ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် ဆေးရုံဝင်းအတွင်းရှိ စစ်သားများကို ယနေ့ သွားရောက် တိုက်ခိုက်လိုက်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် PDF Zoland က ပြောသည်။
နံနက် ၁ နာရီဝန်းကျင်တွင် လွယ်ဘာလ်ရပ်ကွက်ရှိ ခုတင် ၁၀၀ ဆံ့ ဆေးရုံဝင်းအတွင်း နေရာယူထားသည့် စစ်သား ၆ ဦးကို တိုက်ခိုက်ရာတွင် တစ်နာရီနီးပါး ကြာသည်၊ စစ်သားများ ဆုတ်ခွာသွားရာ ကျည်ဆန်များ၊ ကျည်အိမ်များ၊ မှန်ဘီလူးနှင့် တပ်ကြပ်ကြီးရာထူးတံဆိပ်ပါ ယူနီဖောင်း ၃ စုံ ကျန်ရစ်သည်ဟု ဆိုသည်။
ပစ်ခတ်မှုအပြီး ဒေသကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာချိန် တီးတိန်မြို့ရဲစခန်းရှိ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် အရပ်သားတစ်ဦး ဒဏ်ရာရသည်၊ နေအိမ်တချို့ ပျက်စီးသွားသည်ဟု PDF Zoland ပြန်ကြားရေးတာဝန်ခံ ကိုဂျွန်နီက ပြောသည်။
စစ်သားများထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများကို PDF Zoland က ဓာတ်ပုံနှင့်တကွ ယနေ့နံနက်တွင် ထုတ်ပြန်သည်။
တီးတိန်မြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်သားများ ဆေးရုံမှ ထွက်ပြေးသွားသည်၊ သေဆုံးသည့် စစ်သား ရှိနိုင်သည်ဟု PDF Zoland က ဆိုသည်။
စစ်သားများ ဆေးရုံတွင် ရှိနေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ပြည်သူများကို ရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်း စသည့် အမှုများ ကျူးလွန်ကြောင်း PDF Zoland ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ပစ္စည်းတွေ၊ လူငယ်တွေလည်း စစ်တယ်။ ပိုက်ဆံလည်း တောင်းတယ်။ လမ်းမဘေးဆိုတော့ ပြည်သူတွေလည်း အန္တရာယ်များတယ်။ လူငယ်တွေဆိုလည်း ရိုက်တာပေါ့။ ဂိတ်ဖွင့်ထားတာတော့ မဟုတ်ဘူး၊ ကားတွေလာရင် ဆေးရုံကနေ ဆင်းလာပြီး နှစ်ယောက် သုံးယောက်လောက် ဆင်းလာပြီး ပိုက်ဆံတောင်းတာပေါ့။ မိုးချုပ်မှ လှုပ်ရှားတာ” ဟု သူက ဆိုသည်။
စစ်ကောင်စီ လက်နက်ကိုင်တို့က မြို့နယ်ရဲစခန်းနှင့် စစ်တပ်ကုန်းတွင် အဓိက တပ်စွဲထားပြီး တပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါး ဖြန့်ကြက်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို မတ် ၁၁ ရက် နံနက်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အကျများသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့အနီး စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် ထိုစခန်းကို ရက်ပိုင်းအတွင်း ဝင်တိုက်လိုက်သည်ဟု CDF (ကန်ပက်လက်) တပ်မဟာမှူး ဆလိုင်းထွန်းလိန်းခန်းက ပြောသည်။
စစ်ယာဉ်တန်း
ချင်းပြည်နယ်တွင် ပလက်ဝမှအပ ကျန်မြို့နယ် ၇ ခုကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကြောင်း ပြီးခဲ့သည့်လတွင် ကြေညာခဲ့ပြီးနောက် စစ်ရေးပြင်းထန်နေသည့် ချင်းပြည်နယ်ကို ရိက္ခာနှင့် အင်အား ဖြည့်တင်းရန် စစ်တပ်က ကြိုးပမ်းနေသည်။
စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဦးတည်သော ကားအစီးရေ ၄၀ ကျော် ပါဝင်သည့် စစ်ယာဉ်တန်းသည် မတ်လ ၇ ရက်မှ စတင်ထွက်ခွာလာရာ ကလေး – ဖလမ်း လမ်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားနေသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါး နှင့် သံချပ်ကာယာဉ် ၂ စီး ပါဝင်သည့် ထိုယာဉ်တန်းသည် ဟားခါးမြို့ကို ဦးတည်နိုင်ကြောင်း၊ ရိက္ခာနှင့် တပ် အပြောင်းအရွှေ့အတွက်ဖြစ်နိုင်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။
ထိုယာဉ်တန်းတွင် အရပ်သား ၃၀ ကို ဓားစာခံအဖြစ် ခေါ်ထားသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ပြောသည်။
“သူတို့ ဖမ်းခေါ်လာပြီး လူသားဒိုင်းလို သုံးတာက ခန့်မှန်းက (အရပ်သား) ၃၀ လောက်ရှိမယ်။ ကားနဲ့ ခေါ်လာတာ ။ … သူတို့ ၁၂ ဘီးကားတွေကို ချောဆွဲတာကိုး။ စပယ်ရာတွေ၊ ကုန်တင်ကုန်ချ လုပ်နေတဲ့သူတွေပါ ပါတယ်” ဟု ဖလမ်းမြို့နယ်အခြေစိုက် CNDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုယာဉ်တန်းကို မတ် ၁၀ ရက်တွင် မိုင်းဖြင့် ၁၀ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် CDM CDF စီးယင်းအဖွဲ့က မတ် ၁၂ တွင် သတင်းထုတ်ပြန်ထားသည်။
မတ် ၁၂ တွင်လည်း ဖလမ်းမြို့နယ်အတွင်း ထိုယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရသည်၊ ထိခိုက်မှု မည်မျှရှိသည်ကို မသိရသေးပေ။
တောင်ကုန်း တောင်တန်း ထူထပ်ရာ ချင်းပြည်နယ်ကို လူအင်အား၊ လက်နက်နှင့် စားနပ်ရိက္ခာ ဖြည့်တင်းရေးအတွက် ယာဉ်တန်းဖြင့် ပို့ဆောင်ခြင်းကို တစ်နှစ်အကြာတွင် စစ်တပ်က ပြန်လည် လုပ်ဆောင်လာခြင်းဖြစ်သည်။
၂၀၂၂ မေလက ချင်းပြည်နယ်တောင်ပိုင်း မတူပီဗျူဟာနှင့် မြောက်ပိုင်း ဟားခါးဗျူဟာသို့ ရိက္ခာနှင့် လူအင်အား ဖြည့်တင်းသည့် ယာဉ်တန်းများကို ဒေသခံကာကွယ်ရေးအဖွဲ့များက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ဒေသတချို့မှ တပ်ရင်းများ ချင်းတောင်သို့ ရောက်လာနိုင်သည်ဟု CNDF က ယူဆသည်။
“သူတို့က ပထမတော့ ဝေဟင်နဲ့ ပစ်တော့ အဲဒါနဲ့ ရမယ် ထင်တယ်ပေါ့။ …အဲ့ဒါကို မနိုင်တဲ့အဆုံး မော်လိုက်တို့၊ ရှမ်းပြည်ဘက်က ဟာတွေကို တပ်ပြန်ဆုတ်ခိုင်းပြီး ဒီဘက်ကို ထိုးထည့်မယ့်သဘော ရှိတယ်။ ချင်းပြည်နယ်ကို တော်တော်ထိုးစစ်ဆင်မယ်၊ ချေမှုန်းမယ့်ပုံစံမျိုးနဲ့ တက်လာမယ့်ပုံ ရှိတယ်” ဟု CNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကလေးမြို့မှ တက်လာသည့် ထိုယာဉ်တန်းတွင် မော်လိုက်အခြေပြု ခမရ (၃၆၅) တပ်ရင်း၊ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ဒေသအခြေပြု ခလရ (၂၇၈) တပ်ရင်း၊ တပ်မ ၂၂ လက်အောက်ခံ ၂၀၄ တပ်ရင်းတို့ ပါဝင်ကြောင်း ခိုင်လုံသည့် တပ်တွင်းရင်းမြစ်များထံမှ သိရသည်ဟု CNDF က ထုတ်ပြန်ထားသည်။
ထို့အတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ပြီးခဲ့သည့်ရက်ပိုင်းက ထွက်လာသည့် ကားအစီး ၇၀ ပါ စစ်ကောင်စီယာဉ်တန်းတစ်ခုမှာလည်း ချင်းပြည်နယ်တောင်ပိုင်းကို ဦးတည်နေကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များမှ သိရသည်။
ပခုက္ကူ – ကျောက်ထုလမ်းအတိုင်း တက်လာသည့် ထိုယာဉ်တန်းသည် ပေါက်မြို့နယ် ကပစတွင် ညအိပ်ရပ်နားပြီးနောက် လက်ရှိတွင် ဆောမြို့နယ်၌ ရောက်ရှိနေသည်။
ဆောမြို့နယ် တပြင်းရွာမှ ထွက်လာသည့် ထိုယာဉ်တန်းကို ယနေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်လျက်ရှိကြောင်း ကျောက်ထု PDF ထံမှ သိရသည်။
“မနက်က ထွက်သွားပြီ။ တောက်လျှောက် တိုက်ပွဲတွေဖြစ်နေတာ။ ကားတန်းလိုက်ပဲ၊ လမ်းအတိုင်းပဲ သွားတာ။ ရှေ့မှာ လမ်းကြောရှင်းဖို့ ကင်းတွေယူပြီးမှ သွားတယ်။ ယာဉ်တန်း ကင်းလိုက်တဲ့အဖွဲ့တွေနဲ့ ဖြစ်နေတာ” ဟု ဂန့်ဂေါခရိုင်၊ အမှတ် (၈) တပ်ရင်း၊ ကျောက်ထု PDF တာဝန်ရှိသူက ပြောသည်။
ယာဉ်တန်းအခြေအနေအသေးစိတ်ကို မသိရသေးသော်လည်း ချင်းပြည်နယ်တောင်ပိုင်းသို့ ဦးတည်ဖွယ်ရှိပြီး မင်းတပ်မှတစ်ဆင့် မတူပီမြို့နယ်သို့ သွားရောက်နိုင်ခြေရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။
ယခုနှစ်ဆန်းမှ ဖေဖော်ဝါရီလကုန်အထိ နှစ်လနီးပါးအတွင်း ချင်းပြည်နယ်တွင် ၁၁၅ ကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း Chinland Information Center က ထုတ်ပြန်ထားသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကယား (ကရင်နီ)၊ ကရင်တို့မှ မြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကိုင်း၊ ချင်း၊ ကရင်နီတို့တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေပြီး စစ်ရေးပြင်းထန်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)