သတင်း

ဘုတလင်တပ်ဂိတ်ကို ဝင်တိုက်စဉ် CDM စစ်သားတစ်ဦး သေဆုံး

အောက်တိုဘာ ၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်သည့်  ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် ကိုဇော်ဇော်အောင် ဆိုသူဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ ဖြစ်သည်။

မြို့တောင်ဘက်ခြမ်း မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကို ညနေ ၄ နာရီခန့်တွင် သွားရောက် တိုက်ခိုက်ကြစဉ် စစ်ကောင်စီတပ်က ကြိုသိသဖြင့် အသင့်စောင့်ဆိုင်းကာ လက်ဦးမှုယူ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲအကြောင်း သိရှိသူတစ်ဦးက ပြောသည်။

“ရုပ်အလောင်း မရလိုက်ဘူး။ ဆွဲထုတ်တာ ထုတ်လို့ကိုမရဘူး။ ….ကိုယ့်ဘက်က ကာပစ်ပဲ ပစ်နိုင်တာ။ သတင်းပေါက်သွားတော့ သူတို့ရဲ့လက်ဦးမှုကို ကိုယ့်ဘက်က ခံလိုက်ရတယ်” ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ကိုဇော်ဇော်အောင်သည် တိုက်ပွဲအများအပြားတွင် ပါဝင်ခဲ့ရုံသာမက ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များကိုလည်း သင်တန်းပေးနေသူဖြစ်ကြောင်း သူက ဆက်ပြောသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးလည်း ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီလက်နက်ကိုင်များ ထိခိုက်မှု ရှိမရှိ မသိရသေးပေ။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင်မူ ဘုတလင်မြို့နယ် သမန်းတောကျေးရွာအနီးတွင် အောက်တိုဘာ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ ၁ ဦး အသေဖမ်းဆီးရမိသည်၊ M-၂၂ သေနတ်၊ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

မုံရွာ-ရေဦးလမ်းပေါ်ရှိ ဘုတလင်မြို့သည် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၂၀ ကျော်သာ ကွာဝေးပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့ပစ်ခတ်မှုများရှိနေသည်။

ယခုနှစ် မတ်လအတွင်းက ဘုတလင်မြို့အရှေ့ဘက် စစ်သား ၂၀ ခန့် တပ်စွဲထားသည့် မြို့အဝင် စစ်ဆေးရေးဂိတ်ကို MDF ဟု အတိုကောက်ခေါ်သော ရွှေဘိုခရိုင်တပ်ရင်း ၂၆ နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲရာနေရာများကို နှစ်ကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုများရှိပြီး ဒေသကာကွယ်ရေးအဖွဲ့များက သေနတ် ၂ လက်နှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ကြသည်။

လက်နက်ကိုင်ခုခံသည့် လှုပ်ရှားမှုအားကောင်းရာ ဘုတလင်မြို့နယ်တွင် ဩဂုတ် ၆ ရက်၌ မြို့လယ်ရှိ မီးသတ်စခန်း စီးနင်းခံရပြီး မီးသတ်ဦးစီးမှူး အပါအဝင် ၂၁ ဦး ကို ဒေသကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးသွားသည်။

စစ်ကောင်စီတပ်ကလည်း ယခုနှစ် ဇူလိုင်အတွင်း ဘုတလင်မြို့နယ် ကျေးလက်ဒေသတွင် ဖွင့်ထားသော မြို့နယ်ကျောင်းသားသမဂ္ဂရုံးခန်းကို ဝင်ရောက်စီးနင်းပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button