
၂၀၂၀ ခုနှစ်အတွင်း အသစ်ဖွင့်လှစ်ထားသည့် တပ်မတော်နှင့်ဆိုင်သော Facebook စာမျက်နှာ၂၈ ကို Myanmar Now ကတွေ့ရှိထားပြီး ထိုစာမျက်နှာများအနက် ၅ ခုမှာ လူကြည့်များစေရန် ငွေကြေးသုံးစွဲထားသည်ကို တွေ့ရှိရသည်။
လူကြည့်များစေရန် ငွေကြေးသုံးစွဲထားသည့် တပ်မတော်နှင့်ဆိုင်သော Facebook စာမျက်နှာငါးခုမှာ ‘ပြည်ထောင်စုတပ်မတော်’၊ ‘Tatmadaw Media Group’၊ ‘Myanmar Navy Sea Man’၊ ‘စစ်သီချင်း’ နှင့် ‘ဖိုးစည်’ စသည်တို့ဖြစ်သည်။
ထိုစာမျက်နှာများအနက် ‘ဖိုးစည်’ ဆိုသည့် Facebook စာမျက်နှာသည် တပ်မတော်နှင့်ပတ်သက်သည့် သတင်းများအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုတိုက်ခိုက်သည့် အကြောင်းအရာများပါသည့် ပို့စ် (Post) သုံးခုထက်မနည်း နေ့စဉ်တင်လေ့ရှိသည်။
ထို့အပြင် လူမျိုးရေးဘာသာရေးဆိုင်ရာ သတင်းမှားသတင်းတုများလည်း တင်လေ့ရှိပြီး ဥပမာအားဖြင့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်လာသည့် အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်လောင်းနှစ်ဦးကို တိုက်ခိုက်သည့် သတင်းမှားသတင်းတုများ တင်ခြင်းဖြစ်သည်။
ပန်းဘဲတန်းမြို့နယ်မှ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုစည်သူမောင်သည် မဲဆောက်တွင် ဖောက်ခွဲရေးသင်တန်းတက်ပြီး အစိုးရကို မြေအောက်တော်လှန်ရေးလုပ်ခဲ့သူဖြစ်ကြောင်း သတင်းမှားဖြန့်ဝေထားပြီး NLD ကိုမဲပေးပါက ဘာသာသနာအတွက် စိုးရိမ်ရကြောင်းလည်း လှုံ့ဆော်ရေးသားထားသည်။
ထို့အပြင် ကိုစည်သူမောင်နှင့် ဒေါ်ဝင်းမြမြတို့၏ ကိုးကွယ်ယုံကြည်မှုအပေါ် နိုင်ငံရေးအရ တိုက်ခိုက်ရေးသားထားသည့် အကြောင်းအရာ သုံးခုထက်မနည်းကိုလည်း ထိုစာမျက်နှာများတွင် တင်ထားသည်။
တပ်မတော်ကိုယ်စားပြုဖွင့်လှစ်ထားသည့် စာမျက်နှာများအနက် တူညီသည့်အကြောင်းအရာများ တင်နေသည့် စာမျက်နှာ ၁၀ ခုကျော်ရှိပြီး တစ်ပတ်အတွင်း အကြောင်းအရာတူ ၂၀ ခုထက်မနည်း တင်ထားသည်ကို တွေ့ရှိ ရသည်။
အကြောင်းအရာတူများ တင်နေသည့် Facebook စာမျက်နှာများတွင် The Leader ဆိုသည့် စာမျက်နှာသည် ၂၀၁၂ ခုနှစ်က U Thein Sein အမည်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခု ၂၀၂၀ ဇူလိုင် ၁၅ တွင် The Leader ဟုအမည်ပြောင်းကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဓာတ်ပုံကို profile ပုံအဖြစ်တင်ထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ပတ်သက်သည့် သတင်းများကို တင်လာခဲ့သည်။

ထိုစာမျက်နှာကို ကိုင်တွယ်သည့် admin (Facebook စာမျက်နှာကို စီမံခန့်ခွဲသူ) များတွင် ရုရှားမှ ၂ ဦး ပါသည်ကို တွေ့ရပြီး ယခုနှစ် ဧပြီလ ၉ ရက်တွင် ဖွင့်လှစ်ထားသည့် Myanmar Military ဆိုသည့် Facebook စာမျက်နှာ ကိုင်တွယ်သူတစ်ဦးသည်လည်း ရုရှားမှဖြစ်သည်။ ထိုစာမျက်နှာကို ယခုအခါ Facebook တွင် မတွေ့ရတော့ပေ။
တပ်မတော်ကိုယ်စားပြုဖွင့်လှစ်ထားသည့် Facebook စာမျက်နှာများအနက် Follower အများဆုံးမှာ Tatmadaw Media Group ဆိုသည့် စာမျက်နှာဖြစ်ပြီး Follower အရေအတွက် ငါးသောင်းနီးပါးရှိသည်။
တပ်နှင့်ဆိုင်သော Facebook စာမျက်နှာ ၂၈ ခုအနက် Follower အများဆုံးငါးခု

Follower အများဆုံးစာမျက်နှာများအနက် စစ်သီချင်းစာမျက်နှာသည် တခြားသတင်းနှင့်အကြောင်းအရာများကို တင်လေ့မရှိဘဲ စစ်သီချင်းများကိုသာ တင်လေ့ရှိသည်။
အခြားစာမျက်နှာများမှာမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ သတင်း များ၊ တပ်မတော်၏လှုပ်ရှားဆောင်ရွက်ချက်များ၊ သတင်းများ ပုံမှန်တင်လေ့ရှိသည်။
သတင်းနှင့် တင်သည့်အကြောင်းအရာအများစုကို တပ်မတော်သတင်းမှန်ပြန်ကြားရေး၊ ချယ်ရီမြေ စသည့် Facebook စာမျက်နှာများမှ ကူးယူဖော်ပြလေ့ရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုက်ကလည်း ကူးယူဖော်ပြသည်။ ထိုစာမျက်နှာများတွင် တင်သည့်အကြောင်းအရာများ တူညီသည်ကို တွေ့ရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း Politic မဂ္ဂဇင်းနှင့် အင်တာဗျူးဖြေကြားချက်များ ကို ‘ဒို့တပ်မတော်’ ဆိုသည့် စာမျက်နှာ ၂ ခု၊ The Leader ၊ Tatmadaw Media Group၊ ‘ပြည်သူ့အတွက် တပ်မတော်’ ဆိုသည့် Facebook စာမျက်နှာများတွင် အတူတူတင်ထားသည်ကို တွေ့ရှိရသည်။
အဆိုပါ Facebook စာမျက်နှာများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရရှိခဲ့သည့် တံဆိပ်များဆိုသည့် အကြောင်းအရာကိုလည်း အတူတူတင်ထားသည်ကို တွေ့ရှိရသည်။

စစ်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှရေးသားထားသည့် အကြောင်းအရာကို ဩဂုတ်လ ၄ ရက်တွင် ဒို့တပ်မတော် စာမျက်နှာ ၂ ခု၊ ပြည်သူ့အတွက်တပ်မတော်၊ ပြည်သူ့တပ်မတော်၊ ပြည်ထောင်စုတပ်မတော်၊ Myanmar Military၊ တပ်မတော်နှင့် စစ်သတင်းများ၊ ချယ်ရီသစ္စာ စသည့် Facebook စာမျက်နှာများတွင် အတူတကွတင်ထားသည်ကို တွေ့ရသည်။
တပ်မတော်နှင့်ဆိုင်သည့် အကြောင်းအရာများဖော်ပြနေသည့် ထို Facebook စာမျက်နှာများသည် တပ်မတော်က အမှန်တကယ်အသုံးပြုနေသည့် စာမျက်နှာများဟုတ်မဟုတ် အတည်ပြုနိုင်ရန် တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ထံ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။
အသစ်ဖွင့်လှစ်ထားသည့် ထို Facebook စာမျက်နှာများအနက် တချို့တွင် ဖုန်းနံပါတ်များပါ တင်ထားသည်ကို တွေ့ရပြီး ဆက်သွယ်မေးမြန်းကြည့်ရာတွင် ‘တပ်မတော်နှင့် စစ်သတင်းများ’ Facebook စာမျက်နှာမှ ဖုန်းနံပါတ်ကိုသာ ဆက်သွယ်ရခဲ့ပြီး ကျန်ဖုန်းနံပါတ်များကို ဆက်သွယ်မရခဲ့ပေ။

တပ်မတော်နှင့် စစ်သတင်းများ Facebook စာမျက်နှာမှ ဖုန်းနံပါတ်ကို ဆက်သွယ်သည့်အခါ လက်ခံဖြေကြားသူမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မွန်ပြည်နယ်မှ ရဲဒုတပ်ကြပ် မျိုးမင်းလတ်ဆိုသူဖြစ်ပြီး ထို Facebook စာမျက်နှာနှင့် ပတ်သက်၍ သူမသိကြောင်း ဖြေကြားခဲ့သည်။
“တပ်ထဲက မဟုတ်ဘူးခင်ဗျ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မွန်ပြည်နယ်က။ မသိဘူးခင်ဗျ ကျနော် ဝင်တောင်မဝင်ကြည့်ရသေးဘူး” ဟု ၎င်းက ပြောသည်။
အမုန်းတရားဖြန့်ဝေမှုများကို တားဆီးရန်ဆိုကာ တပ်မတော်၏ တရားဝင် Facebook စာမျက်နှာများအပြင် တပ်မတော်နှင့် ပတ်သက်ဆက်နွှယ်နေသည့် စာမျက်နှာပေါင်း ၄၂ ခုနှင့် အကောင့် (Account) ၁၈ ခုကို Facebook တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ပထမအကြိမ် ဖယ်ရှားခဲ့သည်။
ထို့နောက် Coordinated Inauthentic Behavior (CIB – တမင်တကာဖန်တီးပြုလုပ်ထားသည့်အကောင့်များ) ဟုဆိုကာ တပ်မတော်နှင့်ဆိုင်သော အခြား Facebook စာမျက်နှာ ၁၃ ခု၊ အကောင့် ၁၀ ခုကို ၂၀၁၈ အောက်တိုဘာလတွင် ဒုတိယအကြိမ်၊ စာမျက်နှာ ၄၂၅ ခုနှင့် အကောင့် ၁၅ ခုကို ဒီဇင်ဘာလတွင် တတိယအကြိမ်ဖယ်ရှားခဲ့သည်။

တပ်မတော်နှင့် ပတ်သက်ဆက်နွှယ်သည့် စာမျက်နှာများနှင့် အကောင့်များကို Facebook က ဖယ်ရှားခဲ့ပြီးနောက် တပ်မတော်ကို အားပေးထောက်ခံသူများက ရုရှားအခြေစိုက် VK လူမှုကွန်ရက်ကို ပြောင်းလဲအသုံးပြုရန် လှုံ့ဆော်ခဲ့ကြသည်။
သို့သော် မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ပိုများလာခဲ့ပြီး လူမှုကွန်ရက်မီဒီယာများကိုစောင့်ကြည့်နေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Napoleoncat အဖွဲ့၏ ၂၀၂၀ ဇူလိုင်လအထိ အချက်အလက်များအရ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ၂၈ သန်းကျော်အထိ ရှိနေသည်။
တပ်မတော်အနေဖြင့် သတင်းပြန်ကြားရေးအတွက် Facebook ပြန်လည်အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်ဟု တပ်မတော်တာဝန်ရှိသူတစ်ဦးက ဇွန် ၈ တွင် သတင်းမီဒီယာများကို အသိပေးခဲ့သည်။ လက်ရှိတွင် တပ်မတော်၏ တရားဝင် Facebook စာမျက်နှာများမှာ “တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့” နှင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းအမည် ‘ဇော်မင်းထွန်း’ ဖြင့် ဖွင့်လှစ်ထားသည်။

မည်သူမဆို Facebook ၏ လူမှုကွန်ရက်စံနှုန်းများကို ချိုးဖောက်ခြင်းမရှိပါက အကောင့်ဖွင့်လှစ် အသုံးပြုနိုင်သည်ဟု ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ပြည်တွင်းရှိ သတင်းမီဒီယာများနှင့် အွန်လိုင်းတွေ့ဆုံပွဲတွင် Facebook တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“Facebook ပလက်ဖောင်းပေါ်မှာ အကုန်လုံးကို တန်းတူညီမျှပဲ သုံးသပ်ပါတယ်။ အကောင့်တွေ စာမျက်နှာတွေ အကြောင်းအရာတွေကို သုံးသပ်တာ တန်းတူညီမျှပါပဲ။ ဘယ်သူမဆို တန်းတူညီမျှ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ Facebook ရဲ့ လူမှုကွန်ရက်စံနှုန်းတွေကို ချိုးဖောက်မယ်ဆိုရင် ဖယ်ရှားသွားမှာဖြစ်ပါတယ်” ဟု Facebook တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။