုသည်ကို အရင်ဆုံးအတည်ပြုရန် လိုသည်ဟု Facebook က မူဝါဒထားရှိထားသည်။ သို့သော် National News Network Page သည် Page နာမည်အဖြစ်သာသိရပြီး မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ဖြစ်သည်ကို ပွင့်လင်းမြင်သာမှု မရှိပေ။
ဤကဲ့သို့ Facebook ၏ အငြင်းပွားဖွယ်ရာ ကြော်ငြာပွင့်လင်းမြင်သာမှုဆိုင်ရာအခြေအနေနှင့်ပတ်သက်၍ Myanmar Now က Facebook ကို မေးမြန်းခဲ့သော်လည်း မဖြေကြားခဲ့ပေ။
သတင်းမှားနှင့် အမုန်းစကားများကို Facebook တွင် ထိုသို့ အခပေးကြော်ငြာနေသည်ကို မြင်နေရသည့်အတွက် Facebook အနေဖြင့် သတင်းတုနှင့် အမုန်းစကားများကို ကြော်ငြာခယူ လက်ခံနေသလားဟု မေးခွန်းထုတ်စရာဖြစ်နေကြောင်း လူမှုကွန်ရက်ပေါ် သတင်းမှားများနှင့်ပတ်သက်ပြီး အချက်အလက်စစ်ဆေးသည့် “ဟုတ်တယ် vs မဟုတ်ဘူး” အဖွဲ့၏ အချက်အလက်စစ်ဆေးသူ ကိုသက်မင်းက ပြောသည်။
“နိုင်ငံရေးကြော်ငြာမဟုတ်တဲ့ တခြားရိုးရိုးတန်းတန်းကြော်ငြာတွေမှာ အမုန်းစကားနဲ့ သတင်းမှားတွေပါတယ်၊ လူနည်းစု မွတ်စလင်တွေကို တိုက်ခိုက်ထားတာပါတယ်၊ လူနည်းစု မွတ်စလင်အရေးကို NLD အစိုးရက လုပ်ဆောင်တော့မယ်ဆိုပြီးတော့ သတင်းမှားတွေနဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေပါတယ်။ အဲ့ဒီလိုမျိုး Post တွေက သုံးလေးခုထက်မနည်းတွေ့ရတယ်။ အဲ့ဒါတွေကို ကြော်ငြာအဖြစ် လက်ခံထားတာကို တွေ့ရတယ်” ဟု ကိုသက်မင်းက ပြောသည်။
သတင်းတုနှင့် အမုန်းစကားများကို ထိရောက်စွာထိန်းချုပ်နိုင်ရန် Facebook သည် မြန်မာနိုင်ငံ ပြည်တွင်းနောက်ခံ အခြေခံအကြောင်းအရာ၊ စကားလုံးအသုံးအနှုန်းနှင့် ရည်ရွယ်ချက်များကို နားလည်နိုင်သူများက စောင့်ကြည့်သင့်သည်ဟု လူမှုကွန်ရက်ဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည့် Myanmar ICT for Development Organization (MIDO) ၏ စီမံကိန်းဒါရိုက်တာ မဖြူဖြူသီက ပြောသည်။
လက်ရှိအတိုင်းသွားမည်ဆိုပါက Facebook မျှော်လင့်ထားသည့် ရလဒ်ကောင်းများ မရနိုင်ဟုလည်း ၎င်းက ဆိုသည်။
“သူတို့ပလက်ဖောင်းပေါ်မှာ လုပ်ဆောင်နေတယ်ဆိုရင် ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ တိတိကျကျပြောဖို့လိုပါတယ်။ ဒီအတိုင်းသွားမယ်ဆို ခုတ်ရာတခြား ရှရာတစ်လွဲ မဖြစ်ဖို့ အရေးကြီးတယ်” ဟု မဖြူဖြူသီက ပြောသည်။