သတင်း

တီးတိန်မြို့ တော်လှန်ရေးအင်အားစုက ရဲ ၄ ဦးကို ဖမ်းဆီးထား

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ရဲ ၄ ဦးကို ယမန်နေ့ (အောက်တိုဘာ ၂) ရက် နံနက်က ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ PDF Zoland က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဆိုင်ကယ်ဖြင့် လာသော ဒုတပ်ကြပ်ကျော်သူရစိုး၊ ရဲတပ်သားများဖြစ်သော ခုပ်ခန်တုန်း၊ စည်သူမိုးနှင့် ချမ်းငြိမ်းကျော်တို့ တီးတိန်မြို့အထွက် တစ်မိုင်ခန့်အကွာ လမ်ဇမ်ရွာအနီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထိုသူ ၄ ဦးက ကလေး – တီးတိန်လမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်များကို တားဆီးကာ ငွေကြေး အဆမတန်တောင်းယူနေသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ်ညှိနှိုင်းရေးကော်မတီမှ ကိုသွန်နီက ပြောသည်။

“သူတို့ ဆိုင်ကယ်နဲ့ လာတာ။ ကျွန်တော်တို့အဖွဲ့တွေက ကြိုစောင့်နေတာ။ လာတာနဲ့ ဖမ်းတာ။ သူတို့က တစ်ခါတလေ သေနတ်တော့ ပါတယ်။ မနေ့က ဖမ်းတဲ့အချိန်မှာတော့ သူတို့က သေနတ်မပါဘူး… ပစ်တာ ခတ်တာ မရှိဘူး” ဟု ကိုသွန်နီက ဆိုသည်။

ထိုရဲများမှာ ယူနီဖောင်းနှင့် မဟုတ်ဘဲ အရပ်ဝတ် ဝတ်ဆင်ထားသည်ကို PDF Zoland  ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရသည်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကလေး – တီးတိန် – ရိဒ် ကားလမ်းပေါ်တွင် သွားလာနေသည့် ကုန်တင်ယာဉ်များကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များက ယာဉ်နှင့် ပစ္စည်းအမျိုးအစားပေါ် မူတည်၍ အခွန်အဖြစ် သိန်းနှင့်ချီ ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ဆိုကြသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် ဖမ်းဆီးထားသူများကို ရိုက်နှက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ကိုသွန်နီက ပြောသည်။

ချင်းပြည်နယ်တွင် ရဲတချို့ အာဏာဖီဆန်ကာ တော်လှန်ရေးအဖွဲ့နယ်မြေများသို့ သွားရောက် နေထိုင်ခဲ့ဖူးသည်။

တီးတိန်မြို့မှ ရဲများ ဖမ်းဆီးခံရသည့်အမှုမျိုးမှာ ချင်းပြည်နယ်တွင် ရှားပါးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။

အဆိုပါ ရဲ ၄ ဦး မည်သည့်စခန်းမှ ဖြစ်သည်ဆိုသော အခြေအနေအသေးစိတ် မသိရသေးဘဲ စစ်ကောင်စီခန့် ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရခဲ့ပေ။

ချင်းပြည်နယ်တွင် လက်နက်ကိုင်ခုခံမှုအားကောင်းနေရာ အာဏာသိမ်းစစ်ကောင်စီက ပလက်ဝမြို့နယ်မှအပ မြို့နယ်အားလုံးနီးပါးကို ယခုနှစ်ဆန်းပိုင်းတွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။​

အာဏာသိမ်းစစ်ကောင်စီကို ခုခံမှုအားကောင်းရာ ပင်မမျက်နှာစာဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းလာပြီး စစ်ကောင်စီ ဒေါက်တိုင်များကို မြို့ပေါ်မှာပင် ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်နေသည်။

သြဂုတ်လအတွင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် ဒေသကာကွယ်ရေးအဖွဲ့များက စစ်တပ်၏ အရန်အင်အားဖြစ်သော မီးသတ်တပ်ဖွဲ့ဝင်များကို မီးသတ်စခန်းတွင် ဝင်ရောက် ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၄ တွင် မုံရွာမြို့မှ စစ်တပ်ဆရာဝန် ဗိုလ်ကြီးအောင်ဖြိုးသိန်းကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button