
စစ်တပ်ရာထူးမှ အနားပေးခံရပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်ဆိုသော လေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ကောင်စီအစည်းအဝေးများတွင်လည်း မတွေ့ရဘဲ နှစ်လနီးပါး ပျောက်ကွယ်နေသည်။
လေတပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လေးနှစ်သာ တာဝန်ထမ်းဆောင်ရသေးသူ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ အာဏာသိမ်းခေါင်းဆောင် အလိုရှိပါက နောက်ထပ် ၂ နှစ် ဆက်လက်တာဝန်ထမ်းခွင့် ရှိမည်ဖြစ်သော်လည်း ဇန်နဝါရီ ၁၀ ရက်နေ့တွင် ရာထူးမှ ရုတ်တရက် အနားပေးခံရသည်။
လေတပ်အကြီးအကဲအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်ကို ဗိုလ်ချုပ်ကြီးရာထူးတိုးကာ အစားထိုးခန့်အပ်ကြောင်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့သည်။
သို့သော် ယခုနှစ်ဆန်းပိုင်းအတွင်း ကျင်းပသည့် စစ်ကောင်စီအစည်းအဝေးများတွင် မောင်မောင်ကျော် ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။
ဇန်နဝါရီ ၂၀ နှင့် ၂၉ ရက်များက ပြုလုပ်ခဲ့သော စစ်ကောင်စီသီးသန့်အစည်းအဝေးများတွင် ကျန်စစ်ဗိုလ်ချုပ်များနှင့် အရပ်သားအဖွဲ့ဝင်များ အစုံအလင်တက်ရောက်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် တက်ရောက်ခဲ့ခြင်း မရှိပေ။
ယခုလ ၁၃ ရက်က ပြုလုပ်သော စစ်ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်တိုင်းဝန်ကြီးချုပ်များ တွေ့ဆုံပွဲသို့ စစ်ကောင်စီအဖွဲ့ဝင်များပါ တက်ရောက်ခဲ့သော်လည်း အနားပေးခံထားရသည့် လေတပ်အကြီးအကဲဟောင်း မပါပေ။
ပေါက်ကြားလာသည့် ထိုတွေ့ဆုံပွဲမှတ်တမ်းတွင် အစည်းအဝေးတက်ရောက်သူများနှင့် တက်ရောက်ရန် ပျက်ကွက်သူများကို နာမည်၊ ရာထူးနှင့်တကွ အတိအကျ ဖော်ပြထားသော်လည်း မောင်မောင်ကျော်၏ အမည်ကို လုံးဝမတွေ့ရပေ။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ စစ်ဗိုလ်တစ်ဦး၏ အမျိုးသမီးနှင့် ဖောက်ပြန်မှုကြောင့် နေအိမ်အကျယ်ချုပ်ဖြင့် အရေးယူခံထားရကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ခုက ယခုလဆန်းပိုင်းတွင် ဆက်သွယ်သတင်းပေးလာသည်။
သို့သော် အမျိုးသမီးကိစ္စဖြင့် အရေးယူခံထားရသည်ဟု မကြားမိကြောင်း၊ လေတပ်ဗိုလ်ချုပ်ကြီးက နုတ်ထွက်ခွင့်တင်သည့်အတွက် အာဏာသိမ်းခေါင်းဆောင်က မကျေမနပ်ဖြစ်နေကြောင်းသာ သိရပြီး အခြားသော သဘောထားမတိုက်ဆိုင်မှုများလည်း ရှိနိုင်ကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထိုပြောဆိုချက်များနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ လေတပ်မှတ်တမ်းဌာနခွဲ၌ တာဝန်ထမ်းဆောင်ရင်း ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့သူ တပ်ကြပ်ကြီးဇေယျကမူ မောင်မောင်ကျော် ထိန်းသိမ်းခံထားရကြောင်း လေတပ်အသိုင်းအဝိုင်းထံမှ သိရသည်ဟု ဆိုသည်။
“(နေအိမ်အကျယ်ချုပ်)အဲလိုပဲ ကြားတယ်။ နားနားချင်းတုန်းက အဂတိနဲ့ ခေါင်းစဉ်တပ်ထားတယ်လို့ ကြားတယ်။ သဘောထားချင်း မတိုက်ဆိုင်တာကတော့ သေချာတယ်” ဟု ၎င်းက ပြောသည်။
နောက်ထပ်အတည်မပြုနိုင်သော သတင်းတစ်ခုမှာ စစ်ကောင်စီက ယခင်စစ်အစိုးရလက်ထက်အတိုင်း လျှပ်စစ်နှင့်စွမ်းအင်ကို ဝန်ကြီးဌာနနှစ်ခုခွဲကာ မောင်မောင်ကျော်ကို ဝန်ကြီးခန့်အပ်မည်ဟု ဆိုသည်။
သို့သော် စစ်တပ်မှ အနားပေးခံထားရသည့် ကျန်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများ၏ လှုပ်ရှားမှုများကို တွေ့ရသော်လည်း မောင်မောင်ကျော်နှင့် ပတ်သက်၍ တစ်စွန်းတစ်စမျှ မမြင်မတွေ့ရသည်မှာ နှစ်လနီးပါးရှိပြီဖြစ်သည်။
မောင်မောင်ကျော်မှာ စစ်တပ်ရာထူးမှ ဖယ်ရှားခံရပြီးနောက် စစ်ကောင်စီအစည်းအဝေးများသာမက ယခင်ကဲ့သို့ အာဏာသိမ်းခေါင်းဆောင်၏ ခရီးစဉ်များတွင်လည်း မတွေ့ရတော့ပေ။
ဒီဇင်ဘာလအတွင်း စစ်တက္ကသိုလ်အသီးသီး၏ ကျောင်းဆင်းပွဲများ၊ ရန်ကုန်နှင့် ကိုကိုးကျွန်းခရီးစဉ်များတွင် အာဏာသိမ်းခေါင်းဆောင်နှင့်အတူ လိုက်ပါခဲ့သော်လည်း ရာထူးမှ အနားပေးခံရပြီးနောက် ထိုသို့သော ခရီးစဉ်များတွင် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် မပါတော့ပေ။
လေတပ်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် နောက်ဆုံးတက်ရောက်ခဲ့သော အခမ်းအနားမှာ ဇန်နဝါရီ ၆ ရက်က မိတ္ထီလာ၌ ကျင်းပပြုလုပ်သည့် တပ်မတော်လေ၏ လေယာဉ်မောင်းသင်တန်းဆင်းပွဲဖြစ်သည်။ ရာထူးမှ အနာပေးမခံရမီ ရက်ပိုင်းအတွင်းဖြစ်သည်။
မောင်မောင်ကျော်ကို စစ်တပ်ရာထူးမှ အနားပေးပြီး တစ်လနီးပါးအကြာ ဖေဖော်ဝါရီ ၈ ရက်တွင် အစိုးရအဖွဲ့ရုံးဝန်ကြီး(၁) ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။
မြင်ကွင်းမှ ပျောက်ကွယ်နေသူ မောင်မောင်ကျော်၏ နေရာတွင် အစားထိုးခန့်အပ်ခြင်း ဟုတ်မဟုတ် အတည်မပြုနိုင်ပေ။
နောက်ဆုံးသိရှိရသည့် အချက်အလက်များအရ ယခုလ ၁၃ ရက်က တွေ့ဆုံပွဲနှင့် ပတ်သက်၍ မောင်မောင်ကျော်မှအပ ကျန်စစ်ကောင်စီအဖွဲ့ဝင်အားလုံး၏အမည်ကို မှတ်တမ်းတင်ထားသည်။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည့် စစ်ကောင်စီအဖွဲ့စာရင်း၌ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ အဖွဲ့ဝင်အဖြစ် ပါရှိနေဆဲဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီတွင် အဖွဲ့ဝင် ၂၀ ဦးရှိပြီဖြစ်သည်။ အရပ်သား ၁၀ ဦး ထည့်သွင်းဖွဲ့စည်းထားသော်လည်း ကောင်စီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့မှာ ဗိုလ်ချုပ်ကြီးများသာဖြစ်သည်။
အတည်မပြုနိုင်သော်လည်း အဂတိမှုခေါင်းစဉ်တပ်ကာ ထိန်းသိမ်းခံထားရသည်ဆိုသော လေတပ်အကြီးအကဲဟောင်းမှာ မိသားစုလိုက် စီးပွားရေးသောင်းကျန်းသူဖြစ်သည်။ မောင်မောင်ကျော်၏ သားများနှင့် ဆွေမျိုးများသည် ကုမ္ပဏီများထူထောင်ကာ လေတပ်ကို စစ်လက်နက်ပစ္စည်းများ တင်သွင်းခြင်းဖြင့် ကြွယ်ဝချမ်းသာနေကြောင်း Reuters သတင်းဌာနက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အကျယ်တဝင့် ဖော်ထုတ်ရေးသားခဲ့သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သားဖြစ်သည်။ အစ်ကိုဖြစ်သူမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ဒုနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ ဦးသန့်ကျော်ဖြစ်ကာ မရီးဖြစ်သူမှာ လက်ရှိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံမတ်ကြီး ဒေါ်အိအိခင်ဧ ဖြစ်သည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၆ တက်ရောက်ခဲ့သူ မောင်မောင်ကျော်မှာ မြိတ်လေတပ်စခန်းဌာနချုပ်မှူး၊ လေတပ်စစ်ဦးစီးအရာရှိချုပ်အဆင့်မှနေ၍ လေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်မှာ အာဏာသိမ်းစစ်ကောင်စီတွင် စတင်ဖွဲ့စည်းသည့်နေ့ကတည်းက ပါဝင်ခဲ့သူဖြစ်သည်။
အာဏာသိမ်းပြီး သုံးရက်အကြာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို အကန့်အသတ်မဲ့ပြင်ဆင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နောက်ပိုင်းတွင် မောင်မောင်ကျော်အပြင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးအချို့ကို စစ်တပ်ရာထူးမှ အနားပေးခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)