အတွေးအမြင်

အာဏာရမ္မက်ကျူး အကျင့်ပျက်မြူးသည့် စစ်ဗိုလ်ချုပ်တစ်သိုက်

စစ်အာဏာသိမ်းမှု သုံးနှစ်နီးပါးရှိလာချိန်တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ဗိုလ်ချုပ်များ၏ အာဏာရမ္မက်ကျူးမှုနှင့် အကျင့်သိက္ခာပျက်ယွင်းမှုများက တနေ့တခြား ပေါ်လွင်ထင်ရှားလာသည်။ တိုင်းပြည်တွင် လက်ရှိ ကြုံတွေ့နေရသော အထွေထွေ လူမှုဒုက္ခအကျပ်အတည်းများက အရည်အချင်းကင်းမဲ့သည့် စစ်ဗိုလ်ချုပ်တစ်သိုက်ကြောင့် ဖြစ်နေရသည်မှာ သက်သေပြစရာ လိုအပ်မည် မထင်ပါ။

အရပ်သားအစိုးရလက်ထဲမှ အတင်းအဓမ္မ အာဏာသိမ်းပြီး “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဟု အမည်ပေးဖွဲ့စည်းခဲ့သည့်အတိုင်း နိုင်ငံစီမံအုပ်ချုပ်ရေး အလုပ်ကို မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက် ခပ်လွယ်လွယ် သဘောထားခဲ့ပုံရသည်။ 

အာဏာသိမ်းရုံမျှဖြင့် အာဏာမရ၊ ပြည်သူကြည်ဖြူမှ တိုင်းပြည်အုပ်ချုပ်ခွင့်ရမည်ကို ဂရုမစိုက်ခဲ့ကြပါ။ လက်တွေ့အုပ်ချုပ်သည့်အခါ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလ ဆယ်စုနှစ်တစ်ခုအတွင်း ရရှိခဲ့သော တိုင်းပြည်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုအားလုံး ပျက်သုဉ်းသွားသည့်အပြင်၊ ၎င်းတို့ကို အာခံတော်လှန်သော ပြည်သူများ၏ လူမှုအသိုက်အမြုံများကို မီးလောင်တိုက်သွင်းခဲ့ကြသည်။

စစ်ဗိုလ်တစ်သိုက် အာဏာရမ္မက်ကျူးလေစွ။ ပြည်သူက ယုံကြည်သော အရပ်သားအစိုးရကို ယုတ်ညံ့စွာ စွပ်စွဲခဲ့သမျှ၊ ယခုတော့ စစ်ဗိုလ်တစ်သိုက်၏ အကျင့်ပျက်အပုပ်နံက ဖုံးဖိမရချေပြီ။ နိုင်ငံတစ်ခုကို အုပ်ချုပ်ခြင်းက လွယ်သလား ခက်သလား…မင်းအောင်လှိုင်။  

အဖွဲ့ဝင် “နှစ်ကျိပ်” မျှသာရှိသော စစ်ကောင်စီကို အာဏာသိမ်းပြီးကတည်းက အကြိမ်ကြိမ် တိုးချဲ့၊ ပြင်ဆင်ဖွဲ့စည်းနေရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုအရည်အချင်းက လူဦးရေ ၅၄ သန်းရှိသော နိုင်ငံတစ်ခုကို အုပ်ချုပ်နိုင်စွမ်း ရှိမရှိ မေးခွန်းထုတ်စရာ လိုမည်မထင်။  

စစ်ကောင်စီ ပထမအကြိမ် ဖွဲ့စည်းခြင်း – ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ပြီး မူလအဖွဲ့ဝင် ၁၁ ဦးနှင့် တိုးချဲ့အဖွဲ့ဝင် ၉ ဦး စုစုပေါင်း ၂၀ ဦးဖြင့် စစ်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ မင်းအောင်လှိုင်သည် “အာဏာသိမ်း” ခြင်းမဟုတ်၊ “အာဏာထိန်း” ခြင်းသာ ဖြစ်သည်ဟု ပြည်သူနှင့် နိုင်ငံတကာကို လှည့်စားရန် စစ်ကောင်စီကို စစ်ဗိုလ်ချုပ် ၁၀ ဦး၊ အရပ်သား ၁၀ ဦးတို့နှင့် ဖွဲ့စည်းခဲ့သည်။

စင်စစ် အရပ်သားစစ်ကောင်စီအဖွဲ့ဝင်များမှာ “ရုပ်သေး” အဖွဲ့ဝင်များသာ ဖြစ်ပြီး၊ အာဏာအရပ်ရပ်ကို မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများကသာ ချုပ်ကိုင်ထားကြောင်း၊ စစ်ကောင်စီသက်တမ်း ၂ နှစ်ကာလအတွင်း ဆောင်ရွက်ချက်က သက်သေခံလျက်ရှိပါသည်။

အထက်ပါ စစ်ကောင်စီ၏ ပထမအသုတ် အဖွဲ့ဝင်စာရင်းကို လေ့လာကြည့်လျှင်၊ ၎င်းတို့ထဲမှ ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အရပ်သားအဖွဲ့ဝင် ၈ ဦးကို စစ်ကောင်စီသက်တမ်း ၂ နှစ်ကာလအတွင်း မင်းအောင်လှိုင် အရေးယူ ထုတ်ပယ်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်သည်။  

စစ်ဗိုလ်ချုပ်ကြီးတစ်ဦးမှာ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဖြစ်ပြီး လူမှုရေးဖောက်ပြန်မှုများကြောင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပယ်ခဲ့သည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်များအရ အရေးပေါ်ကာလသက်တမ်းကုန်ဆုံးပြီဖြစ်၍ ၎င်း အကြိမ်ကြိမ်ပြောဆိုသကဲ့သို့ ခြေ/ဥနှင့်အညီ အာဏာထိန်းခြင်းဖြစ်လျှင် မင်းအောင်လှိုင် အာဏာသုံးရပ်ကို ဆက်လက်ဆွဲကိုင်ခွင့်မရှိတော့ပါ။ သို့သော် အာဏာသိမ်းခဲ့ခြင်းကို အရှက်သိက္ခာမဲ့စွာ ကမ္ဘာကို ပြောင်ပြောင်တင်းတင်း လိမ်ညာရဲသော အာဏာရမ္မက်ကျူးသည့် မင်းအောင်လှိုင်သည် ခြေ/ဥကို ဒုတိယအကြိမ် ချိုးဖောက်၍ အာဏာကို ဆက်လက်ဆုပ်ကိုင်ခဲ့ပြီး၊ စစ်ကောင်စီကို ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

စစ်ကောင်စီ ဒုတိယအကြိမ် ဖွဲ့စည်းခြင်း – ထိုသို့ ဖွဲ့စည်းရာတွင် ပထမအသုတ်တွင် ပါဝင်ခဲ့သော အရပ်သားအဖွဲ့ဝင် ၁၀ ဦးမှ မန်းငြိမ်းမောင်နှင့် ရွှေကြိမ်းတို့ နှစ်ဦးကလွဲလျှင် ကျန် ၈ ဦးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ၎င်းတို့ထဲမှ Jeng Phang နော်တောင်ကို အစိုးရအဖွဲ့၏ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။ 

BBC မြန်မာပိုင်းအစီအစဥ် ၏ သတင်းအချက်အလက်အရ စစ်ကောင်စီအဖွဲ့ဝင် ၇ ဦးဖြစ်သော သိန်းညွန့်၊ ခင်မောင်ဆွေ၊ အေးနုစိန်၊ မောင်းဟာ၊ စိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးတို့နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကိစ္စတွင် အငြင်းပွားခဲ့ပြီး၊ မင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ၎င်းတို့ကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် မင်းအောင်လှိုင်က အာဏာသိမ်းရန် ထောက်ခံအားပေးခဲ့သော ၎င်းတို့ကို လုံးဝ ထုတ်ပယ်လိုက်ခြင်းမျိုး မလုပ်ဘဲ၊ စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဟု ဖန်တီးခဲ့ပြီး၊ အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။ ထိုအချိန်မှစ၍ အဆိုပါ အရပ်သားအဖွဲ့ဝင်များ၏ “ရုပ်သေး” ဟန်ပြလှုပ်ရှားမှုများ လုံးဝ ကွယ်ပျောက်သွားတော့သည်။

စစ်ကောင်စီကို ဒုတိယအကြိမ်ဖွဲ့စည်းမှုတွင် အရေးယူထုတ်ပယ်ခဲ့သော ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ နေရာတွင် အစားထိုးခြင်းမရှိခဲ့ဘဲ စစ်ဗိုလ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝဏ္ဏမောင်လွင် အပါအဝင် အရပ်သားအဖွဲ့ဝင်သစ် ၉ ဦးဖြင့် အစားထိုးခဲ့သည်။

သို့သော် ရက်ပိုင်းအတွင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန်ကို ၎င်း၏သဘောဆန္ဒမပါဝင်ဘဲ ခန့်အပ်ရာ ကာယကံရှင်က လက်မခံသဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဒေါက်တာမူထန်နှင့် အစားထိုးခဲ့သည်။

စစ်ကောင်စီ တတိယအကြိမ် ဖွဲ့စည်းခြင်း – ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် မင်းအောင်လှိုင်သည် မအောင်မြင်သော အာဏာသိမ်းမှုသက်တမ်းကို ၆ လ တစ်ကြိမ် တိုးရမည့်ရက် ရောက်ရှိလာပါသည်။ ဩဂုတ်လ ၁ ရက်နေ့ (၈လပိုင်း + ၁ရက်နေ့ = ၉) သည် အရာရာ ၉ ဂဏန်းဖြင့် ယတြာအစီအရင်ပြုလုပ်တည်ဆောက်ခဲ့သော မာရဝိဇယရုပ်ပွားတော် ဖွင့်လှစ်သောနေ့လည်း ဖြစ်သည်။

နောက်တစ်နေ့ ဩဂုတ် ၂ ရက်နေ့တွင် မင်းအောင်လှိုင်သည် စစ်ကောင်စီကို တတိယအကြိမ် ထပ်မံ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့ဝင် ၂၀ မှ ၁၈ ဦး (၉ ဂဏန်း) ဖြင့် ယတြာချေ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်းစဉ်က ရက်ပိုင်းအတွင်း ပူဂင့်ကမ်းလျန်နှင့် ဒေါက်တာမူထန် ပြောင်းလဲခန့်အပ်ခဲ့ရသလို၊ ယခု တတိယအကြိမ်တွင် လွန်ခဲ့သော ၆ လကမှ အသစ်ခန့်အပ်ခဲ့သော အရပ်သားအဖွဲ့ဝင် မောင်ကိုနှင့် ဒေါက်တာအောင်ကျော်မင်းတို့ကို ထုတ်ပယ်ခဲ့ပြီး၊ ဒေါက်တာကျော်ထွန်းကို စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့သို့ ပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် ဒုတိယပြင်ဆင်ဖွဲ့စည်းမှုတွင် အဖွဲ့ဝင် ၉ ဦးနှင့် တတိယအကြိမ်ပြင်ဆင်ဖွဲ့စည်းမှုတွင် ၄ ဦးကို ထုတ်ပယ်ခဲ့ခြင်း၊ အကြံပေးအဖွဲ့သို့ ပြောင်းရွှေ့ခံထားခြင်းများ လုပ်ဆောင်ခဲ့ခြင်းက မင်းအောင်လှိုင်၏ စိတ်မတည်ငြိမ်မှု၊ အရည်အချင်းကင်းမဲ့မှုနှင့် အာဏာအလွန်အကျူးသုံးစွဲမှု လက္ခဏာများပင် ဖြစ်သည်။

မင်းအောင်လှိုင် ယတြာခိုက်ပြီ

သမ္မတဖြစ်ချင်၍ အာဏာသိမ်းခဲ့သော်လည်း သမ္မတမဖြစ်ဘဲ စစ်ရာဇဝတ်ကောင်လုံးလုံး ဖြစ်သွားခဲ့ရသော မင်းအောင်လှိုင်သည် ဘုန်းကံဇာတာတတ်ရန် ဘုရားတည်၊ ယတြာချေခြင်းတို့ကို နိုင်ငံတော်ဘဏ္ဍာငွေ အမြောက်အမြားသုံးစွဲပြီး ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

သို့သော် မာရဝိဇယဖွင့်ပွဲနေ့ကတည်းက မင်းအောင်လှိုင် ယတြာခိုက်ချေပြီ။ ယတြာဆိုသည်မှာ ယုတ်ညံ့သူတို့အတွက် တန်ပြန်အကျိုးပေးတတ်သည်။ ထိုနေ့ သာသနာရေးဝန်ကြီး လျှောက်ထားချက်အမှားကြောင့် ကျောက်မဲဆရာတော်၏ လူပုံအလယ် မင်းအောင်လှိုင်ကို ဆုံးမခဲ့ပုံက အရှက်တကွဲ အကျိုးနည်းခဲ့ရသည်။ ရှက်ဒေါသကို မထိန်းနိုင်သော မင်းအောင်လှိုင်သည် နေ့တွင်းချင်း ထိုဝန်ကြီးကို ဖြုတ်ပြစ်သည်။

ယတြာခိုက်နေပြီဖြစ်သော မင်းအောင်လှိုင်အတွက် ကြမ္မာဆိုးက ဆင့်ကဲလို့သာ လာပေတော့သည်။ အာဏာသိမ်းစဉ်ကတည်းက ၎င်း၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံးသဖွယ် အားထားခဲ့ရသော ဒု-ဗိုလ်ချုပ်ကြီးနှစ်ဦး၏ အကျင့်ပျက်လာဘ်စားမှုအပုပ်နံများ လှိုင်လှိုင်ထွက်ပေါ်လာသည်မှာ မင်းအောင်လှိုင် ဖုံးမရဖိမရသည်အထိ ဖြစ်လာချေပြီ။

 မေလ ၁၃ ရက်တွင် ကျိုင်းတုံမြို့ရှိ မဟာဗောဓိစေတီကို ထီးတင်နေသည့် စစ်ခေါင်းဆောင်။

အရည်အချင်းကင်းမဲ့ အကျင့်သိက္ခာပျက်စစ်ဗိုလ်ချုပ်တစ်သိုက်၏ ပြည်ဖျက်စစ်ကောင်စီအတွင်း သူ့ထက်ငါ တစ်မူးသာ နေပြည်တော်မှ စားမာန်ခုပ်ပွဲကြီးကို မြန်မာပြည်သူများနှင့် တစ်ကမ္ဘာလုံးက မြင်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီ ဖြစ်သည်။   

မင်းအောင်လှိုင်၏ အာဏာရမ္မက်ကျူးမှု၊ အပေါင်းအပါ စစ်ဗိုလ်ချုပ်တစ်သိုက်၏ အကျင့်ပျက်လာဘ်စားမှုများနှင့် အရည်အချင်းကင်းမဲ့မှုများကြောင့် တိုင်းပြည်စီးပွားရေးပြိုလဲမှုက ၂၀၂၃ ခုနှစ်တွင် မြန်ဆန်လာခဲ့သည်။ ၎င်းတို့၏ အရည်အချင်းကင်းမဲ့မှုကို ဖုံးကွယ်ပြီး၊ စီးပွားရေးပြိုလဲရခြင်းမှာ ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များကြောင့်ဟု အပြစ်ဖို့လျက် စီးပွားရေးလုပ်ငန်းရှင် ရာနှင့်ချီကို ဖမ်းဆီးစစ်ကြောရာမှ စစ်ဗိုလ်ချုပ်များ၏ အပုပ်နံများ ပေါ်လာခြင်းဖြစ်သည်။

စစ်ကောင်စီ စတုတ္ထအကြိမ် ဖွဲ့စည်းခြင်း – စက်တင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီကို စတုတ္ထအကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ရပြီး၊ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စိုးထွဋ်တို့ကို အကျင့်ပျက်လာဘ်စားမှုများကြောင့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။ 

စိုးထွဋ်ကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့ပြီး၊ မိုးမြင့်ထွန်းနှင့် ပတ်သက်၍ သတင်းအမှောင်ချထားသည်။ ၎င်းတို့နှစ်ဦးကို မည်သည့်အကြောင်းကြောင့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း ပြည်သူကို အသိမပေးရဲဘဲ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက် ရေငုံနှုတ်ပိတ်လျက်ရှိသည်။

မင်းအောင်လှိုင်၏ ထိုအပြုအမူသည် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နည်းလမ်းပေါင်းစုံ သုံးပြီး၊ အကျင့်သိက္ခာပျက်ယွင်းသူအဖြစ် ပုံဖော်ကာ သေနတ်ပြ တရားစီရင်ခန်းဖြင့် သူမကျူးလွန်သော ပြစ်မှုများအတွက် မတရားထောင်ဒဏ်ချမှတ်ခဲ့သော အပြုအမူနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်သည်။ 

မာဖီးယား လက်နက်ကိုင်အဖွဲ့ကို တော်လှန်သည့် “နွေဦးတော်လှန်ရေး”

စင်စစ် နေဝင်းမှသည် သန်းရွှေနှင့် ၎င်း၏တပည့် မင်းအောင်လှိုင်အထိ စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်၏ သယံဇာတများကို ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် သားသမီး၊ မြေးများအထိ ကုမ္ပဏီအမျိုးမျိုး ထောင်ပြီး၊ ဝေစားမျှစားလာခဲ့သည့် အကျင့်စာရိတ္တပျက်ယွင်းသော ရှည်လျားသည့် သမိုင်းကြောင်းကို လက်နက်အားကိုး အာဏာဖြင့် အမျိုးမျိုးဖုံးကွယ်ခဲ့ကြသည်။ 

စစ်ယူနီဖောင်းဝတ်၊ ရွှေတံဆိပ်မျိုးစုံ ချိတ်ဆွဲပြီး ၎င်းတို့သာလျှင် နိုင်ငံသူရဲကောင်း၊ နိုင်ငံတည်ဆောက်သူများအဖြစ် အလိမ်အညာဝါဒဖြန့်ပြီး သားစဉ်မြေးဆက် ကြွယ်ဝချမ်းသာနေကြပုံမှာ ဖုံးကွယ်မရသော အမှန်တရားဖြစ်သည်။ နိုင်ငံနှင့် ပြည်သူကို ကာကွယ်သော ဂုဏ်သိက္ခာရှိ စစ်တပ်တစ်ခုထက်၊ မာဖီးယား ရာဇဝတ်ဂိုဏ်းသာသာ အဆင့်ရှိသော လက်နက်ကိုင်အဖွဲ့တစ်ခုသာဖြစ်ကြောင်း ပြည်သူများ သိရှိနေကြသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

စစ်ဗိုလ်တစ်သိုက်၏ ကိုယ်ကျင့်သိက္ခာမဲ့မှုများကို  ရွံရှာလာသည့် ပြည်သူက ၎င်းတို့ယုံကြည်အားထားသော နိုင်ငံရေးပါတီကို မဲပေးရွေးချယ်ခဲ့သော်လည်း ထိုရွေးချယ်မှုကို အာဏာရမ္မက်ကျူး အကျင့်ပျက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်က လက်မခံခဲ့ပေ။

ဤတွင် ကလိမ်ကကျစ်ကျမှုများကို လုံးဝသည်းခံနိုင်စွမ်းမရှိတော့သည့် ပြည်သူတို့က နောက်ဆုံး လက်နက်စွဲကိုင်ပြီး “နွေဦးတော်လှန်ရေး” ကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ပြည်သူကို ကျေးကျွန်သဖွယ် ဆက်ဆံသော မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်ကို ဖယ်ရှားပြီး၊ နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများကို လူ့ဂုဏ်သိက္ခာရှိစွာ ဆက်ဆံတတ်သော တိုင်းရင်းသားပေါင်းစုံ တပ်မတော်တစ်ရပ် ဖွဲ့စည်းပေါ်ပေါက်ပါမှ မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အဓိပ္ပာယ်ရှိသော အနာဂတ်တစ်ခု ပေါ်ပေါက်လာပေလိမ့်မည်။ သို့မဟုတ်ပါက “စစ်ကျွန်ဘဝ” ကိုသာ ပိုင်ဆိုင်ရပေလိမ့်မည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button